ချင်းမိုင် (မဇ္စျိမ)။ ။ ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ်အတွင်း သာဓု ပရိယတ္တိ စာသင်တိုက်မှ ရွှေညဝါဆရာတော် ဟောကြားရန် စီစဉ်ခဲ့သော ယမန်နေ့က ဗုဒ္ဓဘာသာ တရားပွဲအား အကြောင်းပြချက်မရှိဘဲ အဖျက်သိမ်းခံခဲ့ရသည်။
ဤသည်မှာ ပြီးခဲ့သည့် ဇန်နဝါရီလ ၂၆ ရက်နေ့က ရန်ကုန်တိုင်း၊ အလုံမြို့နယ် “လွတ်လပ်ရေး ရပ်ကွက်” ၌ “တကယ့် လွတ်လပ်ရေး” ခေါင်းစဉ်ဖြင့် ဆရာတော်က ဟောကြားခဲ့ပြီးနောက် ယခုတရားပွဲကို ပိတ်ပင်ခံရခြင်း ဖြစ်သည်။
“တရားပွဲပင့်တဲ့ လူတွေက လာလျှောက်တယ်။ ဆရာတော် ဟောလို့ မရပါဘူးတဲ့” ဟု အမည်မဖော်လိုသူ ဆရာတော်၏ ကပ္ပိယတဦးက မဇ္ဈိမကို ပြောသည်။
မည်သူက မည်သည့် အကြောင်းကြောင့် ပိတ်ပင်ရသည်ကို အတိအကျ မပြောနိုင်သော်လည်း အလုံမြို့နယ်တရားပွဲနှင့် ဆက်စပ်နိုင်သည်ဟု သူက ခန့်မှန်းသည်။
ရွှေညဝါ ဆရာတော်သည် ဧရာဝတီတိုင်းရှိ နာဂစ်မုန်တိုင်းသင့် ဒေသများသို့ ကြွရောက်၍ ကယ်ဆယ်ရေး အကူပစ္စည်းများ ပေးလှူခြင်း၊ ရေသန့်ရရှိရေးနှင့် အခြားဝေယျဝစ္စ လုပ်ငန်းများ လုပ်ဆောင်ပေးခြင်း၊ မရှင်းလင်းရသေးသော လေဘေးဒဏ်သင့် ရုပ်အလောင်းများကို ရှင်းလင်းဖယ်ရှား သဂြုႋဟ်ပေးခြင်းနှင့် မကျွတ်မလွတ်သေးသည့် မုန်တိုင်းအတွင်း သေဆုံးခဲ့သူများအတွက် အမျှအတန်းပေးခြင်းများကို လုပ်ဆောင်ပေးခဲ့သည့် ဆရာတော်တပါးဖြစ်သည်။
ဘွဲ့အမည်မှာ အရှင်ပညာသီဟ ဖြစ်ပြီး၊ နှစ်စဉ် မြန်မာတပြည်လုံးရှိ သံဃာပေါင်း ၁ဝဝဝ ကျော်ကို စိစစ်၍ အဘိဓမ္မာ သင်တန်းများ ပို့ချပေးသူဖြစ်သည်။ ပရိယတ္တိလုပ်ငန်းများကြောင့် ရွှေညဝါ ဆရာတော်အဖြစ် ကျော်ဇောထင်ရှားသူ ဖြစ်သည်။