ချင်းမိုင် (မဇ္ဈိမ)။ ။ ပင်လယ်ဓားပြများ လက်အောက် ၃၇ ရက်ကြာ နေခဲ့ရသည့် မြန်မာသင်္ဘောသား ၁၂ ဦးကို ဗြိတိန်နိုင်ငံရှိ အသက်အာမခံ ကုမ္ပဏီတခုမှ ယမန်နေ့က လျော်ကြေးငွေများ ပေးအပ်လိုက်သည်။
ဗြိတိန်အခြေစိုက် Protection and Indemnity Club ကုမ္ပဏီက ရန်ကုန်တိုင်း ကျောက်တံတားမြို့ရှိ မြန်မာနိုင်ငံ ပင်လယ်ကူး သင်္ဘောသားများအသင်း ခန်းမတွင် နစ်နာကြေးများ ပေးအပ်လိုက်ခြင်း ဖြစ်သည်။
“ဆိုမာလီမှာ ပြန်ပေးဆွဲကြတဲ့ အထဲမှာ ဒို့မြန်မာတွေက ၁၂ ယောက် ပါတယ်လေ။ ဒို့တတွေက သူတို့ အဲဒီမှာ နေတဲ့အချိန်မှာ သူတို့လက်ထဲက ကိုယ်ပိုင်ပစ္စည်း ဆုံးရှုံးမှုတွေ၊ ငွေကြေး၊ အချိန်တွေ ဆုံးရှုံးမှုတွေအတွက် နစ်နာကြေး တောင်းဆိုကြတယ်။ အာမခံ ကုမ္ပဏီကနေပြီးတော့ အဲဒီလူတွေက ဘယ်သူက ဘယ်လကတည်းက အလုပ်လုပ်ခဲ့တာ၊ ဘယ်လောက် ရနိုင်မယ်ဆိုပြီး ချပေးတယ်” ဟု သင်္ဘောသား အသင်းအုပ်ချုပ်ရေးမှူး ဦးတာတီးက မဇ္စျိမကို ပြောသည်။
ပြန်ပေးဆွဲခံရသူ မြန်မာများသည် အလုပ်သက်တမ်းပေါ် မူတည်ကာ အမေရိကန် ဒေါ်လာ အနိမ့်ဆုံး ရ၉၅ မှ အမြင့်ဆုံး ၁၅၂၄ ထိ ရရှိသည်။
၂၀၀၈ ခု စက်တင်ဘာ ၁၀ ရက်နေ့တွင် တောင်ကိုရီးမှ MV Bright Ruby ဓာတ်မြေသြဇာတင် သင်္ဘောသည် ယူကရိန်းမှ သီရိလင်္ကာသို့ ထွက်ခွာလာရာ ပင်လယ်နီရှိ ဆိုမာလီ ကမ်းစပ်အရောက် မော်တော်ဘုတ်နှင့် ဓားပြများက သင်္ဘောကို စီးနင်းခဲ့ခြင်းဖြစ်သည်။ ဓားပြများ တောင်းဆိုသည့်ငွေကို သင်္ဘောကုမ္ပဏီက ပေးခဲ့ရာမှ သင်္ဘောသားများ ပြန်လွတ်လာခြင်းဖြစ်သည်။
“ဆိုမာလီ ဓားပြ ၅ ယောက်ပေါ့နော်။ သင်္ဘောကို ထိန်းချုပ်လိုက်တယ်။ ခဏကြာရင် သူတို့ ရှိတဲ့နေရာကို လာဖို့ ခေါ်တယ်။ အေးဆေးနေကြပါလို့ ပြောတယ်။ မင်းတို့သင်္ဘော ငါတို့ ထိန်းထားပြီတဲ့။ ၄၊ ၅ စီး ရောက်လာတယ်။ လူစုံပြီဆိုမှ အိန္ဒိယသမုဒ္ဒရာဘက် Eil ဆိုတဲ့ နေရာကို ၄ ရက်ကြာ သွားရတယ်။ ရာသီဥတုက ဆိုးတယ်။ ဟိုရောက်တော့ ပြန်ပေးငွေ စောင့်ရတယ်။ သင်္ဘောပေါ် လာပေးတော့ လွှတ်လိုက်တာပဲ” ဟု ပြန်ပေးလက်မှ ပြန်လွတ်လာသူ မြန်မာသင်္ဘောသား တဦးက မဇ္စျိမကို ပြောသည်။
ကိုရီးယားသင်္ဘောသား ၂ ဦးနှင့်အတူ သူတို့သည် ၃၇ ရက်လုံးလုံး သင်္ဘောမောင်းသည့် အခန်း၌ပင် နေထိုင်စားသောက်ခဲ့ရပြီး၊ အောက်တိုဘာလ ၁၆ ရက်တွင် ပြန်လွတ်ခဲ့သည်ဟု သူက ဆိုသည်။
လျော်ကြေးငွေ ပေးသည်မှာ သင်္ဘောအမျိုးအစားနှင့် ကုမ္ပဏီပေါ် မူတည်ပြီး ရရှိသည်ဟု နစ်နာကြေးများ ရရှိရန် မြန်မာနိုင်ငံ ပင်လယ်ကူး သင်္ဘောသားများအသင်းမှ ဦးဌေးအောင်က မဇ္စျိမကို ပြောသည်။
“ပေါ်လစီ ဥပဒေ စည်းမျဉ်း မရှိပါဘူး။ အက်ဥပဒေမှာ မရှိသေးပေမယ့် ကျနော်တို့ သင်္ဘောသားတွေက စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာတွေ အများကြီးရှိတယ်။ လူမှုရေးရှုထောင့်ကနေ တောင်းဆိုခဲ့တာပါ။ ရသင့်ရထိုက်တဲ့ ငွေကြေးလားဆိုပြီး အာမခံ ကုမ္ပဏီတွေက ဆက်စပ်ကြတယ်။ ပျက်စီးဆုံးရှုံးမှု မရှိအောင် ထိန်းသိမ်းခဲ့လို့ပါပဲ။ ဒါကြောင့် တင်ပြတောင်းဆိုခဲ့တာပါ။ ကျနော်တို့ဘက်ကတော့ အကောင်းဆုံး ငွေကြေးလို့ ပြောရမယ်” ဟု သူက ပြောသည်။
ပြန်ပေးဆွဲခံရသည့် သင်္ဘောသား အားလုံးကို လက်ရှိ သင်္ဘောကုမ္ပဏီ၌ပင် ဆက်လက်၍ ခန့်ထားကြောင်း သိရသည်။ ယခုကဲ့သို့ နစ်နာကြေး ရရှိသည်မှာ ပထမဆုံးအကြိမ် ဖြစ်သည်။
ယခုပြန်ပေးမှု ဖြစ်ပြီးနောက် ၂ဝဝ၈ ခုနှစ် ဒီဇင်ဘာလ ရ ရက်နေ့တွင် ဆိုမာလီဒေသအား အန္တရာယ်ရှိသည့် ဇုန်ဟုဆိုကာ အသင်းက တရားဝင် သတ်မှတ်ခဲ့သည်။ နိုင်ငံတကာ ပင်လယ်ကူး သင်္ဘောများလည်း ဆိုမာလီ ပင်လယ်ဓားပြများ၏ ပြန်ပေးဆွဲမှုကို မကြာခဏ ကြံုတွေ့လေ့ရှိသည်။