မုန်တိုင်းသင့်ဒေသ ဘုန်းကြီးကျောင်း အလှူအတန်း ထက်ထက်ကျော် လျော့ကျ

မုန်တိုင်းသင့်ဒေသ ဘုန်းကြီးကျောင်း အလှူအတန်း ထက်ထက်ကျော် လျော့ကျ
by -
ဖနိဒါ
မုန်တိုင်းသင့် တနှစ်ပြည့်ချိန်တွင် ဧရာဝတီတိုင်း မြို့နယ်အချို့ရှိ ဘုန်းကြီးကျောင်းများသို့  အလှူအတန်းများမှာ ထက်ဝက်ကျော် လျော့ကျနေသည်။ ဤသည်မှာ နာဂစ်သင့် ဒကာ၊ ဒါယိကာမများ၏ စီးပွားရေး ပျက်စီးခဲ့ခြင်းကြောင့် ဖြစ်ကြောင်း ...

 
ချင်းမိုင် (မဇ္ဈိမ)။     ။ မုန်တိုင်းသင့် တနှစ်ပြည့်ချိန်တွင် ဧရာဝတီတိုင်း မြို့နယ်အချို့ရှိ ဘုန်းကြီးကျောင်းများသို့  အလှူအတန်းများမှာ ထက်ဝက်ကျော် လျော့ကျနေသည်။

ဤသည်မှာ နာဂစ်သင့် ဒကာ၊ ဒါယိကာမများ၏ စီးပွားရေး ပျက်စီးခဲ့ခြင်းကြောင့် ဖြစ်ကြောင်း ဒေသတွင်းရှိ ဘုန်းကြီးကျောင်းများမှ သံဃာတော်များက ပြောဆိုကြခြင်းဖြစ်သည်။

“အလှူအတန်းကတော့ ရ၅ ရာခိုင်နှုန်း ကျသွားတယ်။ အရင်ကထက် တောဘက်က နည်းသွားတယ်။ သာသနာရေး လုပ်ငန်းစဉ်ပိုင်းမှာကတော့ မလျော့ပါဘူး။ စာချတာတွေက မလျော့ဘူး။ လှူဒါန်းရေးတွေကတော့ လျော့နည်းသွားတယ်” ဟု ဘိုကလေးမြို့ပေါ်ရှိ မဟာဝိသုတာရာမ စာသင်တိုက်မှ ဦးဇင်း ဦးကေသဝက မဇ္စျိမကို မိန့်သည်။   

လပွတ္တာမြို့နယ် ပြင်စလူခရိုင်ရှိ လေယာဉ်ကွင်းရွာမှ ဘုန်းကြီးကျောင်းတွင် ကျင်းပသည့် ပြီးခဲ့သည့်လ သင်္ကြန်ကာလအတွင်း အလှူအတန်းများမှာ ယခင် မုန်တိုင်းမကျခင်ကထက် အများအပြား ကျဆင်းသွားခဲ့သည်။   

''ပြောင်းလဲသွားပါတယ်။ ဘယ်လိုလဲဆိုတော့ လူတွေက စားဝတ်ရေး ကျပ်တည်းတာကြောင့် မပေးနိုင်တော့ဘူး။ အရင်လို မပေးနိုင်တော့ဘူးလေ။ မနှစ်ကဆို စောင်၊ ပုဆိုး တွဲပြီး လှူနိုင်တယ်။ သက်ကြီးပူဇော်ပွဲအတွက်ကို ၅ဝဝ ကျပ်ပဲ ပါတယ်။ ဒီနှစ်တော့ ဆပ်ပြာလောက်ပဲ လှူနိုင်တော့တယ်။ မနှစ်က ၁ဝဝ လောက် ပေးနိုင်ရင် ဒီနှစ်က ၂ဝ လောက်ပဲပေါ့'' ဟု ကျောင်းတိုက်မှ အရှင် ဦးသြဘာသက မိန့်သည်။

လက်ရှိတွင် သံဃာတော်များ ခံဆွမ်း လုံလောက်နေသော်လည်း အာရုံဆွမ်းအတွက် မလုံလောက်သဖြင့် နာဂစ်ဒဏ်ခံ ကျေးရွာ ဒကာ၊ ဒါယိကာမများထံမှ ရသလောက် လှည့်ပတ်အလှူခံကာ ဆွမ်းဘုန်းပေးနေရသည်။   

“လက်ရှိ အနေအထားက ပြောမယ်ဆိုရင် ခံဆွမ်းကတော့ ပြည့်စုံပါတယ်။ ဒါပေမဲ့ အာရုံဆွမ်းအတွက် နည်းတယ်။ လှူဒါန်းဆန်တွေကလည်း တအိတ်သော်လည်းကောင်း၊ တဝက်သော်လည်းကောင်း မရောက်တာကြာပြီ။ ဒါကြောင့် ချို့တဲ့ချိန်မှာ ဒကာ၊ ဒါယိကာမ တွေဆီက ရတဲ့ ဆွမ်းကိုပဲ ချက်စားနေရတဲ့ အခြေအနေပဲ” ဟု ဦးသြဘာသက ဆိုသည်။

ထို့အပြင် လပွတ္တာမြို့နယ် ပြင်စလူခရိုင်ရှိ ဘုန်းကြီးကျောင်း အနည်းဆုံး ၁ဝ ကျောင်းခန့်နှင့် သာသနိက အဆောက်အဦများမှာ ယခုအချိန်အထိ ပြန်လည်ပြုပြင်နိုင်ခြင်း မရှိသေးပါ။   

“အဆောက်အဦတွေ ဘာမှ မလုပ်ရသေးဘူး။ ပြိုပျက်သွားတဲ့အတိုင်းသာ ရှိသေးတယ်။ ဓမ္မာရုံတို့ဆို ဒီအတိုင်းပဲ။ တချို့ကျောင်းတွေက ကိုယ့်နည်းကိုယ်ဟန်နဲ့ ပြင်တာ ရှိတယ်။ တချို့ကျောင်းတွေက လုံးဝ မဆောက်ရသေးဘူး။ ဝါတွင်း ၃ လ နေဖို့အတွက် တော်တော် ခက်ခဲတယ်” ဟု အရှင် ဦးသြဘာသကပင် ဆက်လက်မိန့်ဆိုသည်။   

ပျက်စီးခဲ့သည့် ဓမ္မာရုံနှင့် ဇရပ်များမှာ တန်ဖိုးအားဖြင့် ကျပ် သိန်း ၃ဝဝ ခန့်ရှိကြောင်း ဒေသခံများက ခန့်မှန်းသည့် လေယာဉ်ကွင်းကျောင်းသို့ နာဂစ်သင့် တနှစ်တာအတွင်း သီရဂူဆရာတော်က ကျပ်ငွေ တသိန်း၊ ဆန်တအိတ်နှင့် အဝတ်အစားများ၊ သွပ် ၁၅ဝ ချပ်နှင့် သာသနာရေးဌာနမှ သွပ်အနည်းငယ်နှင့် အလှူအတန်း အချို့သာ ရခဲ့သော်လည်း ယနေ့ထိ အခြား အဖွဲ့များထံမှ မရပါ။

သို့သော် လေယာဉ်ကွင်းရွာတွင် ကုလဖွံ့ဖြိုးရေးအစီအစဉ် - UNDP က ငွေ တသိန်း လှူဒါန်းမှုဖြင့် သေဆုံးခဲ့သည့် မိဘများအား ရည်စူးပြီး မိဘမဲ့ ကလေး ၁ဝ၂ ဦးအား သာသနာရေး ဘောင်အတွင်း သွပ်သွင်းသည့် ရဟန်းရှင်ပြုပွဲကို ပြီးခဲ့သည့် ဧပြီလ ၂၁ ရက်မှ ၂၃ ရက်အတွင်း ကျင်းပခဲ့သည်။   

ဘာသာရေးကို ယခင်လို တိုးတက်ဖြစ်ထွန်းလာရန် နာဂစ်ဒဏ်ခံခဲ့ရသည့် ပြည်သူများအတွက် ပြန်လည် ထူထောင်ရေး လုပ်ငန်းများ ထိရောက်စွာ ထူထောင်ပေးမှသာလျှင် ဖြစ်နိုင်ကြောင်း အရှင် ဦးသြဘာသက သုံးသပ်သည်။

“ကျေးရွာသားတွေက အရင်ကဆို စက်လှေတွေ ရှိတယ်။ ရေထဲ ပါသွားကြတော့ အခု ဘာမှ မလုပ်နိုင်ကြဘူး။ ရပ်ရွာအတွက် ပြည်လည်ထူထောင်လာနိုင်အောင် အဲဒီ ဒကာ၊ ဒါယိကာမတွေရဲ့ လုပ်ငန်းတွေကို ပြန်ပြီး ပေးနိုင်မယ်ဆိုရင် ကျေးရွာ ဖွံ့ဖြိုးတိုးတက်နိုင်မယ်။ ဘာသာရေးလည်း တိုးတက်လာနိုင်မယ်။ အခုတော့ ထမင်းတလုပ် စားဖို့အတွက် ရုန်းကန်နေရတယ်လေ” ဟု ဦးသြဘာသက မိန့်ကြားသည်။   

ဘိုကလေးမြို့ ဇေယျမေဒနီ ကျောင်းတိုက်မှ ဦးဇင်း ဦးဉာဏဝံသ ကလည်း တနှစ်ကျော်ခဲ့သည့် ဘာသာရေးနှင့် ပတ်သက်ပြီး ဖွံ့ဖြိုးမှုများ လျော့နည်းနေသော်လည်း ယခင်ကလို တိုးတက်လာအောင် ကြိုးစားလျက်ရှိသည်ဟု မိန့်ဆိုသည်။