ချင်းမိုင် (မဇ္ဈိမ)။ ။ ပဲခူးမြို့ ဖိုးရွှေလ အထည်ချုပ် စက်ရုံမှ အလုပ်ထုတ်လိုက်သည့် အလုပ်သမ ၁ဝ ဦး၏ လျော်ကြေးငွေ ကိစ္စကို အလုပ်သမား ဝန်ကြီးဌာန ညွန်ကြားရေးမှူးချုပ် ဦးစိုးညွန့် ကိုယ်တိုင် ယနေ့ လာရောက် ဖြေရှင်းပေးခဲ့သည်။
ဤသည်မှာ အလုပ်သမား ဝန်ကြီးက ညွန်ကြားလိုက်သဖြင့် လာရောက် ဖြေရှင်းခြင်း ဖြစ်ကြောင်း သိရသည်။
အလုပ်သမားခံစားခွင့် ဥပဒေအရ အလုပ်ထုတ်ခံရသည့် ၁ဝ ဦးကို တဦးလျှင် ၄၇၀၀၀ ကျပ်စီ ပေးအပ်စေခဲ့သည်။
လက်ရှိ အလုပ်သမား ဥပဒေအရ လုပ်သက် တနှစ်ပြည့်ပါက ၃ လစာ နစ်နာကြေး ခံစားခွင့် ရှိသော်လည်း လုပ်သက်တနှစ် မပြည့်ပါက တလစာသာ ခံစားခွင့် ရှိကြောင်း သိရသည်။
“ကောင်းကောင်းမွန်မွန် ရှင်းပြပြီးတော့ ဥပဒေ လမ်းကြောင်းအတိုင်း လုပ်ပေးသွားတဲ့အတွက် သမီးတို့ဘက်က ကျေနပ်ပါတယ်” ဟု အလုပ်ထုတ်ခံရသူ မခင်ငြိ်မ်းချမ်းက ပြောသည်။
အလုပ်သမားဝန်ကြီးဌာန ညွန်ကြားရေးမှူးချုပ် ဦးစိုးညွန့်နှင့်အတူ ပဲခူးမြို့နယ် မယက၊ မီးသတ်တို့မှ လာရောက် ဖြေရှင်းပေးခဲ့ခြင်း ဖြစ်သည်။
အသက် ၂၀ နှစ်မှ ၃၀ နှစ်အကြားရှိ အလုပ်သမ ၁၀ ဦး စလုံးမှာ ပဲခူးမြို့နယ်အတွင်းရှိ ကျေးရွာများမှ လာရောက်လုပ်ကိုင်သူများ ဖြစ်ကြသည်။
ပြီးခဲ့သည့်လ ၂၅ ရက် ဖိုးရွှေလ အထည်ချုပ် စက်ရုံမှ သူတို့ကို အလုပ်ထုတ်ခဲ့သည်။
စက်ရုံ မန်နေဂျာက လစာအပြည့် ပေးမည်ဆိုကာ အလုပ်ထုတ်ခဲ့သော်လည်း ယမန်နေ့က လစာထုတ်ပေးရန် ချိန်းဆိုရက်တွင် သတ်မှတ်ငွေ အပြည့် မရခဲ့ပေ။
စက်ချုပ်သမ တဦးလျှင် လစာငွေ ကျပ် ၁၉၀၀၀ ရရှိပြီး၊ အလုပ်သမားများ ရပိုင်ခွင့်အားဖြင့် ၃ ဆ ပေးချေရမည် ဖြစ်သဖြင့် တဦးလျှှင် ၅၇၀၀၀ (၅ သောင်း ရ ထောင်) ကျပ် ရရှိရန် သူတို့က အလုပ်သမားရုံးသို့ အရေးဆိုကြသည်။
ပဲခူးတိုင်း ညွှန်ကြားရေးမှူးက မနက်ဖြန် (ယနေ့) ညနေ ၃ နာရီတွင် ပြန်လာရန် သူတို့ကို ချိန်းဆိုခဲ့ရာမှ ယနေ့တွင် အလုပ်သမားရေးရာ ဝန်ကြီးဌာန ညွှန်ချုပ်ကိုယ်တိုင် လာရောက် ဖြေရှင်းပေးခြင်း ဖြစ်သည်။
အလုပ်သမများက စက်ရုံက ပေးသည့် လျော်ကြေးကို မကျေနပ်ဘဲ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် - ILO သို့ တိုင်ကြားရန် ပြင်ဆင်နေချိန်တွင် ယခုလို ပြေလည်မှု ရရှိခဲ့ခြင်း ဖြစ်သည်။