အိမ့်ခိုင်ဦးကို သတင်းထောက် သူရဲကောင်းဆု ချီးမြှင့်

အိမ့်ခိုင်ဦးကို သတင်းထောက် သူရဲကောင်းဆု ချီးမြှင့်
နာဂစ် ဒုက္ခသည်များအရေး သတင်းယူသဖြင့် ဖမ်းဆီးကာ ထောင်ဒဏ် ၂ နှစ် ချခံရသည့် ရန်ကုန်အခြေစိုက် Ecovision ဂျာနယ်မှ သတင်းထောက် မအိမ့်ခိုင်ဦးကို ကန်ဂျိ နာဂါအိ သတင်းထောက် သူရဲကောင်းဆုကို ယခုလ ၂၁ ရက်နေ့က မြန်မာသတင်းသမဂ္ဂ - BMA ညီလာခံတွင် ချီးမြှင့်ခဲ့ ...

ချင်းမိုင်။     ။ နာဂစ် ဒုက္ခသည်များအရေး သတင်းယူသဖြင့် ဖမ်းဆီးကာ ထောင်ဒဏ် ၂ နှစ် ချခံရသည့် ရန်ကုန်အခြေစိုက် Ecovision ဂျာနယ်မှ သတင်းထောက် မအိမ့်ခိုင်ဦးကို ကန်ဂျိ နာဂါအိ သတင်းထောက် သူရဲကောင်းဆုကို ယခုလ ၂၁ ရက်နေ့က မြန်မာသတင်းသမဂ္ဂ - BMA ညီလာခံတွင် ချီးမြှင့်ခဲ့သည်။  

ရွှေဝါရောင် တော်လှန်ရေးတွင် သတင်းယူရင်း မြန်မာစစ်တပ်က ပစ်ခတ်၍ သေဆုံးခဲ့သူ ဂျပန်သတင်းထောက်  နာဂါအိကို ဂုဏ်ပြုသည့်အနေဖြင့် တိုကျိုအခြေစိုက် သူ၏ မိခင်သတင်းဌာန APF နှင့် BMA က ကမကထပြုကာ မအိမ့်ခိုင်ဦးကို စတင်ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။   

“အမှန်တကယ် မြန်မာနိုင်ငံမှာ သတင်းသမားတွေ အများကြီး ရှိပါတယ်။ အသက်ကြီးတဲ့ ဘဝအများကြီး ရင့်ကျက်တဲ့ လူတွေလည်း ရှိပါတယ်။ နှစ်ရှည်ထောင်ကျနေတဲ့ လူတွေလည်း ရှိပါတယ်။ သို့သော်လည်း မအိမ့်ခိုင်ဦး ကတော့ သတင်းရယူရင်းနဲ့ အဖမ်းခံရတာ ဖြစ်တဲ့အတွက် ပေးတာ ဖြစ်ပါတယ်” ဟု BMA ဥက္ကဋ္ဌ ဦးမောင်မောင်မြင့်က ပြောသည်။

ဆုပေးပွဲသို့ တက်ရောက်ရန် ကာယကံရှင်၏ မိသားစုဝင်များကို ဆက်သွယ်သော်လည်း ယခုအချိန်ထိ ဆက်သွယ် မရသဖြင့် RFA သတင်းထောက် မစုမွန်အေးက ကိုယ်စား ဆုလက်ခံယူခဲ့သည်။

မစုမွန်အေးက ''နာဂအိဆုကို လက်ခံရယူရတဲ့အတွက် စိတ်ထဲမှာ နှစ်ခုဖြစ်တာပေါ့နော်။ တခုကတော့ သူ လုပ်ထားတဲ့ လုပ်ဆောင်ချက်အပေါ်မှာ ဒီသတင်းဌာနကနေ အသိအမှတ်ပြုပြီးတော့ သူ့ကို ဆုပေးတဲ့အတွက် အမအနေနဲ့ သူ့အတွက် ဂုဏ်ယူမိတယ်။ နောက်တခုကတော့ ၀မ်းနည်းမိတယ်ပေါ့နော်၊ စိတ်ထဲမှာ'' ဟု ပြောသည်။

သူက ဆက်ပြီး ''အမတို့ကတော့ သူ့အတွက် ဒီကိုလာပြီး တခမ်းတနားနဲ့ ဆုကို ယူနေတဲ့အချိန်၊ ဒီအချိန်မှာ အိမ့်ခိုင်ဦး ဘယ်လို နေနေမလဲဆိုတာကို ပြန်ပြီးတော့ စဉ်းစားမိတာပေါ့နော်။ ဆုလက်ခံယူတဲ့အချိန်က နေ့လည်ဆိုတော့ ဒီအချိန်မှာ သူဟာ ထောင်ထမင်းဟင်းကို စောင့်နေတဲ့အချိန်လည်း ဖြစ်ချင်ဖြစ်မယ်။ သူ မိလ္လာချဖို့၊ ရေချိုးချဖို့ စောင့်နေတဲ့အချိန်လည်း ဖြစ်နိုင်တာပေါ့နော်။ သူ သိခွင့်လည်း ရချင်ရမယ်၊ မရရင်လည်း မရဘူးပေါ့။ အဲဒီအနေအထားတခုမှာ အမစိတ်ထဲမှာ သူ့အတွက် စိတ်မကောင်းဖြစ်မိတယ်''

ဆုငွေအဖြစ် ဒေါ်လာ တထောင်နှင့် ဆုတံဆိပ်ကို မိသားစုထံ ပေးပို့သွားမည်ဟု သိရသည်။  

နာဂအိသည် ရန်ကုန်မြို့တွင် ၂၀၀၇ ရွှေဝါရောင် လှုပ်ရှားမှုအတွင်း သတင်းလိုက်ယူစဉ် မြန်မာအစိုးရ စစ်တပ်ဖွဲ့မှ ပစ်ခတ်သဖြင့် လမ်းမထက်တွင် သေဆုံးခဲ့ရသည်။ သူ၏ ဘဝရုပ်ပုံ မှတ်တမ်းတင် ဗီဒီယိုလည်း ညီလာခံအတွင်း ပြသခဲ့သည်။

သတင်းရယူစဉ် ဖမ်းဆီးခံရသူ၊ သတင်းလွတ်လပ်ခွင့် ကြိုးပမ်းစဉ် ဖမ်းဆီးခံရသူများအား အဓိက သတ်မှတ်ကာ ပြည်တွင်းပြည်ပမှ သတင်းသမားများ ဆုံစည်းနိုင်သည့် BMA နှစ်ပတ်လည် ညီလာခံများတွင် ဆက်လက် ရွေးချယ်ကာ ယခုဆုကို ချီးမြှင့်သွားမည်။  

ယခု ၆ ကြိမ်မြောက် BMA ညီလာခံသို့ ပြည်တွင်းပြည်ပမှ သတင်းသမားများ၊ စာရေးဆရာများ၊ ကဗျာဆရာများနှင့် ဘလော့ဂါများ တက်ရောက်ခဲ့သည်။

ညီလာခံအတွင်း မြန်မာပြည်တွင်းမှ သတင်းစာ ဆရာကြီးများဖြစ်သည့် လူထုဦးစိန်ဝင်း၊ ဆရာကြီး ဦးဝင်းတင် (ဟံသာဝတီ) နှင့် စာရေးဆရာကြီး ဒဂုန်တာရာ၏ အမှာစကားများကို ဗီဒီယိုပြခဲ့သည်။  

ဆရာကြီး လူထုစိန်ဝင်းက သတင်းသမားကောင်းဆိုသည်မှာ အမှန်တရားဘက်မှ ဘက်လိုက်ရန် မှာကြားခဲ့သည်။

''လူထုစိန်ဝင်းရဲ့ အမှာစကားအပေါ် ကျနော်တို့ဘက်မှာ ထောက်ခံဆွေးနွေးတဲ့ သဘောမျိုး နေရာအနှံ့မှာ တွေ့ရတယ်။ စည်းဝေးခန်းမမှာရော၊ အပြင်မှာရောပေါ့နော်။ အမှန်တရားကို ဘက်လိုက်ရမယ် ဆိုတာကြောင့် သတင်းထောက်တိုင်းဟာ မှန်ကန်တဲ့ဘက်က လုပ်နေသူ ဖြစ်တယ်။ နိုင်ငံရေးအမြင်အရဆိုရင် ကြားမှာ နေရမယ့် သဘောပဲ ရှိတယ်။ ဒါပေမဲ့ မှန်တာနဲ့ မမှန်တာ အားပြိုင်တဲ့အခါ သတင်းသမားတိုင်းရဲ့ သစ္စာလို့ ပြောရမယ်'' ဟု BMA ဥက္ကဋ္ဌ ဦးမောင်မောင်မြင့်က မဇ္စျိမကို ပြောသည်။   

ညီလာခံအတွင်း၌ ၂ဝဝ၇ ရွှေဝါရောင်အပြီး ပြည်ပရောက် သတင်းမီဒီယာ ဝက်ဆိုဒ်များအား ဆိုက်ဘာ နည်းပညာနှင့် တိုက်ခိုက်ခံရမှု၊ မြန်မာ့အရေးကို သတင်းသမားတဦးအဖြစ် ရေးသားသည့် လယ်ရီဂျေဂင်၏ ၂ဝ၁ဝ ရွေးကောက်ပွဲတွင် သတင်းသမားများ ပြင်ဆင်ရမည့် အချက်အလက်များ၊ မြန်မာယူနီကုတ်ကို ကျယ်ပြန့်စွာ သုံးစွဲလာရေးများ ဆွေးနွွေးခဲ့သည်။

ဦးမောင်မောင်မြင့်က ''၂ဝ၁ဝ ရွေးကောက်ပွဲမှာ သတင်းသမားတွေ ဘယ်လို ဆက်လုပ်မယ်ဆိုတာ စောပါသေးတယ်။ နိုင်ငံခြား သတင်းထောက်တွေကိုတော့ ဝင်ကောင်းဝင်နိုင်မယ်။ ဒါပေမဲ့ ပြည်တွင်းပြည်ပ သတင်းသမားတွေ ဘယ်လို ပုံစံတွေနဲ့ ပေးဝင်မယ်ဆိုတာ သတင်းပေးခွင့်၊ သတင်းယူခွင့် ပေးမယ်ဆိုတာ မသိသေးတဲ့အတွက် အခုချိန်မှာ ဆွေးနွေးဖို့ စောသေးတယ်လို့ ထင်တယ်'' ဟု ပြောသည်။

မြန်မာပြည်တွင် သတင်းလွတ်လပ်ခွင့် ရရှိရေး ရည်ရွယ်ချက်များဖြင့် BMA ကို ပြည်ပရောက် မြန်မာသတင်းသမားများ၊ စာရေးဆရာများနှင့် ၂ဝဝ၁ ခုနှစ် ဇန်နဝါရီလတွင် စတင်တည်ထောင်ခဲ့ရာ၊ ယခုအခါ သမဂ္ဂအဖွဲ့ဝင်ပေါင်း ၁၅ဝခန့် ရှိနေပြီး၊ ညီလာခံကို ၂ဝဝ၃ ခုနှစ်မှ စတင်ကာ နှစ်စဉ် ကျင်းပလာခဲ့သည်။  

BMA က မြန်မာသတင်းသမဂ္ဂမှ ၂ဝဝ၆ ခုနှစ်တွင် သတင်းထောက်များ၏ ကျင့်ဝတ်နှင့် တာဝန်၊ သတင်းသမား သတိထားစရာ မြန်မာစာနှင့် စကားသံများ လက်စွဲစာအုပ်တို့အပြင် ဥဒါန်းအမည်ရှိ ဂျာနယ်ကိုလည်း မကြာခဏ ထုတ်ဝေခဲ့သည်။

Most read this week