၀က်တုပ်ကွေး ကုသရန် ရန်ကုန်ရှိ ဆေးရုံ နှစ်ရုံ ပြင်ဆင်နေ

၀က်တုပ်ကွေး ကုသရန် ရန်ကုန်ရှိ ဆေးရုံ နှစ်ရုံ ပြင်ဆင်နေ
by -
မေကျော်၊ မျိုးကြီး
၀က်တုပ်ကွေး သံသယ လူနာများကို ရန်ကုန် ဆေးရုံ နှစ်ရုံတွင် ကုသနိုင်ရန် စီစဉ်နေသည်။ ရန်ကုန် ဆေးရုံကြီးနှင့် ဝေဘာဂီ ဆေးရုံတို့တွင် ဖြစ်ကြောင်း ရန်ကုန်ရှိ ဆေးရုံကြီး တရုံမှ တာဝန်ကျ ဆရာဝန်တဦးထံမှ ကြားသိရ ...

ချင်းမိုင်၊ ရွှေလီ (မဇ္စျိမ)။     ။ ၀က်တုပ်ကွေး သံသယ လူနာများကို ရန်ကုန် ဆေးရုံ နှစ်ရုံတွင် ကုသနိုင်ရန် စီစဉ်နေသည်။

ရန်ကုန် ဆေးရုံကြီးနှင့် ဝေဘာဂီ ဆေးရုံတို့တွင် ဖြစ်ကြောင်း ရန်ကုန်ရှိ ဆေးရုံကြီး တရုံမှ တာဝန်ကျ ဆရာဝန်တဦးထံမှ ကြားသိရခြင်း ဖြစ်သည်။

“ဆေးပစ္စည်းတွေ ဖြည့်ပေးတာတော့ မရှိသေးပါဘူး။ တခြားဆေးရုံတွေတော့ မသိဘူး။ အခုမှ သင်တန်း လုပ်နေတုန်းပါ။ ဒီဆေးရုံ မပါ ပါဘူး။ ရန်ကုန်မှာ ၂ ခုပဲ ပါတယ်။ ရန်ကုန် ဆေးရုံကြီးနဲ့ ဝေဘာဂီပါ” ဟု သူက မဇ္စျိမကို ပြောသည်။

ကျန်းမာရေး ၀န်ကြီးဌာနက ၀က်တုပ်ကွေးနှင့် ပတ်သက်၍ ပြည်သူလူထုသို့ ကမ္ဘာ့ လူတုပ်ကွေးရောဂါ ကာကွယ်ရေးနှင့် ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန် အချက်များကို ယမန်နေ့က အသိပေး ထုတ်ပြန်ထားသည်။

တိုင်းမွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှူးတဦးက “နေပြည်တော်က လိုက်နာရမယ့် စည်းကမ်းချက်တွေ ထုတ်ပေးပါတယ်။ တခြားတော့ ကွင်းဆင်းဆောင်ရွက်ဖို့ ညွှန်ကြားချက် မရှိသေးပါဘူး။ အခုထုတ်ထားတဲ့ စည်းကမ်းချက်တွေ လိုက်နာရင် လုံလောက်ပါတယ်။ သူက ကာကွယ်ဆေးလည်း မရှိဘူး” ဟု ပြောသည်။

ယမန်နေ့ကပင် ကျန်းမာရေး ၀န်ကြီးဌာနက ကြက်ငှက်တုပ်ကွေးနှင့် ကမ္ဘာ့လူတုပ်ကွေးရောဂါ တိုက်ဖျက်ရေး ပြင်ဆင်ရေးနှင့် တုံ့ပြန်ရေး ဆရာဖြစ်သင်တန်းကို အထွေထွေရောဂါကု ဆရာဝန် ၃၁ ဦးကို သင်ကြားပေးနေပြီဟု သိရသည်။

၀က်တုပ်ကွေးအတွက် မွေးမြူရေးနှင့် ကုသရေး ၀န်ကြီးဌာနက အသိပေးခြင်းသာ ရှိသေးပြီး၊ ၀က်မွေးမြူရေး လုပ်ငန်းများကို စောင့်ကြည့်စစ်ဆေးရန် အစီအစဉ်များ မရှိသေးကြောင်း သိရသည်။   

ယနေ့လည်း ကျန်းမာရေး ၀န်ကြီးဌာနနှင့် မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနက လူကို ရောဂါကူးစက်ခြင်း မရှိစေရန်နှင့် ၀က်များတွင် သံသယဖြစ်ဖွယ် တွေ့ရှိပါက အကြောင်းကြားရန် အစိုးရပိုင် သတင်းဌာနများမှတဆင့် သတင်းထုတ်ခဲ့သည်။

ရန်ကုန်မြို့တော် စည်ပင်သာယာ တိရစ္ဆာန် ဆေးကုသရေးနှင့် သားသတ်ဌာန အနေဖြင့်မူ ၀က်တုပ်ကွေးအတွက် အထူးအထွေ စီမံကိန်းမရှိသေးကြောင်း သိရသည်။

အလားတူပင် ယမန်နေ့က မြန်မာနိုင်ငံသို့ ဝင်ရောက်ရာ လေဆိပ်၊ သင်္ဘောဆိပ်နှင့် နှစ်နိုင်ငံ နယ်စပ် အဝင်အထွက် ဂိတ်များတွင် ခရီးသည်များကို ဝက်တုပ်ကွေး ရှိ၊ မရှိ စစ်ဆေးရန် နအဖ ကောင်စီက ညွှန်ကြားခဲ့သော်လည်း နယ်စပ်ဒေသများတွင် အကောင်အထည်ဖော်ခြင်း မရှိသေးပါ။   

မဇ္စျိမက ရရှိထားသည့် ညွှန်ကြားစာထဲတွင် တနိုင်ငံလုံးရှိ ကျန်းမာရေးဝန်ကြီးဌာန လက်အောက်ခံ ဌာနများနှင့် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနများသို့ ညွှန်ကြားခဲ့ကြောင်း ဖော်ပြပါရှိသည်။

ကျန်းမာရေးဝန်ကြီးဌာနနှင့် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ပူးတွဲလုပ်ကိုင်ရမည်ဟု ဆိုသော်လည်း မည်သည့်နေ့တွင် စတင်ရမည်ကို ဖော်ပြမထားပါ။   

မက္ကဆီကိုမှ စတင်သည့် ၀က်တုပ်ကွေးသည် ကမ္ဘာ့နိုင်ငံများသို့ ကူးစက်ပျံ့ပွားနိုင်သဖြင့် ကာကွယ်ရေးများ လုပ်နေရာ အာရှတိုက်ရှိ ဂျပန်၊ တရုတ်၊ တောင်ကိုရီးယား၊ ထိုင်းနှင့် စင်္ကာပူတွင် ပြည်ပမှ ၀င်လာသည့် ခရီးသည်များကို ကျန်းမာရေး စစ်ဆေးမှု လုပ်နေသည်။   

ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး - WHO က ယခုလ ၂၆ ရက်နေ့တွင် ၀က်တုပ်ကွေးရောဂါ ထိန်းချုပ်နိုင်ရန် ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့ကျန်းမာရေး အရေးပေါ် အခြေအနေ (Public health emergency of international concern) အဖြစ် ထုတ်ပြန်ခဲ့သည်။

ထိုထုတ်ပြန်ချက်အပြီး နောက်ရက်တွင် မြန်မာကလည်း ၀က်တုပ်ကွေးရောဂါ စောင့်ကြပ်ကြည့်ရှုမှု လုပ်ငန်းများ စတင်ဆောင်ရွက်ရန် ညွှန်ကြားခြင်း ဖြစ်သည်။

ထို့အပြင် ဝက်တုပ်ကွေး ကူးစက်ပျံ့ပွားမှုမှာ စိုးရိမ်ရမှုအဆင့် ၄ သို့ ရောက်ရှိနေပြီဖြစ်ကြောင်း WHO က ယမန်နေ့က ထုတ်ပြန်ခဲ့သည်။

၂၀၀၅ ခုနှစ် ကြက်ငှက်တုပ်ကွေး ဖြစ်ပွားစဉ်က သတ်မှတ်ခဲ့သည့် စိုးရိမ်ရမှု ၆ ဆင့်အနက် ဝက်တုပ်ကွေး၏ လက်ရှိ အနေအထားကို ဖော်ပြခဲ့ခြင်းဖြစ်ကာ၊ လူအချင်းချင်း ကူးစက်နေသည့် အနေအထားသို့ ရောက်ရှိရန် နီးစပ်နေကြောင်း ပြောဆိုလိုက်ခြင်း ဖြစ်သည်။

သို့သော်လည်း ရန်ကုန်မြို့တော်တွင်မူ ၀က်သားစျေးနှုန်းမှာ အပြောင်းအလဲ မရှိကြောင်း သိရသည်။

Most read this week