လူထုကျန်းမာရေး စောင့်ရှောက်မှု အားနည်းခြင်းသည် ကပ်ရောဂါများကို ဖိတ်ခေါ်နေ

လူထုကျန်းမာရေး စောင့်ရှောက်မှု အားနည်းခြင်းသည် ကပ်ရောဂါများကို ဖိတ်ခေါ်နေ
by -
မုံပီး
နိုင်ငံခြား ခရီးသွားများမှတဆင့် ဝက်တုပ်ကွေး ရောဂါပိုးများ တိုင်းပြည်အတွင်း ဝင်မလာနိုင်အောင် ကာကွယ်ရန်အတွက် မြန်မာပြည်ရှိ အပြည်ပြည်ဆိုင်ရာ လေဆိပ်များတွင် ကျန်းမာရေး ဆေးစစ်ခန်းများ ထားရှိနေပြီ ...

နယူးဒေလီ (မဇ္ဈိမ)။     ။ နိုင်ငံခြား ခရီးသွားများမှတဆင့် ဝက်တုပ်ကွေး ရောဂါပိုးများ တိုင်းပြည်အတွင်း ဝင်မလာနိုင်အောင် ကာကွယ်ရန်အတွက် မြန်မာပြည်ရှိ အပြည်ပြည်ဆိုင်ရာ လေဆိပ်များတွင် ကျန်းမာရေး ဆေးစစ်ခန်းများ ထားရှိနေပြီ ဖြစ်သည်။

ဝက်တုပ်ကွေး ရောဂါသည် မက္ကဆီကိုနှင့် အမေရိကန် ပြည်နယ်တချို့တွင် အစုလိုက်အပြုံလိုက် စတင် ဖြစ်ပွားခဲ့ပြီးနောက်၊ မြန်မာနိုင်ငံ ကျန်းမာရေး ဝန်ကြီးဌာနသည် အပြည်ပြည်ဆိုင်ရာ လေဆိပ်များ၌ ဆေးစစ်ဆေးမှုများနှင့် သတိပေး နှိုးဆော်မှုများ ပြုလုပ်လိုက်ပြီဖြစ်ကြောင်း မဇ္ဈိမကို ပြောဆိုခြင်းဖြစ်သည်။

ပြီးခဲ့သည့် တနင်္ဂနွေနှင့် တနင်္လာနေ့တွင် ထုတ်ဝေခဲ့သည့် စစ်အစိုးရပိုင် မြန်မာ့အလင်း သတင်းစာတွင်လည်း ရန်ကုန်နှင့် မန္တလေးမြို့များရှိ အပြည်ပြည်ဆိုင်ရာ လေဆိပ်များတွင် ခရီးသည်များအား ဆေးစစ်နေသည့် ကျန်းမာရေး ဝန်ထမ်းများ၏ ဓာတ်ပုံများနှင့်ပါ ဖော်ပြထားသည်။

သို့သော် စစ်အစိုးရက ယခုလို တုံ့ပြန်မှုများ ပြုလုပ်သည် ဆိုသော်လည်း၊ ကာကွယ်တားဆီးရေး နည်းလမ်းများကို လေဆိပ်များတွင် ပြုလုပ်ရုံမျှနှင့် မလုံလောက်ကြောင်းနှင့် ရောဂါပိုးမွှားများသည် တိုင်းပြည်အတွင်း ဝင်ရမည့် အခြားသော အပေါက်များကို ၎င်းတို့ကိုယ်တိုင် ရှာဖွေနိုင်ကြောင်း ဂျွန်ဟော့ပ်ကင်း လူထုကျန်းမာရေး တက္ကသိုလ်၊ လူထု ကျန်းမာရေးနှင့် လူ့အခွင့်အရေးဌာနမှ တွဲဖက်သုတေသနပညာရှင် ဒေါက်တာ ဗိုရာဗစ် ဆူဝါန်ဗနီစ်ကီချ်က ဆိုသည်။

မြန်မာနိုင်ငံသားများ ၂ သန်းကျော်သည် အိမ်နီးချင်း ထိုင်းနိုင်ငံသို့ ရွှေ့ပြောင်းအလုပ်သမားများအဖြစ် ဝင်ထွက်သွားလာနေသည်မှာ လေဆိပ်များမှတဆင့် မဟုတ်သလို၊ အိမ်နီးချင်း တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ လာအိုနှင့် ထိုင်းနိုင်ငံဘက်တွင် ဝင်ပေါက်၊ ထွက်ပေါက် ပေါများစွာ နယ်နိမိတ်ချင်း ထိစပ်နေသည်။

အပြည်ပြည်ဆိုင်ရာ လေဆိပ်များ၌ ကျန်းမာရေး ဆေးစစ်မှုများ ပြုလုပ်ရုံမျှဖြင့် ခရီးသည်များတွင် တုပ်ကွေးရောဂါပိုး ပါမလာကြောင်း သေချာစွာ မပြောနိုင်ဟု ထိုင်းနိုင်ငံမှ ဒေါက်တာ ဗိုရာဗစ်ကလည်း ပြောဆိုသည်။

သူက ဆက်ပြီး အစုလိုက် အပြံုလိုက် ဖြစ်ပွားတတ်သည့် ရောဂါများကို အလျင်အမြန် ချက်ချင်း သိရှိပြီး၊ အမြန်ဆုံး ကာကွယ်တားဆီးနိုင်သည့် မှန်ကန်သော လူထုကျန်းမာရေး စောင့်ရှောက်မှု စနစ်တရပ် လိုအပ်ကြောင်း ပြောသည်။

“မြန်မာပြည်မှာ လူထုကျန်းမာရေး စောင့်ရှောက်မှုဆိုတာ မရှိသလောက်ပါပဲ” ဟု ဒေါက်တာ ဗိုရာဗစ်က ဆိုသည်။ သူသည် မြန်မာနိုင်ငံသို့ အကြိမ်များစွာ လည်ပတ်ခဲ့ဖူးပြီး၊ မြန်မာ့ ကျန်းမာရေး စောင့်ရှောက်မှုကိုလည်း နီးကပ်စွာ လေ့လာနေသူ ဖြစ်သည်။

''တကယ်လို့ မြန်မာပြည်မှာ ဒီတုပ်ကွေးရောဂါပိုးဟာ မြန်မာပြည်ကို ဝင်ရောက်မယ့် လမ်းကြောင်းကို တွေ့ပြီဆိုရင်တော့ ကြီးမားတဲ့ ပျက်စီးဆုံးရှုံးမှုတွေကို ဖြစ်လာနိုင်စေပါတယ်'' ဟု သူက ဆက်ပြောသည်။

သို့သော် မြန်မာနိုင်ငံတွင် အဆိုပါ ဝက်တုပ်ကွေးရောဂါ ပျံ့နှံ့လာနိုင်မှု အခြေအနေမှာ နည်းပါးကြောင်းနှင့် အဘယ့်ကြောင့်ဆိုသော် ထိုရောဂါ ဖြစ်ပွားနေသော တိုင်းပြည်များမှာ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်မှု အဆင့်မှာ အလွန်နည်းပါးသောကြောင့် ဖြစ်ကြောင်း သူက ဆိုသည်။

“ဒါပေမဲ့ အားနည်းချက်တခုကတော့ မြန်မာနိုင်ငံမှာ ကျန်းမာရေး စောင့်ရှောက်မှုစနစ် မရှိပါဘူး၊ ဒါကြောင့် ကူးစက်ပျံ့နှံ့မှုမျိုး မြန်မာနိုင်ငံမှာ ဖြစ်မယ်ဆိုရင် အခြေအနေက ဆိုးဝါးနိုင်ပြီး၊ သတိပြုမိတဲ့ အချိန်မှာ နောက်ကျနေမှာ ဖြစ်တယ်” ဟု ဒေါက်တာ ဗိုရာဗစ်က ပြောဆိုသည်။

ဓာတုဗေဒ အခေါ်အရ A/H1N1 ခေါ် ဆွိုင်းဖလူး (ဝက်တုပ်ကွေး) ရောဂါ၏ လက္ခဏာများသည် အခြားသော ရောဂါများ၏ လက္ခဏာများနှင့် တူညီမှု ရှိပြီး၊ သီးခြား လက္ခဏာ မရှိပေ။ ထိုရောဂါပိုးကို သိရှိနိုင်ရန်အတွက် ရောဂါပိုး ရှာဖွေဖော်ထုတ်နိုင်သည့် ဓာတ်ခွဲခန်းများ လိုအပ်ပြီး၊ မြန်မာနိုင်ငံတွင် မရှိသေးကြောင်း သူက ဆိုသည်။

မြန်မာနိုင်ငံတွင် တခါတရံ အစုလိုက်အပြုံလိုက် ဖြစ်ပွားတတ်သော ရောဂါများသည် ပြည်သူလူထုအကြားတွင် ကျန်းမာရေးအသိ နိမ့်ကျမှုကြောင့် ကျန်းမာရေး ဝန်ထမ်းများ သတိမမူမိခင်မှာပင် ဖြစ်ပွားခဲ့လိမ့်မည်ဟု သူက ပြောသည်။

ဝက်တုပ်ကွေးသည် အလွန်ပင် ကုန်ကျစရိတ် ကြီးမားနိုင်သောကြောင့် မြန်မာနိုင်ငံအနေဖြင့် အလွန်အရေးကြီးသော်လည်း၊ ကာကွယ်တားဆီးနိုင်သည့် ငှက်ဖျားနှင့် အဆုတ်ရောဂါတို့သည်လည်း မြန်မာနိုင်ငံတွင် နှစ်စဉ် လူ့အသက်ပေါင်းများစွာကို ခြွေယူနေသောကြောင့် မြန်မာစစ်အစိုးရသည် သူတို့ကို ကာကွယ်တားဆီးရန် အာရုံစိုက်သင့်ပေကြောင်း သူက ဖြည့်စွက်ပြောသည်။

“တုပ်ကွေးရောဂါပိုးကို ကျနော်တို့ အာရုံစိုက်နိုင်ပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာ ဆယ်စုနှစ်ပေါင်းများစွာ ပျံ့နှံ့ဖြစ်ပွားနေတဲ့၊ ကြိုတင်ကာကွယ် တားဆီးလို့ရတဲ့ ရောဂါဆိုးတွေကိုတောင် မြန်မာနိုင်ငံရဲ့ ကျန်းမာရေး စောင့်ရှောက်မှုစနစ်က မဖြေရှင်းနိုင်ခဲ့ပါဘူး” ဟု သူက ဆိုသည်။

ဝက်တုပ်ကွေး ဖြစ်နေသည့် တိုင်းပြည်များနှင့် မြန်မာသည် တိုက်ရိုက်ထိစပ်မှု နည်းပါးသည် ဆိုသော်လည်း၊ အာရှတိုက်တွင် တွေ့နေပြီဟူသော အစီရင်ခံစာများအရ မြန်မာနိုင်ငံသို့ ရောက်ရှိရန် မလွယ်ကူသေးဆိုသည်မှာ မဖြစ်နိုင်ပေ။

အရှေ့တောင်အာရှရှိ တိုင်းပြည်များသို့ ဝက်တုပ်ကွေး ပျံ့နှံ့နိုင်မှုသည် မြန်မာနိုင်ငံထက် များစွာ ပိုမို၍ အခြေအနေ ပေးနေသည်။ အဘယ်ကြောင့်ဆိုသော် ထိုင်းနှင့် စင်္ကာပူ အပါအဝင် အဆိုပါ တိုင်းပြည်များသည် နိုင်ငံတကာနှင့် ပိုမို၍ ထိစပ်မှု များပြားသောကြောင့် ဖြစ်သည်။

“ဒီအခြေအနေတွေအရ မြန်မာဟာ ဝက်တုပ်ကွေး ဘေးအန္တရာယ်ကနေ အနည်းငယ် အကာအကွယ် ပေးသလို ဖြစ်နေတယ်။ ဒါပေမဲ့ တခြားတဖက်မှာတော့ အရှေ့တောင်အာရှကို ဝက်တုပ်ကွေး ရောက်လာပြီဆိုရင် မြန်မာဟာ အထူးဂရုစိုက်ရမယ့် ဦးစားပေး အခြေအနေမှာ ရှိနေတယ်” ဟု မြန်မာနိုင်ငံကို အာဆီယံ ၁ဝ နိုင်ငံ အဖွဲ့ဝင်နိုင်ငံအဖြစ် ရည်ညွှန်းကာ ဒေါက်တာ ဗိုရာဗစ်က ပြောသည်။

“မြန်မာပြည်ရဲ့ လူထု ကျန်းမာရေး စောင့်ရှောက်မှု စနစ်ဟာ အစွန်အဖျားမှာ ရှိနေတဲ့အတွက်၊ တကယ်လို့ မြန်မာပြည်ကို ဒီရောဂါ ရောက်ပြီဆိုရင် ထိန်းချုပ်ဖို့ အလွန်ကို ခက်ခဲပါလိမ့်မယ်” ဟု သူက ထည့်ပြောသည်။

ကုလ ကျန်းမာရေးအဖွဲ့ကြီး - WHO ၏ အဆိုအရမူ တနင်္လာနေ့အထိ ကမ္ဘာပေါ်ရှိ တိုင်းပြည် ၂ဝ တွင် H1N1 ဗိုင်းရပ်စ်ပိုး ရှိသူ ၁,ဝဝ၃ ဦး ရှိနေကြောင်း သိရသည်။

Most read this week