စစ်ဆေးမှု ကြန့်ကြာရာမှ ရေထွက်ကုန်များ ဆုံးရှုံးနေကြောင်း လုပ်ငန်းရှင်များ ပြော

စစ်ဆေးမှု ကြန့်ကြာရာမှ ရေထွက်ကုန်များ ဆုံးရှုံးနေကြောင်း လုပ်ငန်းရှင်များ ပြော
ပြည်ပတင်ပို့မည့် ရေထွက်ပစ္စည်း ကွန်တိန်နာများကို ဆိပ်ကမ်းတွင် အရည်အသွေး စစ်ဆေးရေးအဖွဲ့က စစ်ဆေးရာတွင် နှောင့်နှေးကြန့်ကြာမှု ဖြစ်လွန်းသဖြင့် ဆုံးရှုံးမှုများ ရှိနေသည်ဟု လုပ်ငန်းရှင်များက ပြော ...

ရန်ကုန် (မဇ္ဈိမ) ။     ။ ပြည်ပတင်ပို့မည့် ရေထွက်ပစ္စည်း ကွန်တိန်နာများကို ဆိပ်ကမ်းတွင် အရည်အသွေး စစ်ဆေးရေးအဖွဲ့က စစ်ဆေးရာတွင် နှောင့်နှေးကြန့်ကြာမှု ဖြစ်လွန်းသဖြင့် ဆုံးရှုံးမှုများ ရှိနေသည်ဟု လုပ်ငန်းရှင်များက ပြောသည်။

အချိန်နှောင်းသဖြင့် ဝယ်လက်ကို လျော်ပေးရမှုများပင် ရှိနေသောကြောင့် စစ်ဆေးချိန်ကာလကို အလျင်အမြန် ဆောင်ရွက်ပေးရန် လိုအပ်နေကြောင်း ပြည်ပကို ရေထွက်ပစ္စည်း တင်ပို့နေသည့် လုပ်ငန်းရှင်တဦးက မဇ္စျိမကို ယခုလို ပြောသည်။

“တရားဝင် စစ်ဆေးခံတဲ့နေရာမှာ ဌာနဆိုင်ရာတွေဘက်ကလည်း တတ်နိုင်သမျှ အချိန်နဲ့ တပြေးညီ ဆောင်ရွက်ပေးစေလိုပါတယ်။ အခြေအနေတွေ ပြောင်းနေတယ်ဆိုရင် ဟိုဘက်က အကြောင်းကြားတယ်။ လိုအပ်ရင် ကိုယ်တိုင် လိုက်သွားတယ်” ဟု သူက ပြောသည်။

သူက ဆက်ပြီး “အခန့်မသင့်ရင် စာချုပ်အတိုင်း လျော်ရတယ်။ ဒီအတွက် ဌာနဆိုင်ရာဘက်က အရည်အသွေး စစ်ဆေးတဲ့ နေရာမှာလည်း အချိန်ကိုငဲ့ပြီး လုပ်စေချင်ပါတယ်” ဟု ပြောသည်။

သို့သော် အရည်အသွေး စစ်ဆေးရေး ဌာနဘက်က ဝန်ထမ်း မလုံလောက်မှုနှင့် အာဏာရှိသူများ ဝင်ရောက်စွက်ဖက်မှု ရှိနေခြင်းက မြန်ခြင်း၊ နှေးခြင်း အကြောင်းအရာ ပေါ်ပေါက်လာစေသည်ဟု ဆိုသည်။

ဌာနမှ အရာထမ်းတဦးက " အထက်က ညွှန်ကြားချက် ပေးထားတယ်။ ပိုင်ရှင်တွေရဲ့ အာမခံချက်ရရင် X-Ray စက်ကို မဖြတ်နဲ့လို့ ပြောတာရှိတယ်။ လုပ်ထုံးလုပ်နည်းအရတော့ မပါဘူး” ဟု ဆိုသည်။

ပြည်ပသို့ ထွက်နေသည့် ရေထွက်ပစ္စည်းများတွင် အဖိုးတန် ကျောက်စိမ်းနှင့် ကျောက်မျက်ရတနာများ ခိုးဝှက်သယ်ဆောင်မှုများ ရှိနေသည်ဟု နယ်စပ်တာဝန်ကျ အငြိမ်းစား ဗိုလ်မှူးဟောင်းတဦးက ပြောသည်။

“တင်ပို့တဲ့သူတွေ ဘက်ကလည်း မရိုးသားတာတွေ အမြဲဖြစ်နေတာလည်း တကြောင်းပါတယ်။ ဟိုတလောက မူဆယ်ကို ဂဏန်းတင်တဲ့ကားမှာ ကျောက်စိမ်းတွေ ပါနေတယ်။ ပထမ ငါးထဲမှာ ထည့်ဖို့ ကြိုးစားတာ အဆင်မပြေလို့ ဂဏန်းထဲကို ထည့်တာတဲ့။ ဖရဲသီးထဲမှာ ကျောက်မျက်ရတနာတွေ ပါတာလည်း ရှိနေတယ်” ဟု တပ်မတော်မှ ဗိုလ်မှူးဟောင်းတဦးဖြစ်သူ အဆိုပါ တာဝန်ရှိသူက ပြောသည်။

“ဒီလိုတွေ ရှိနေသေးသ၍ ပို့ကုန်တွေ အစစ်ဆေးခံတဲ့နေရာမှာ ပြဿနာ ရှိနေဦးမှာပဲ” ဟု သူက ဆိုသည်။

ပြည်ပ ရေထွက်ကုန် ပင်လယ်အစားအစာ တင်ပို့ရာတွင် မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာန လက်အောက်ရှိ ငါးလုပ်ငန်း ဦးစီးဌာနနှင့် အကောက်ခွန် ဦးစီးဌာတို့၏ စစ်ဆေးချက်များကို ယူရသည်။