နယူးဒေလီ (မဇ္ဈိမ) ။ ။ မြန်မာနိုင်ငံသို့ သွားရောက်ခဲ့သော သူ၏ နောက်ဆုံးခရီးစဉ်သည် ယခုအထိ မည်သည့် ခိုင်မာသောရလဒ်မှ မရရှိခဲ့သေးဟု မြန်မာနိုင်ငံဆိုင်ရာ ကုလ သံတမန် မစ္စတာ အီဘရာဟင် ဂမ်ဘာရီက သောကြာနေ့က လုံခြံုရေးကောင်စီကို ပြောကြားလိုက်သည်။
နောက်ဆုံးအကြိမ်အဖြစ် ဇန်နဝါရီလ ၃၁ ရက်မှ ဖေဖော်ဝါရီလ ၃ ရက်အထိ အလည်အပတ်သွားခဲ့သော ဂမ်ဘာရီက ၁၅ နိုင်ငံပါ လုံခြံုရေးကောင်စီ၏ တံခါးပိတ် အစည်းအဝေးတွင် ယခုလို ပြောကြားလိုက်ခြင်းဖြစ်သည်။
"ကျနော့်ခရီးစဉ်ကနေ မယ်မယ်ရရ ရလဒ် မြင်တွေ့ရခြင်း မရှိသေးပါ" ဟု ကုလအတွင်းရေးမှူးချုပ်၏ အထူးအကြံပေးက အဆိုပါ တံခါးပိတ်အစည်းအဝေးတွင် သတင်းထောက်များကို ပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင် အပြောင်းအလဲများ ဖြစ်ပေါ်အောင် လုပ်ဆောင်ပါမည်ဟုဆိုသော မိမိတို့၏ ကတိကို သက်သေပြပါရန် မြန်မာအစိုးရကို မိမိတိုက်တွန်းခဲ့သည်ဟု သူက ဆိုသည်။
၂ဝ၁ဝ ရွေးကောက်ပွဲကို သူ မထောက်ခံကြောင်း မြန်မာစစ်အစိုးရကို ပြောခဲ့သည်ဟု ဂမ်ဘာရီက ဆိုသည်။ သို့သော် အထိန်းသိမ်းခံ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဆွေးနွေးပွဲများ ပြန်လည်ပြုလုပ်ရန်နှင့် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရန်မူ အစိုးရကို တိုက်တွန်းခဲ့သည်ဟု သူက ဆက်ပြောသည်။
"ကျနော်တို့ရဲ့ ရပ်တည်ချက်က မပြောင်းလဲပါဘူး။ ၂ဝ၁ဝ မှာပဲဖြစ်ဖြစ်၊ ဘယ်အချိန်မှာပဲဖြစ်ဖြစ် ကျင်းပမယ့် ရွေးကောက်ပွဲတွေကို ကျနော်တို့က ထောက်ခံပြီး ပြောနေတာ မဟုတ်ပါဘူး။ ဒီကိစ္စဟာ အစိုးရနဲ့ မြန်မာပြည်သားတွေ ဆုံးဖြတ်ရမယ့်ကိစ္စ ဖြစ်ပါတယ်။ ဒါပေမဲ့ ကျနော်တို့ ဆက်ပြီး ထောက်ခံပြောဆိုနေတာက အဲဒီရွေးကောက်ပွဲတွေ ကျင်းပတဲ့အချိန်မှာ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲတွေ ပေါ်ပေါက်လာစေမယ့် အခြေအနေတွေ ရှိနေဖို့သာ ထောက်ခံပြောဆိုနေတာ ဖြစ်ပါတယ်" ဟု ဂမ်ဘာရီက သတင်းထောက်များကို ပြောသွားသည်။
ကုလသံတမန်သည် သူ၏ နောက်ဆုံးခရီးစဉ်အတွင်း မြန်မာနိုင်ငံ ဝန်ကြီးချုပ် သိန်းစိန်၊ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) မှ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များနှင့် တွေ့ဆုံနိုင်ခဲ့သည်။
သို့သော် မြန်မာစစ်တပ်အကြီးအကဲ ဗိုလ်ချုပ်မှူး ကြီးသန်းရွှေကမူ ကုလသံတမန်နှင့် တွေ့ဆုံရန် ငြင်းဆန်ခဲ့သည်။
ဂမ်ဘာရီကဲ့သို့ပင် NLD ကလည်း သူ၏ မကြာသေးခင်က လာရောက်ခဲ့သော ခရီးစဉ်သည် မည်သည့် ထူးခြားသော ရလဒ်မှ မရခဲ့သော်လည်း အမျိုးသား ရင်ကြားစေ့ရေး လုပ်ငန်းစဉ်အတွက် ကုလသမဂ္ဂ၏ ကြိုးပမ်းဆောင်ရွက်ချက်များကိုမူ ချီးကျူးအသိအမှတ်ပြုပါကြောင်း ပြောဆိုသည်။
"မစ္စတာဂမ်ဘာရီရဲ့ ခရီးစဉ်က ဘာရလဒ်မှ ထွက်လာတာကို ကျနော်တို့ မမြင်ရသေးဘူး။ ဒါပေမဲ့ သူ့ကိုရော၊ ကုလသမဂ္ဂကိုရော သူတို့ရဲ့ ကြိုးပမ်းမှုတွေကို ဆက်လုပ်စေချင်ပါတယ်" ဟု NLD ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက အစောပိုင်းက မဇ္ဈိမကို ပြောကြားခဲ့သည်။
မြန်မာစစ်အစိုးရက စည်းကမ်းနှင့် အကျင့်စာရိတ္တ ကောင်းမွန်သော အကျဉ်းသား ၆ဝဝဝ ကျော်ကို နိုင်ငံတဝှမ်းလုံးရှိ အကျဉ်းထောင်များမှ လွှတ်ပေးမည်ဟု သောကြာနေ့က ကြေညာခဲ့သည်။
ဤကြေညာချက်ကို သူ့အနေဖြင့် ကြိုဆိုပါသော်လည်း လွှတ်ပေးလိုက်သူများထဲတွင် နိုင်ငံရေးသမားများ ပါဝင်သည်ကိုမူ မြင်တွေ့လိုကြောင်း မစ္စတာဂမ်ဘာရီက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသွားသည်။
"တချိန်ထဲမှာပဲ အခုလို အကျဉ်းသားတွေ လွှတ်ပေးတာ၊ အထူးသဖြင့် နိုင်ငံရေးသမားတွေ လွှတ်ပေးတာကို ကြိုဆိုတာ မျှတမှုရှိတယ်လို့ ကျနော် ယုံကြည်ပါတယ်" ဟုလည်း ဂမ်ဘာရီက ပြောသွားသည်။