ချင်းမိုင် (မဇ္စျိမ)။ ။ ရွှေတြိဂံဒေသ အတွင်းရှိ မြန်မာနိုင်ငံ ရှမ်းပြည်နယ် မိုင်းဖုန်းဒေသအတွင်း မြန်မာစစ်တပ်နှင့် ဒေသအတွင်း လှုပ်ရှားနေသော မူးယစ်ဂိုဏ်းတခုအကြား ယခုလ ၁၈ ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့သည်။
ခြေမြန်တပ်ရင်း ၅၂၆၊ ၃၅၉ တပ်ဖွဲ့ဝင်များနှင့် ကွယ်လွန်သွားပြီဖြစ်သော ဘိန်းရာဇာ ခွန်ဆာ၏ အမ်တီအေ တပ်မှ လက်ကျန် စိုင်းနော်ခမ်း တပ်ဖွဲ့ဝင်များ အကြား ဖြစ်ပွားခဲ့သည်။
“နအဖ ဘက်က ခမရ ၅၂၆ နဲ့ ၃၅၉။ တိုက်ပွဲက မိုင်းဖုန်းတိုက်နယ်ထဲမှာ ဖြစ်တာ။ သူ့ (စိုင်းနော်ခမ်း) ကို အခုထိ မမိသေးဘူး။ သူနဲ့အတူ အင်အား ၃၀-၄၀ လောက်နဲ့ ပါသွားတယ်” ဟု ထိုင်းနိုင်ငံအခြေစိုက် သျှမ်းသံတော်ဆင့် သတင်းဌာန လက်ထောက် အယ်ဒီတာ ဦးစိန်ကြည်က မဇ္ဈိမကို ပြောသည်။
ရှမ်းပြည်တောင်ပိုင်း တပ်မတော် (SSA-S) ပြောခွင့်ရသူ ဗိုလ်မှူးကြီး စိုင်းလောဝ်ဆိုင်ကလည်း အဆိုပါ တိုက်ပွဲ ဖြစ်ပွားမှုနှင့် ပတ်သက်ပြီး “အဲဒီဘက်မှာ တိုက်ပွဲဖြစ်တာက အမ်တီအေ အကြွင်းအကျန် စိုင်းနော်ခမ်းတို့ တပ်ဖွဲ့နဲ့ တိုက်ပွဲဖြစ်တယ်လို့ပဲ ကြားသိရပါတယ်။ အဲဒီ သတင်းကို ဒီလ ၂၂ ရက်လောက်တုန်းက ကြားသိရတာပါ။ ဖြစ်တဲ့နေရာက ရွှေတြိဂံဂွင်ထဲက မိုင်းဖုန်းရဲ့ အပေါ်ပိုင်း ဝမ်းပုံရွာဘေးနားမှာလို့ ပြောပါတယ်” ဟု သူက ပြောသည်။
တိုက်ပွဲကြောင့် မဲခေါင်မြစ်အတွင်း ဖြတ်မောင်းနေသည့် တရုတ်သင်္ဘောတစီးကို လက်နက်ကြီး ထိမှန်ခဲ့သည်ဟု ဒေသတွင်း စောင့်ကြည့် လေ့လာနေသူများက ပြောသည်။ တရုတ် သင်္ဘောသားတဦး သေဆုံး၍ သုံးဦး ဒဏ်ရာရသွားသည်ဆိုသော သတင်းများ ပေါ်ထွက်နေသည်။
စိုင်းနော်ခမ်းသည် ယခင်က တာချီလိတ်မြို့ပေါ်တွင် နေခဲ့စဉ်ကတည်းက မူးယစ်ဆေးလုပ်ငန်း လုပ်ကိုင်နေသူဖြစ်ပြီး ဒေသခံ အာဏာပိုင်များနှင့် နီးစပ်ခဲ့သော်လည်း နောက်ပိုင်း၌ မူးယစ်ဆေး အမြောက်အမြားနှင့် လက်နက်များ ဖမ်းမိသွားရာမှ ထွက်ပြေးခဲ့ရသူဖြစ်သည်ဟု ဦးစိန်ကြည်က ပြောသည်။
ယခုအခါ မြန်မာ၊ ထို်င်းနှင့် လာအိုတို့ ထိစပ်ရာ ရွှေတြိဂံဒေသ မြန်မာဘက် မိုင်းဖုန်းတိုက်နယ်အတွင်း၌ မူးယစ်ဆေးနှင့် ကုန်သည်များထံမှ ဆက်ကြေး ကောက်လျက်ရှိပြီး သူ၏ လက်နက်ကိုင်များကို ဒေသခံ ရွာသားအများစုဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်ဟု သိရသည်။
မြန်မာနိုင်ငံ မြောက်ဘက် ဝနှင့် မိုင်းလားဒေသများဘက်မှ ထိုင်းနှင့် လာအိုနိုင်ငံများသို့ တင်သွင်းမည့် မူးယစ်ဆေးဝါးများအား မဲခေါင်မြစ်တလျှောက် တရုတ်သင်္ဘောများနှင့် ခိုးသယ်လာလေ့ရှိပြီး၊ စိုင်းနော်ခမ်းတို့အဖွဲ့က ကြိုတင်သတင်းရရှိလျှင် တားဆီး၍ အခွန်ကောက်လေ့ရှိကြောင်း အခွန်မရပါက ပစ်ခတ်လေ့ရှိကြောင်း ဦးစိန်ကြည်က ပြောသည်။
ရွှေတြိဂံနယ်မြေအတွင်း၌ ထိုင်း၊ လာအို၊ တရုတ်နှင့် မြန်မာက ၄ နိုင်ငံ မူးယစ်ဆေးဝါး ပူးပေါင်းနှိမ်နင်းရေး စီမံကိန်းများ လုပ်ဆောင်နေသည်။
စိုင်းနော်ခမ်းသည် ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီလ ၂၅ ရက်နေ့က မဲခေါင်မြစ်အတွင်း ကင်းလှည့်နေသော တရုတ်စစ်သင်္ဘောကို ပစ်ခတ်ခဲ့ဖူးပြီး၊ တရုတ်အရာရှိ ၃ ဦး ဒဏ်ရာရခဲ့ကြောင်း သျှမ်းသံတော်ဆင့်သတင်းတွင် ဖော်ပြထားသည်။