နိုင်ငံတကာ ရာဇဝတ်ခုံရုံးတွင် တရားစွဲသင့်ဟု BLC ပြောကြား

နိုင်ငံတကာ ရာဇဝတ်ခုံရုံးတွင် တရားစွဲသင့်ဟု BLC ပြောကြား
by -
မုံပီး
လူမဆန်စွာ ညှဉ်းပန်းနှိပ်စက်မှုများ အပါအဝင် ကျူးလွန်ခဲ့သော ရာဇဝတ်မှုများအတွက် မြန်မာ စစ်ဗိုလ်ချုပ်များအား နိုင်ငံတကာ ရာဇဝတ်ခုံရုံးတွင် တရားစွဲနိုင်ရန်အတွက် အထောက်အထားနှင့် အချက်အလက်များကို စုဆောင်းနေပြီဟု မြန်မာနိုင်ငံ ရှေ့နေများ ကောင်စီက ပြော ...

နယူးဒေလီ (မဇ္စျိမ) ။     ။ လူမဆန်စွာ ညှဉ်းပန်းနှိပ်စက်မှုများ အပါအဝင် ကျူးလွန်ခဲ့သော ရာဇဝတ်မှုများအတွက် မြန်မာ စစ်ဗိုလ်ချုပ်များအား နိုင်ငံတကာ ရာဇဝတ်ခုံရုံးတွင် တရားစွဲနိုင်ရန်အတွက် အထောက်အထားနှင့် အချက်အလက်များကို စုဆောင်းနေပြီဟု မြန်မာနိုင်ငံ ရှေ့နေများ ကောင်စီက ပြောသည်။   

စစ်အစိုးရမှ တိုင်းသူပြည်သားများအပေါ် ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများအတွက် အမှုဖွင့်၍ တရားစွဲရန် လမ်းစများ ရှာဖွေနေကြောင်း ယနေ့ ပြောကြားခြင်း ဖြစ်သည်။

“မြန်မာပြည်သူလူထုအပေါ် စစ်အာဏာရှင်တွေရဲ့ ရက်စက်တဲ့ အပြုအမူတွေအတွက် သူတို့ကို ဘယ်လို တရားစွဲနိုင်မလဲဆိုတဲ့ နည်းလမ်းတွေကို ကျနော်တို့ ရှာဖွေနေပါတယ်” ဟု မြန်မာနိုင်ငံရှေ့နေများကောင်စီ - BLC ဥက္ကဋ္ဌ ဦးသိန်းဦးက မဇ္ဈိမကို ပြောသည်။

BLC ကို ပြည်ပရောက် မြန်မာရှေ့နေများဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။

စစ်အစိုးရအား နိုင်ငံတကာ ရာဇဝတ်ခုံရုံး - ICC တင်ရန် နည်းလမ်းရှာဖွေသည့် အဆင့်တဆင့် အနေဖြင့်၊ BLC သည် IFDH ခေါ် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး အဖွဲ့ကြီးနှင့်အတူ နိုင်ငံတကာရေးရာ ကျွမ်းကျင်သူများ၊ မြန်မာ့အရေး တက်ကြွစွာ လှုပ်ရှားသူများနှင့် အခြား သူများကို ဖိတ်ခေါ်ပြီး ၂ ရက်ကြာ ဆွေးနွေးပွဲကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ကျင်းပခဲ့သည်။

“ဒီဆွေးနွေးပွဲဟာ မြန်မာနိုင်ငံမှာ ခံစားနေရတဲ့ ပြည်သူတွေအတွက် တရားမျှတမှုကို အကောင်းဆုံး ဘယ်လို ရရှိနိုင်မလဲနဲ့ ဒီ ရက်စက်ကြမ်းကြုတ်တဲ့ စစ်အာဏာရှင်တွေကို နိုင်ငံတကာ မိသားစုအနေနဲ့ ဘယ်လို အရေးယူ ဆောင်ရွက်နိုင်မလဲဆိုတာကို ဝိုင်းဝန်းအဖြေရှာတဲ့ ဆွေးနွေးပွဲပါ” ဟု ဦးသိန်းဦးက ပြောသည်။

မြန်မာစစ်အာဏာရှင်များအား ICC သို့ တင်ရန် လှုံ့ဆော်သည့် လှုပ်ရှားမှုကို ရှင်းလင်းကွဲပြားခြင်း မရှိသော စိတ်ကူးဖြင့် BLC က လွန်ခဲ့သော ၂ နှစ်ကတည်းက စတင်ခဲ့ခြင်း ဖြစ်သည်။ ယခုအခါ ထိုစိတ်ကူးသည် ပိုမို အားကောင်းလာခဲ့ပြီး နိုင်ငံတကာ ကျွမ်းကျင်သူများ၏ စိတ်ဝင်စားမှုကို ဆွဲငှင်ယူနိုင်ပြီ ဖြစ်သည့်အပြင်၊ စစ်အုပ်စုကိုလည်း အလားတူ သတိပေးလိုက်ပြီ ဖြစ်သည်။

BLC နှင့် ၎င်း၏ မိတ်ဆွေ အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် တရားမဝင်သော အဖွဲ့အစည်းများ၊ ပုဂ္ဂိုလ်များ ဖြစ်ကြောင်း မြန်မာစစ်အစိုးရ၏ မြန်မာ့အလင်းသတင်းစာက ယခုလ ၁ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။

BLC နှင့် အဖွဲ့ဝင်များ၏ အပြုအမူများသည် နိုင်ငံတော် တည်ငြိမ်မှုကို ဘေးအန္တရာယ် ဖြစ်စေသောကြောင့် နိုင်ငံတော် အေးချမ်းသာယာရေး နှင့် ဖွံ့ဖြိုးရေးကောင်စီ - နအဖ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက BLC နှင့် အဖွဲ့ဝင်များအား တရားမဝင်ကြောင်း ကြေညာလိုက်သည်ဟု သတင်းစာထဲတွင် ဖော်ပြထားသည်။

မြန်မာစစ်အစိုးရ၏ ဤအပြုအမူသည် တိုက်ဆိုင်မှုတခု ဖြစ်နိုင်သော်လည်း၊ BLC ၏ ယခု လုပ်ဆောင်ချက်သည် ပိုမို၍ အရှိန်အဟုန် မြင့်တက်လာမည်ကို စစ်အစိုးရသည် ကြောက်လန့်နေကြောင်း မြန်မာစစ်တပ် အသိုင်းအဝိုင်းက မဇ္ဈိမကို ပြောသည်။

ဆွေးနွေးပွဲကျင်းပသည့် ယခုလ ၄ ရက်နှင့် ၅ ရက်နေ့တွင် ဘန်ကောက်မြို့ရှိ မြန်မာသံရုံးက ထိုင်းအစိုးရအား သံတမန်ရေးအရ ချဉ်းကပ်မှုများ ပြုလုပ်နေကြောင်း သတင်းရင်းမြစ်က ဆိုသည်။

မြန်မာစစ်အစိုးရသည် လူ့အခွင့်အရေး ကျူးလွန် ချိုးဖောက်မှုများကို ပြစ်ဒဏ်မခံရ ဟူသော အသိဖြင့် မည်သို့ ကျူးလွန်နေကြောင်းနှင့် သူတို့ ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများအတွက် မည်သို့ တာဝန်ရှိကြောင်း မြန်မာ့အရေး လှုပ်ရှားသူများနှင့် နိုင်ငံတကာရေးရာ ကျွမ်းကျင်သူများက ဆွေးနွေးပွဲတွင် ဆွေးနွေးကြသည်။

သို့ရာတွင် မြန်မာနိုင်ငံသည် ၂ဝဝ၂ ခုနှစ် ဇူလိုင်လတွင် ICC ကို တည်ထောင်ပေးခဲ့သည့် သဘောတူ စာချုပ်ဖြစ်သော ရောမ ဥပဒေကို သဘောတူ လက်မှတ်ရေးထိုးခဲ့ခြင်း မရှိသည့်အတွက်၊ ICC အနေဖြင့် မြန်မာပြည်အပေါ် စီရင်ဆုံးဖြတ်ပိုင်ခွင့် မရှိပေ။

မည်သို့ပင်ဆိုစေ၊ သဘောတူစာချုပ်၏ ပိုင်နက်နယ်မြေဆိုင်ရာ တရားစီရင်ပိုင်ခွင့်နှင့် သက်ဆိုင်သည့် ဥပဒေအပိုဒ် တခုအရ ကုလသမဂ္ဂ လုံခြံုရေးကောင်စီမှ ထိုသို့ ဆောင်ရွက်ရန် လွှဲအပ်ထားမှုအပေါ် အခြေခံပါက ICC အနေဖြင့် တရားစီရင်ပိုင်ခွင့် ရှိကြောင်း စာချုပ်က ခွင့်ပြုထားသည်။

“ကုလသမဂ္ဂ လုံခြံုရေးကောင်စီမှ ခုံရုံးသို့ လွှဲအပ်ထားသော အခြေအနေတရပ် အောက်တွင်” ဟူ၍ ခုံရုံးအနေဖြင့် တရားစီရင် ဆုံးဖြတ်ရန် ခွင့်ပြုကြောင်း ထို ဥပဒေအပိုဒ်က ဖွင့်ဆိုထားသည်။

“လုံခြံုရေးကောင်စီကနေ ICC ကို လက်လွှဲဖို့ဆိုတာ ချက်ချင်း ဖြစ်လာမှာတော့ မဟုတ်ဘူး။ ဒါပေမဲ့ အဲဒီအတွက် ကျနော်တို့ လှုံ့ဆော် စည်းရုံးမှု ကမ်ပိန်းတွေ လုပ်နေပါပြီ” ဟု ဦးသိန်းဦးက ဆိုသည်။

မြန်မာစစ်အစိုးရ၏ အပြုအမူများသည် ဒေသတွင်း ငြိမ်းချမ်းရေးနှင့် လုံခြံုရေးကို မည်သို့ ခြိမ်းခြောက်နေကြောင်း လုံခြံုရေးကောင်စီသို့ တင်သွင်းမည်ဟု သူက ပြောသည်။

မြန်မာစစ်တပ်သည် မြန်မာပြည်သူများ၏ အခွင့်အရေးကို စနစ်တကျ ချိုးဖောက်နေခြင်းကြောင့် ဒုက္ခသည်များနှင့် ရွှေ့ပြောင်းလုပ်သား အမြောက်အမြားသည် ပြည်ပသို့ ထွက်ခွာနေရသည်ဟု လူ့အခွင့်အရေးအဖွဲ့များက စစ်အစိုးရအား စွပ်စွဲထားသည်။

မြန်မာပြည် အရှေ့ပိုင်းဒေသများတွင် စစ်အစိုးရ၏ စစ်ရေးလှုပ်ရှားမှုများကြောင့် ပြည်သူ ထောင်ပေါင်းများစွာသည် အိုးမဲ့အိမ်မဲ့ ဖြစ်ကြရပြီး တောတွင်း၌ ပုန်းရှောင်နေကြရသည်။