နယူးဒေလီ (မဇ္စျိမ)။ ။မြန်မာနိုင်ငံအပေါ် အမေရိကန်က စီးပွားရေး ပိတ်ဆို့ဒဏ်ခတ်မှု သက်တမ်း တနှစ် တိုးသည့်အပေါ် မြန်မာ့အရေး လေ့လာသူများအကြား ကွဲပြားသည့် အမြင်များ ထွက်ပေါ်လာသည်။
အမေရိကန်နှင့် ဥရောပသမဂ္ဂ (အီးယူ) က မြန်မာအပေါ် စီးပွားရေး ပိတ်ဆို့မှုများကို ပြန်လည်သုံးသပ်မည်ဟု ပြောဆိုနေချိန်တွင် အမေရိကန်က ယခုလို သက်တမ်းတနှစ် တိုးရာ၌ ပိုမိုထိရောက်စွာ ပြုလုပ်သင့်ကြောင်းနှင့် ထိရောက်မှု ရှိကြောင်း ပြောဆိုသူများ ရှိသလို၊ မလိုလားအပ်သည့် ပိတ်ဆို့မှုဟု ရှုမြင်သူလည်း ရှိသည်။
“ဖြစ်သင့်တဲ့ ပိတ်ဆို့မှုကတော့ တိုင်းပြည်ဘဏ္ဍာကို သူတို့အိတ်ကပ်ထဲ မတရားခိုးနေတဲ့ ထိပ်ဆုံးမှာရှိနေတဲ့ စစ်ဗိုလ်တွေရဲ့ ပိုက်ဆံအိတ်ကို Financial ထိနိုင်အောင်လုပ်၊ ဒါမှမဟုတ်လို့ရှိရင် သယံဇာတတွေကို သူတို့ အာဏာအတွက် သုံးနေတဲ့ ကဏ္ဍကို မဖြစ်ဖြစ်အောင် ပိတ်ပါ” ဟု မြန်မာ့အရေး ပြည်ပအခြေစိုက် လှုပ်ရှားမှုများတွင် ထိပ်တန်းမှ ပါဝင်ခဲ့သော Free Burma Coalition ၏ ဦးဆောင်သူ ဒေါက်တာမောင်ဇာနည်က ပြောသည်။
ပြည်တွင်း စီးပွားရေးကျွမ်းကျင်သူ တဦးကမူ ယခုလို ပိတ်ဆို့မှုသက်တမ်း ထပ်မံတိုးချဲ့လိုက်ခြင်းအပေါ် ကြိုဆိုလိုက်ပြီး၊ စစ်အစိုးရထိပ်ပိုင်းများနှင့် သူတို့၏ စီးပွားရေးလုပ်ငန်းများကို အထိုက်အလျှောက် ထိခိုက်ကြောင်း ယခုလို ပြောသည်။
“ပိတ်ဆို့မှုက သူ (အမေရိကန်) လုပ်သင့်တယ်ထင်လို့ လုပ်တာပဲ။ မလုပ်ထားလို့ကတော့ မဖြစ်ဘူး။ ထိရောက်တယ်လို့ ကျနော်ထင်တယ်။ ထိပ်ပိုင်းခေါင်းဆောင် ပုဂ္ဂိုလ်တွေကို ထိတာရှိတယ်။ ဒါကြောင့် စစ်အစိုးရက ပိတ်ဆို့မှု မလုပ်ပါနဲ့လို့ ခဏခဏ ပြောထွက်နေတာပေါ့” ဟု သူက ပြောသည်။
ထိရောက်သည့် ပိတ်ဆို့မှုဖြစ်ရန်မှာ အိမ်နီးချင်းနိုင်ငံများဖြစ်သည့် ထိုင်း၊ တရုတ်နှင့် အိန္ဒိယနိုင်ငံတို့၏ ပူးပေါင်းဆောင်ရွက်မှု လိုအပ်ကြောင်းလည်း သူက ဆိုသည်။
၂ဝဝ၇ ခုနှစ်မှစတင်ကာ အမေရိကန်နိုင်ငံက မြန်မာနိုင်ငံအပေါ် စီးပွားရေးအရ ပိတ်ဆို့အရေးယူမှု စတင်ပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုနှင့် မြန်မာ့ထုတ်ကုန်များကို အမေရိကန်သို့ တင်ပို့မှု ပိတ်ပင်ခဲ့သည်။
စစ်အစိုးရ ခေါင်းဆောင်ပိုင်းနှင့် သူတို့မိသားစုများဝင်များ၊ စစ်အစိုးရနှင့် ပေါင်းသင်းကာ စီးပွားဖြစ်ထွန်းနေသူ လုပ်ငန်းရှင်များကို အမေရိကန်နှင့် အီးယူနိုင်ငံများတွင် ဝင်ထွက်သွားလာခွင့် ဗီဇာများ ပိတ်ပင်ခဲ့သည်။
ဧပြီလအတွင်း အီးယူက စီးပွားရေးပိတ်ဆို့မှုကို ထပ်မံ၍ သက်တမ်း တနှစ် တိုးခဲ့ရာတွင် စစ်အစိုးရအရာရှိ ဦးရေ ၅ဝဝ နှင့် ၎င်းတို့၏ မိသားစုဝင်များ၊ စစ်အစိုးရနှင့် စီးပွားရေး ပူးပေါင်းလုပ်ကိုင်သူ လုပ်ငန်းရှင်ပေါင်း ၈ဝ ဦးခန့်ကို ပိတ်ဆို့မှုလုပ်ခဲ့သည်။
၂ဝဝ၇ ခုနှစ် စက်တင်ဘာလအတွင်းက ဖြစ်ပွားခဲ့သည့် ရွှေဝါရောင်တော်လှန်ရေးတွင် ဆန္ဒပြသူများကို စစ်အစိုးရက အကြမ်းဖက် နှိမ်နှင်းခဲ့သည့်အတွက် အနည်းဆုံး လူ ၃ဝ သေဆုံးခဲ့သည့်အပေါ် တုံ့ပြန်သည့်အနေဖြင့် အမေရိကန်နိုင်ငံက ၂ဝဝ၈ နှစ် ဇူလိုင်လတွင် JADE ခေါ် Junta Anti-Democratic Effort –ဆန့်ကျင်ပိတ်ဆို့ခြင်း ဥပဒေတရပ်ကို ပြဋ္ဌန်းကာ ထုတ်ပြန်ကြေညာခဲ့သည်။
အမေရိကန်နှင့် ဥရောပနိုင်ငံများထံ ကျောက်မျက် တင်ပို့မှုနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းများကို ပိတ်ဆို့ အရေးယူမှုဟု လူသိများသည့် အဆိုပါ ဥပဒေကို ၂ဝဝ၈ ခုနှစ် စက်တင်ဘာလ ၂၇ ရက်နေ့တွင် စတင်၍ လက်တွေ့ ကျင့်သုံးခဲ့သည်။
ဗြိတိန်နိုင်ငံ အခြေစိုက် Burma Campaign အဖွဲ့က ၂ဝဝ၈ ခုနှစ်၊ ဇူလိုင်လအတွင်းက စစ်အစိုးရနှင့် ပူးတွဲလုပ်ကိုင်နေသည့် အာမခံကုမ္ပဏီ စုစုပေါင်း ၁၆ ခု ဖြစ်သော Hannover RE, Catlin, Atrium, XL, ARIG, Tokio Marine, Sompo Japan and Mitsui Sumitomo, QBE, ACE, Labuan Re, OCBC Bank စသည့် အမည်စာရင်းကို ပြုစုကာ နာမည်ပျက်စာရင်းတွင် ထည့်သွင်းခဲ့သည်။
သို့သော် လက်ရှိ ပြင်သစ်နိုင်ငံပိုင် TOTAL နှင့် Chevrolet ကုမ္ပဏီတို့သည် ယနေ့ထိတိုင် မြန်မာနိုင်ငံတွင် လုပ်ငန်းလည်ပတ်နေဆဲ ဖြစ်သည်။
TOTAL ကုမ္ပဏီသည် မြန်မာနိုင်ငံတောင်ပိုင်းတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ တူးဖော်နေရာ နှစ်စဉ် အမေရိကန်ဒေါ်လာ သန်းပေါင်း ၂ဝဝ မှ သန်း ၄၅ဝ အကြား စစ်အစိုးရက ပုံမှန်ရရှိနေကြောင်း Burma Campaign For UK က ထောက်ပြထားသည်။
အမေရိကန် ပိတ်ဆို့မှုသည် တစိတ်တဒေသ အားဖြင့်သာ အောင်မြင်မှု ရှိနေသည့်အတွက် စစ်အစိုးရကို ပုံမှန် ဝင်ငွေ လည်ပတ်ပေးနေသည့် ထိုကုမ္ပဏီများကို အပြီးအပိုင် ရုပ်သိမ်းသင့်ကြောင်း ဒေါက်တာ မောင်ဇာနည်က ယခုလို ပြောသည်။
“တခြားကုမ္ပဏီတွေ ရုပ်သိမ်းသွားပေမယ့် TOTAL နဲ့ Chevrolet ကုမ္ပဏီတို့လို အစိုးရဝင်ငွေတွေကို ဆက်လက်မြဲစေနိုင်တဲ့ ဒီကုမ္ပဏီ ၂ ခုကို ဘာ့လို့ အခုထိ ဆွဲမထုတ်ဘဲနဲ့ ဆက်ထားနေတာလဲ။ သူတို့ကိုပါ ရုပ်သိမ်းသင့်တယ်” ဟု သူက ပြောသည်။
သို့သော် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံသည့် ကုမ္ပဏီများ ထွက်ခွာသွားသည့်အတွက် အလုပ်လက်မဲ့များ တိုးပွားလာနေကာ စစ်အစိုးရကို ထိခိုက်နှစ်နာခြင်းမရှိဘဲ လူထုကိုသာ တိုက်ရိုက် အကျိုးသက်ရောက်မှုရှိကြောင်း ပိတ်ဆို့မှုကို ရုပ်သိမ်းပေးရန် တောင်းဆိုနေသည့် ပြည်တွင်းအဖွဲ့အစည်း တချို့က ပြောသည်။
“ဒီပိတ်ဆို့ရေးက အင်မတန် လူသားချင်း စာနာမှုကင်းတဲ့ လုပ်ရပ်လို့ မြင်တယ်။ အစိုးရတခု ပြောင်းလဲဖို့ ဒီပိတ်ဆို့ရေးကို လက်နက်တခုလို အသုံးချတာကို မကြိုက်ဘူး။ အပြုသဘောဆန်တဲ့ ဆက်ဆံခြင်းမျိုး တိုးမြှင့်ဖို့လို့ လိုတယ်” ဟု ပိတ်ဆို့အရေးယူရေးကို ရုပ်သိမ်းပေးရန် တောင်းဆိုနေသည့် အဖွဲ့ဝင်တဦးဖြစ်သူ ကိုအောင်ခိုင်ဝင်းက ပြောသည်။
စစ်အစိုးရနှင့် နီးစပ်သည့် အဖွဲ့တခုဖြစ်သော ၈၈ မျိုးဆက်သစ် ကျောင်းသားလူငယ်အဖွဲ့ (ပြည်ထောင်စု မြန်မာနိုင်ငံ) မှ ခေါင်းဆောင်တဦးဖြစ်သူ ကိုအေးလွင်က ယခုလို ပိတ်ဆို့အရေးယူမှု သက်တမ်းတနှစ် တိုးလိုက်သည့် အမေရိကန်၏ ဆုံးဖြတ်ချက်သည် မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို အထောက်အကူ မပြုသည့်အပြင် အမေရိကန်က မြန်မာနိုင်ငံအပေါ် သြဇာလွှမ်းမိုးမှု မြဲမြံအောင် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ပြောသည်။
“ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်ဒီ ဘက်မှာ ရပ်ပြတယ်ဆိုတာလောက်ကို ပြသချင်တဲ့ သဘောပါပဲ” ဟု သူက ပြောဆိုသည်။
ပိတ်ဆို့မှု ရုပ်သိမ်းရန် လှုပ်ရှားခဲ့သည်မှာ မအောင်မြင်ခဲ့သော်လည်း ဆက်လက်၍ အမျိုးသားရေးအသွင်ဖြင့် လှုပ်ရှားသွားမည်ဟု သူက ဆိုသည်။
မြန်မာနိုင်ငံ စီးပွားရေးကျပ်တည်းခြင်းသည် ပိတ်ဆို့မှုများကြောင့် မဟုတ်ဘဲ အခြေခံ ယန္တရား လည်ပတ်မှုနှင့် ဝန်ဆောင်မှုများတွင် အဓိက အားနည်းနေသည့်အတွက် ဖြစ်ကြောင်း ပြည်တွင်းရှိ စီးပွားရေး ပညာရှင်က ယခုလို ပြောသည်။
''ဥပမာ - လျှပ်စစ်မီး။ တချို့လုပ်ငန်းဆိုရင် တမိနစ်လေးတောင် ပြတ်လို့ မဖြစ်ဘူး။ ကွန်ပြူတာနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံမှာ လုပ်လို့ မရဘူး။ မီးပုံမှန်လေး မဖြစ်တဲ့အတွက် လုပ်ငန်းတွေ မလည်ပတ်နိုင်တာ၊ ထိခိုက်နစ်နာမှုတွေ ရှိနေတယ်” ဟု သူက ပြောသည်။