ရွှေလီ (မဇ္ဈိမ) ။ ။ ရှမ်းပြည် (မြောက်ပိုင်း) နမ့်ခမ်းမြို့နယ် မန်တပ်ကျေးရွာအနီး တည်ဆောက်နေသည့် ရွှေလီ အမှတ် ၁ ရေအားလျှပ်စစ် စီမံကိန်း ဖွင့်ပွဲအခမ်းအနားကို မနက်ဖြန်တွင် ပြုလုပ်မည် ဖြစ်သည်။
အခမ်းအနားသို့ စစ်ဖက် ထိပ်တန်း ခေါင်းဆောင်များနှင့်ဝန်ကြီးများ တက်ရောက်မည်ဟု သိရှိရပြီး၊ ယခုအခါ လုံခြံုရေးလည်း ထူထပ်စွာ ချထားသည်။
“ရပ်ကွက် - ရယက ဥက္ကဋ္ဌတွေကို ရပ်ကွက်အလိုက် နေရာယူရမယ့် အပိုင်းတွေကိုတော့ သွားခေါ်ပြထားပြီးပြီ်။ အဲဒီ ရေအားလျှပ်စစ်နားမှာပဲ ဘယ်ရပ်ကွက်က ဘယ်နေရာပေါ့။ အဲလို လုပ်ထားပြီးပြီ။ ရပ်ကွက်တွေကတော့ တရပ်ကွက်ကို အယောက် ၅ဝ၊ ရွာတွေကတော့ တအိမ်တယောက် သွားအားပေးရမယ်လို့ ပြောထားတယ်” ဟု နမ့်ခမ်း ဒေသခံတဦးက မဇ္ဈိမကို ပြောသည်။
ရေအားလျှပ်စစ် တည်ရှိမည့် နေရာသည် နမ့်ခမ်းမြို့မှ ၂ နာရီခွဲကျော် သွားရသဖြင့် ဖွင့်ပွဲနေ့တွင် နံနက် ၃ နာရီခန့်တွင် ရပ်ကွက်များမှ စတင်ထွက်ခွာရမည် ဖြစ်သည်။
အခမ်းအနားသို့ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်း(Kunming)မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ ကောင်စစ်ဝန် ဦးမျိုးတင့်လည်း တက်ရောက်ရန်အတွက် ယခုအခါ ရွှေလီမြို့တွင် ရောက်ရှိနေသည်။
ရွှေလီ အမှတ် ၁ ရေအားလျှပ်စစ် စီမံကိန်း တည်ဆောက်ရာတွင် အဓိက ပါဝင်သည့် တရုတ်ကုမ္ပဏီ YMEC (yunnan machinery & equipment import & export co.ltd) က ရေအားလျှပ်စစ် စီမံကိန်းသည် ယခုနှစ် ဇွန်လ ၃ဝ ရက်နေ့တွင် ပြီးဆုံးမည်ဖြစ်ကာ၊ သြဂုတ်လကုန်ပိုင်းတွင် လျှပ်စစ်မီး စတင်ဖြန့်ဝေနိုင်မည်ဟု ခန့်မှန်းခဲ့ကြသည်။