မဲဆောက် (မဇ္ဈိမ)။ ။ မြန်မာစစ်တပ်က ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) ၏ အခြေခံစခန်း တခုဖြစ်သော ဝေါလေခီး စခန်းကို သိမ်းပိုက်လိုက်ပြီ ဖြစ်သည်။
ဧပြီလ ၁၂ ရက်နေ့ကတဲက ဝိုင်းဝန်းတိုက်ခိုက်၍ အဝိုင်းခံထားရသော KNLA ၏ တပ်မဟာ ၆ တပ်ရင်း ၂ဝ၁ ၏ စခန်းကို ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် တိုက်ပွဲဝင်နေသော ကရင်အမျိုးသား အစည်းအရုံး၏ တပ်က စွန့်လွှတ်လိုက်ရသည်၊
နအဖ နှင့် ယင်း၏ မဟာမိတ်အဖွဲ့ဖြစ်သော ဒီမိုကရက်တစ် ဗုဒ္ဓဘာသာ တပ်မတော် (ဒီကေဘီအေ) ပူးပေါင်း အင်အားများသည် ယနေ့ညနေ ၅ နာရီအချိန်က အရေးပါသော ဤစခန်းအတွင်း ဝင်ရောက်လာနိုင်ခဲ့ကြပြီး စခန်းကို ထိန်းချုပ်ထားနိုင်ရန် ကြိုးပန်းလျက် ရှိသည်။ စခန်းကို အတတ်နိုင်ဆုံး ထောင်ချောက်ဗုံးများ ဆင်၍ ထားရစ်ခဲ့သည်။
KNLA တပ်ဖွဲ့များက စခန်း ပတ်ဝန်းကျင်တခုလုံးကို မြေမြှုပ်မိုင်းများ၊ တိုက်မိုင်းများဆင်၍ ထောင်ထားရာ (နအဖ-ဒီကေဘီအေ) ပူးပေါင်းတပ်ဖွဲ့ဝင်များ ယနေ့ အလွန်အထိအခိုက် များခဲ့သည်။
“တဘက်က အတော် အထိအခိုက် အကျအဆုံး များတယ်ဗျ” ဟု ဗိုလ်မှူးကြီး နဒါးမြ က ပြောသည်။
“ကျနော်တို့ စခန်းကို စွန့်ခွါထားခဲ့ပြီ၊ ကျနော်တို့ တပ်ဖွဲ့ဝင်တွေ အားလုံး ဘေးမသီရန်မခ လုံလုံခြံုခြံု ရှိကြပါတယ်။ ကျနော်တို့ နောက်ရက်မှာ ဆက်တိုက်မယ်” ဟု သူက ညနေ ၅ နာရီ ၁၅ မိနစ်က ပြောကြားသည်။
ဤစခန်းကို နောက်ဆုံးအကြိမ် သဲသဲမဲမဲ အတင်း ဝင်ရောက်တိုက်ခိုက်မှုတွင် SPDC/DKBA ပူးပေါင်းအင်အား ၄ဝဝ မှ ၅ဝဝ အထိ ပါဝင်ခဲ့သည်။ KNLA တပ်ဖွဲ့ဝင်များမှာ အင်အား ၅ဝ မှ ၆ဝ ခန့်သာရှိပြီး အင်အားချင်း မမျှ၍ နောက်ဆုံးတွင် စခန်းမှ ထွက်ခွါခဲ့ရသည်။
“ကျနော်တို့ နောက်ထပ်စခန်းတွေ အများကြီး ထပ်ဆောက်မယ်၊ ဆက်တိုက်ရမယ် ဆိုရင်လဲ နောက်ထပ် အနှစ် ၂ဝ ဆက်တိုက်မယ်” ဟု ဗိုလ်မှူးကြီးနဒါးက ပြောသည်။