ချင်းမိုင် (မဇ္စျိမ)။ ။ ချဲစာရွက် လက်ဝယ်တွေ့သည်ဟု စွပ်စွဲကာ တွံတေးမြို့နယ် အန်အယ်ဒီ လူငယ်တာဝန်ခံ (၁) ကိုရဲထွဋ်ခေါင်အား တွံတေးမြို့နယ် ရဲများက ယနေ့၌ နေအိမ်တွင် လာရောက် ဖမ်းဆီးသွားကြောင်း တွံတေးမြို့နယ် အန်အယ်ဒီ တာဝန်ခံများက ပြောသည်။
နံနက် ၁၁ နာရီခန့်တွင် ရဲနယ်ထိန်း ဝင်းထွဋ်ထွဋ်ဦး ဦးဆောင်သည့် အဖွဲ့က ကိုရဲထွဋ်ခေါင်ကို ချဲစာရွက်များ တွေ့သည်ဟု အကြောင်းပြ၍ ဖမ်းဆီးသွားခြင်း ဖြစ်ကြောင်း မြို့နယ် အန်အယ်ဒီ ပါတီ တာဝန်ရှိသူများက ပြောဆိုလိုက်ခြင်း ဖြစ်သည်။
“ဒီနေ့ ၁၁ နာရီ ၁၅ မိနစ်လောက်က ကိုရဲထွဋ်ခေါင် အိမ်ကို နယ်ထိန်းခေါင်းဆောင်တဲ့ အဖွဲ့ကနေ သွားတယ်။ အရှေ့ကလည်း ပိတ်တယ်။ အနောက်ကလည်း ပိတ်တယ်။ ပြီးတော့ အိမ်ပေါ်တက်သွားပြီး လက်ထိပ်ခတ်ပြီးတော့ ချဲစာရွက်တွေ တွေ့လို့တဲ့ လက်မှတ်ထိုးရမယ်ဆိုပြီး အဓမ္မ လက်မှတ်ထိုးခိုင်းတယ်” ဟု တွံတေးမြို့နယ် အန်အယ်ဒီ စည်းရုံးရေးကော်မတီ တွဲဘက် အတွင်းရေးမှူး ကိုဇော်မင်းထွန်းက မဇ္စျိမကို ပြောသည်။
ကိုရဲထွဋ်ခေါင်က သူသည် ချဲနှင့် မပတ်သက်သည့်အပြင် ချဲစာရွက်များလည်း လက်ဝယ်မရှိခြင်းကြောင့် လက်မှတ်ထိုးရန် ငြင်းဆိုခဲ့ကြောင်းနှင့် သူ့အား ခေါ်ဆောင်သွားသည့် ရဲစခန်းသို့ ထမင်းပို့ဆောင်ခြင်း၊ သွားရောက်တွေ့ဆုံခြင်းတို့ကို စခန်းမှူးဦးမြင့်ကျော်က ပိတ်ပင်ထားကြောင်း သိရသည်။
ပြီးခဲ့သည့်လ ၂၈ ရက်နေ့၌ နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေး ဆုတောင်းပွဲ ပြုလုပ်သဖြင့် အဖမ်းခံထားရသော မြို့နယ် စည်းရုံးရေးအဖွဲ့ဝင် ဦးအောင်စိုးဝေနှင့် တွံတေးမြို့နယ် အန်အယ်ဒီ ဒုဥက္ကဋ္ဌ ဦးချစ်ဖေတို့အား ရုံးထုတ်စဉ်က ရဲနယ်ထိန်း ဝင်းထွဋ်ထွဋ်ဦးနှင့် ကိုရဲထွဋ်ခေါင်တို့ တရားရုံး၌ စကားများခဲ့ရာမှ ခြိမ်းခြောက်ခံခဲ့ရသေးသူ ကိုရဲထွဋ်ခေါင်သည် ချဲကိစ္စနှင့် ကင်းရှင်းကြောင်း ကိုဇော်မင်းထွန်းက ပြောသည်။
“အာဏာပိုင် အဖွဲ့အစည်းတွေက မမှန်ကန်တာတွေ ဆောင်ရွက်တာတွေကို သူက လိုက်ပြီး ကူညီသူဖြစ်တယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် လက်မှတ်လိုက်ထိုးပြီးတော့ တင်ပြတာတွေ ရှိတယ်။ ဝတ်ပြုဆုတောင်းတာတို့ ဘာတို့ရှိတယ်။ တွံတေးမြို့မှာ တက်တက်ကြွကြွ လှုပ်ရှားနေတဲ့ နိုင်ငံရေးပါတီက လူငယ် တာဝန်ခံ ခေါင်းဆောင်လည်းဖြစ်တယ်။ ဒါကြောင့် အညှိုးအတေးထားပြီး ဖမ်းတာလို့ ကျနော်တို့ထင်တယ်” ဟု သူက ပြောသည်။
ကိုရဲထွဋ်ခေါင် ဖမ်းဆီးခံရမှုနှင့် ပတ်သက်၍ သူ၏ ဇနီးဖြစ်သူ မမေမျိုးစုမှာမူ ရန်ကုန် အန်အယ်ဒီ ရုံးချုပ်သို့ သွားနေသဖြင့် မသိရှိသေးကြောင်းလည်း သူက ပြောသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ အကျိုးအကြောင်း သိနိုင်ရန် တွံတေးမြို့နယ်ရဲစခန်းသို့ ဆက်သွယ်သော်လည်း ဆက်သွယ်၍မရပါ။
ကိုရဲထွဋ်အမှုနှင့်ပတ်သက်၍ ဥပဒေအကျိုးဆောင်ပေးမည်ဖြစ်ကြောင်းနှင့် ယခုလို ဖမ်းဆီးခြင်းသည် တွံတွေးမြို့နယ်အတွင်း၌ နိုင်ငံရေးနှင့် လူမှုရေးလှုပ်ရှားသူများကို တဖဲ့ချင်းဖဲ့နေခြင်း ဖြစ်ကြောင်း တွံတွေးမြို့နယ် အန်အယ်ဒီ ဥက္ကဋ္ဌ ဖြစ်သူ ရှေ့နေ ဦးကျင်တိုးက မဇ္စျိမကို ပြောသည်။
“ဒီမြို့နယ်မှာ အန်အယ်ဒီ လူကြီးနဲ့ လူငယ်တွေက စုပေါင်းပြီး ဆောင်ရွက်ကြတယ်လေ။ နှိပ်စက်တာ၊ မတရားပြုခံရသူတွေကို ကျနော်တို့က ဝိုင်းကူညီကြတယ်။ ဥပဒေအတွင်းကနေ ဆောင်ရွက်ပေးတယ်။ အဲဒါကြောင့် သက်ဆိုင်ရာတွေကို စစ်ဆေးတာ ရှိတယ်။ စုံစမ်းအရေးယူတာ ရှိတယ်။ အဲဒီတော့ အာဏာပိုင်တွေ ရပေါက်ရလမ်းတွေ ပိတ်တယ်။ အဲဒါအပြင် နိုင်ငံရေးလှုပ်ရှားမှုက ဒီမှာ အရှိန်အဟုန်လေး ရှိလာတော့ အပေါ်ကနေပြီးတော့ သူတို့ကို ကြိမ်းမောင်းတယ်လို့ ကြားရတယ်ဗျ။ အဲဒီတော့ ကျနော်တို့ မြို့နယ်မှာရှိတဲ့ လှုပ်ရှားမှုရှိတဲ့လူတွေကို နိုင်ငံရေးအရ တဖဲ့ချင်းဖဲ့နေတဲ့ သဘောပေါ့ဗျာ” ဟု ဦးကျင်တိုးက ဆိုသည်။
ရှေ့နေ ဦးကျင်တိုးသည် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် တွံတေးမြို့နယ် ဇီးဖြူကုန်းရွာရှိ ဖက်တရာ သမိုင်းဝင် စေတီတော်ကြီးတွင် ပြီးခဲ့သည့်လက ဆုတောင်းပွဲပြုလုပ်ခဲ့သဖြင့် ဖမ်းဆီးခံထားရသော တွံတေးမြို့နယ် အန်အယ်ဒီ ဒုဥက္ကဋ္ဌ ဦးချစ်ဖေ၊ စည်းရုံးရေးအဖွဲ့ဝင် ဦးအောင်စိုးဝေတို့ အမှုအတွက်လည်း အကျိုးဆောင်ပေးနေသူလည်း ဖြစ်သည်။
သူတို့နှစ်ဦးအား သာသနာတော် ညှိုးနွမ်းစေရန် ပြုလုပ်မှုဖြင့် တရားစွဲဆိုခဲ့ပြီး ယခုလ ၅ ရက်နေ့က ဒုတိယအကြိမ် ရုံးထုတ်ရာ သံလျင်ခရိုင် သာသနာရေး ဦးစီးဌာနမှ လက်ထောက်ဦးစီးမှူး ကိုယ်တိုင် တရားလိုအဖြစ် အစစ်ဆေးခံခဲ့သည်။