အမေရိကန် အရာရှိနှင့် တွေ့ဆုံမှုမှ အပြောင်းအလဲ မဖြစ်နိုင်ဟု အန်အယ်ဒီ ပြောကြား

အမေရိကန် အရာရှိနှင့် တွေ့ဆုံမှုမှ အပြောင်းအလဲ မဖြစ်နိုင်ဟု အန်အယ်ဒီ ပြောကြား
by -
ကိုဝိုင်း
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အရှေ့တောင်အာရှဆိုင်ရာ ညွှန်ကြားရေးမှူး မစ္စတာ စတီဖင် ဘလိတ်နှင့် ယမန်နေ့က တွေ့ဆုံမှုကြောင့် အပြောင်းအလဲကြီးတခု ဖြစ်ပေါ်လာနိုင်စရာ မရှိဟု အန်အယ်ဒီက ပြောဆို ...

ချင်းမိုင် (မဇ္စျိမ)။     ။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အရှေ့တောင်အာရှဆိုင်ရာ ညွှန်ကြားရေးမှူး မစ္စတာ စတီဖင် ဘလိတ်နှင့် ယမန်နေ့က တွေ့ဆုံမှုကြောင့် အပြောင်းအလဲကြီးတခု ဖြစ်ပေါ်လာနိုင်စရာ မရှိဟု အန်အယ်ဒီက ပြောဆိုသည်။

နိုင်ငံရေးဆိုင်ရာ အချက်အလက်များ စုဆောင်းရန် မြန်မာနိုင်ငံသို့ ရောက်ရှိနေသော မစ္စတာ စတီဖင် ဘလိတ် Stephen Blake နှင့် အန်အယ်ဒီ တာဝန်ရှိသူများသည် ယမန်နေ့မွန်းလွဲပိုင်းက ရန်ကုန်တိုင်း ဗဟန်းမြို့နယ် ပါတီရုံးချုပ်၌ တနာရီကြာ တွေ့ဆုံဆွေးနွေးခဲ့မှုအပေါ် ယခုလို ပြောဆိုလိုက်ခြင်းဖြစ်သည်။   

“သူတို့ရဲ့ ပေါ်လစီက မပြောင်းလဲဘူးပေါ့နော်။ သူတို့တောင်းဆိုထားတဲ့ အချက်တွေက ကျနော်တို့ အတိုင်းပဲပေါ့။ သို့သော် ဟယ်လာရီ ကလင်တန်က မြန်မာနိုင်ငံနဲ့ ပတ်သက်ရင် sanction လုပ်တာလည်း ထိရောက်မှု မရှိဘူး။ engagement လည်း ရတာမဟုတ်ဘူး ဆိုတော့ ဆန်းသစ်တဲ့နည်း တခုခုတော့ စဉ်းစားဖို့လိုတယ်လို့ ဆိုတဲ့ဟာကို ပြောသွားပါတယ်။ ကျနော်တို့က ဘာတွေများ ဖြစ်စေချင်သလဲ၊ ကျနော်တို့ရဲ့ အယူအဆ ဘယ်လိုရှိသလဲ၊ ဒါကို မေးတာပါ။ ဒီခရီးစဉ်ကြောင့် အပြောင်းအလဲ တစုံတရာကြီး ဖြစ်လာဖို့ သေချာနေတယ်လို့ မယူဆနိုင်ပါဘူး” ဟု ပါတီဗဟိုပြန်ကြားရေး ကော်မတီဝင် ဦးဟံသာမြင့်က မဇ္စျိမကို ပြောသည်။   

ယမန်နေ့က ဆွေးနွေးပွဲသို့ ဦးဝင်းတင်၊ ဦးခင်မောင်ဆွေ၊ ဦးညွန့်ဝေ၊ ဦးသန်းထွန်း၊ ဦးလှဖေ၊ သခင်စိုးမြင့် စသည့် ဗဟိုအလုပ်အမှုဆောင် ၆ ဦး အပါအဝင် ရန်ကုန်တိုင်း ဒုဥက္ကဋ္ဌ ဒေါက်တာသန်းငြိမ်း၊ ဗဟိုပြန်ကြားရေး ကော်မတီမှ ဦးဟံသာမြင့်၊ ဦးဉာဏ်ဝင်းတို့ တက်ရောက်ခဲ့သည်။

အခြား ဗဟိုအလုပ်အမှုဆောင်များဖြစ်သော ဦးလွန်းတင်၊ ဦးအောင်ရွှေနှင့် ဦးလွင်တို့သည် ကျန်းမာရေးအခြေအနေကြောင့် ဆွေးနွေးပွဲသို့ တက်ရောက်နိုင်ခြင်းမရှိကြောင်း သိရသည်။

မစ္စတာဘလိတ်သည် ယခုလ ၂၂ ရက်နေ့က ရောက်ရှိလာပြီး၊ ၂၄ ရက်နေ့က နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းနှင့် နေပြည်တော်၌ တွေ့ဆုံခဲ့သည်။ သို့သော် မြန်မာစစ်အစိုးရ သတင်းစာများ၌ “နှစ်နိုင်ငံ ဆက်ဆံရေး တိုးမြှင့်ရေးနှင့် နှစ်နိုင်ငံ အကျိုးတူကိစ္စရပ်များကို ဆွေးနွေးခဲ့သည်” ဟုသာ ဖော်ပြခဲ့သည်။

အန်အယ်ဒီက သူတို့ ကြေညာထားသည့်အတိုင်း ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရေး၊ ဖွဲ့စည်းပုံဥပဒေအသစ်ကို ပြန်သုံးသပ်ရေး၊ ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲရလဒ်ကို နအဖ က အသိအမှတ်ပြုရေး၊ တွေ့ဆုံဆွေးနွေးရေး စသည့် မူများကို ဆုပ်ကိုင်ထားဆဲဖြစ်ကြောင်း မစ္စတာဘလိတ်ကို ပြောပြခဲ့သည်။   

ဖွဲ့စည်းပုံ အခြေခံဥပဒေအသစ်ကို ပြန်လည်သုံးသပ်ရေး ကော်မတီတခုဖွဲ့ပေးရန် နအဖ ထံ တရားဝင် တောင်းဆိုထားသည်မှာ ၆ လပြည့်တော့မည် ဖြစ်သော်လည်း ယခုထိ အကြောင်းပြန်ကြားမှု မရသေးကြောင်း ဦးဟံသာမြင့်က ပြောသည်။

နိုင်ငံရေးအရ လက်ဆုပ်လက်ကိုင်ပြနိုင်သည့် တိုးတက်မှုရှိနေသည်ကို ပြသလိုလျှင် နအဖ အနေဖြင့် နိုင်ငံရေး အကျဉ်းသား အားလုံးကို လွှတ်ပေးရမည်ဖြစ်ကြောင်းနှင့် ဤသည်မှာလည်း တွေ့ဆုံရေးအတွက် ကြိုတင်ကန့်သတ်ချက် မဟုတ်ဘဲ တိုးတက်မှု လက္ခဏာအတွက် တိုင်းတာချက်တခုသာ ဖြစ်သည်ဟုလည်း သူက ပြောသည်။

အမေရိကန် ကိုယ်စားလှယ်၏ ယခု ခရီးစဉ်သည် ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးသံတမန် မစ္စတာကွင်တားနား ယခင်လက မြန်မာနိုင်ငံခရီးစဉ်အပြီး ဖြစ်ပေါ်လာခြင်းဖြစ်သည်။   

မစ္စတာကွင်တားနားက မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများ ဆက်လက်ဖြစ်ပေါ်နေပြီး၊ တရားစီရင်ရေးကဏ္ဍလည်း ယိုယွင်းနေကြောင်း ကုလသမဂ္ဂသို့ တင်သွင်းခဲ့ပြီး၊ နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးရန် မြန်မာစစ်အစိုးရကို တောင်းဆိုခဲ့သည်။

မြန်မာစစ်အစိုးရသည် လူ့အခွင့်အရေး ချိုးဖောက်မှုများ ကျူးလွန်နေပြီး ဒီမိုကရေစီအရေး ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန် ပျက်ကွက်နေမှုကြောင့် အမေရိကန်အစိုးရနှင့် ဥရောပနိုင်ငံများက မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့ အရေးယူမှု ပြုလုပ်ထားသည်။

Most read this week