တရုတ်စီးပွားရေး နှေးကွေးသဖြင့် မြန်မာ့သတ္တုတွင်းလုပ်ငန်း ထိခိုက်

တရုတ်စီးပွားရေး နှေးကွေးသဖြင့် မြန်မာ့သတ္တုတွင်းလုပ်ငန်း ထိခိုက်
by -
မိုးသူ
တရုတ်ပြည် စီးပွားရေး နှေးကွေးသွားသဖြင့် နိုင်ငံခြားငွေမာ အဓိက ရှာပေးသည့် မြန်မာ့သတ္ထုတွင်း လုပ်ငန်းလည်း စျေးကျသွားကာ ပျက်စီးပြိုလဲဖွယ် ရှိနေသည်။ ကမ္ဘာ့စျေးကွက်၌ သန့်စင်ပြီး သွပ်နှင့် ခဲ စျေးနှုန်းမှာ ယခုလ ဒုတိယပတ်အတွင်း တတန်လျှင် အမေရိကန်ဒေါ်လာ သောင်းတထောင်သို့ ကျဆင်းသွား ...

ရန်ကုန် (မဇ္ဈိမ) ။     ။ တရုတ်ပြည် စီးပွားရေး နှေးကွေးသွားသဖြင့် နိုင်ငံခြားငွေမာ အဓိက ရှာပေးသည့် မြန်မာ့သတ္ထုတွင်း လုပ်ငန်းလည်း စျေးကျသွားကာ ပျက်စီးပြိုလဲဖွယ် ရှိနေသည်။

ကမ္ဘာ့စျေးကွက်၌ သန့်စင်ပြီး သွပ်နှင့် ခဲ စျေးနှုန်းမှာ ယခုလ ဒုတိယပတ်အတွင်း တတန်လျှင် အမေရိကန်ဒေါ်လာ သောင်းတထောင်သို့ ကျဆင်းသွားခဲ့ပြီး၊ ယခင်နှစ် နိုဝင်ဘာလစျေးနှင့် နှိုင်းယှဉ်လျှင် ၂၇ ရာခိုင်နှုန်း ကျဆင်းသွားခြင်းဖြစ်သည်။

"ကျနော်တို့ကတော့ တနင်္သာရီတိုင်းမှာရှိတဲ့ သတ္တုတွင်းလုပ်ငန်းတွေကို မလွှဲမရှောင်သာ ရပ်နားထားဖို့ ပြင်နေပါပြီ၊" ဟု ဒေသခံ သတ္တုတွင်း လုပ်ငန်းရှင်တဦးက ပြောသည်။

တွင်းထွက်များ စျေးကျဆင်းလာခြင်းကြောင့် လုပ်ငန်းကို ဆက်ထိန်းနိုင်ရန် ခက်ခဲလာပြီး၊ ဤအချက်သည် တနိုင်ငံလုံးရှိ သတ္တုတွင်းလုပ်ငန်း အားလုံး၏ အခြေအနေကို ရောင်ပြန်ဟပ်နေကြောင်း သူက ဆက်ပြောသည်။

ထုတ်လုပ်စရိတ် မြင့်တက်နေသဖြင့် ဆက်လက် တူးဖော်ထုတ်လုပ်ပါက ပိုမို အရှုံးပေါ်မည်ဟု သတ္တုတွင်းလုပ်ငန်းရှင်က ဆိုသည်။ သတ္တုတွင်းလုပ်ငန်းရှင်အများစုက ထုတ်လုပ်မှုလုပ်ငန်းများ ရပ်ဆိုင်းထားရန် ဆုံးဖြတ်ထားကြပြီး သူတို့အလုပ်ခွင်တွင် ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများကို ပြောင်းလဲ လုပ်ဆောင်ကြမည်ဟု ပြောဆိုသည်။

တွင်းထွက်နှင့် ကျောက်မျက်များ တူးဖော်ထုတ်လုပ်နေသော အခြား သတ္တုတွင်းလုပ်ငန်းရှင်ကမူ သူ့လုပ်ငန်း အရှိန်မပျက် လည်ပတ်နေရန် မနည်းပင် ရုန်းကန်နေရကြောင်း ပြောသည်။ မည်သို့ပင်ဆိုစေ သူ့အနေဖြင့် စျေးနှုန်းများ ကျလာနေသဖြင့် ထုတ်လုပ်မှုကို လျှော့ချရတော့မည်ဟု ပြောသည်။

တရုတ်နိုင်ငံသည် အိမ်နီးချင်းနိုင်ငံများတွင် ထုတ်လုပ်သမျှ တွင်းထွက်နှင့် ကျောက်စိမ်း အကုန်နီးပါးကို ဝယ်ယူနေသည့် နိုင်ငံဖြစ်သည်။ တရားဝင် စာရင်းဇယားများအရ တရုတ်သည် အရှေ့တောင်အာရှ နိုင်ငံများတွင်   ထိုင်းပြီးလျှင် ဒုတိယအကြီးဆုံး ကုန်သွယ်ဘက်နိုင်ငံ ဖြစ်သည်။

"တရုတ်စီးပွားရေး အေးနေလို့ မတ်လမှာ ကျင်းပမယ့် မြန်မာနိုင်ငံ ကျောက်မျက်နှင့် ကျောက်စိမ်းပြပွဲက ရောင်းကောင်းလိမ့်မယ်လို့ မထင်ဘူး" ဟု ကျောက်တွင်း လုပ်ငန်းရှင်တဦးက ပြောသည်။

ဤသို့ တွင်းထွက်နှင့် ကျောက်မျက်စျေးနှုန်းများ ကျဆင်းနေသည့်အတွက် သတ္တုတွင်းကုမ္ပဏီ အသေးစားလေးများသည် လုပ်ငန်းများကို ရောင်းချဖွယ်ရှိနေကြောင်း သတ္တုတွင်းလုပ်ငန်းရှင်များက ပြောသည်။

မြန်မာသည် တရုတ်သို့ ကျောက်စိမ်း၊ သတ္တုရိုင်း၊ ရေထွက်ကုန်ပစ္စည်းများနှင့် ကျွန်းသစ် တင်ပို့ပြီး တရုတ်နိုင်ငံမှ အီလက်ထရွန်းနစ် ပစ္စည်းများနှင့် စက်ပစ္စည်းများကို ပြန်လည်တင်သွင်းသည်။

တရုတ်နိုင်ငံ၏ စီးပွားရေးသည် ၂ဝဝ၈ ခုနှစ် နောက်ဆုံးလေးလပတ်တွင် တိုးတက်မှုနှုန်း  ၆ ဒဿဿမ ၈ ရာခိုင်နှုန်းအထိ ကျဆင်းကာ နှေးကွေးသွားခဲ့ပြီး၊ တနှစ်လုံးအတွက်ဆိုလျှင် ၉ ရာခိုင်နှုန်းသာ ရှိသည်ဟု ဆိုသည်။ ယင်းသည် ၂ဝဝ၇ ခုနှစ်က ရှိခဲ့သော စီးပွားရေးတိုးတက်မှုနှုန်း ၁၃ ရာခိုင်နှုန်းမှ ကျဆင်းသွားခဲ့ခြင်းဖြစ်သည်ဟု အမျိုသား စာရင်းအင်းဗျူရို၏ အစီရင်ခံစာအရ သိရသည်။ ဤ အချက်သည် ကမ္ဘာလုံးဆိုင်ရာ ဘဏ္ဍာရေးအကျပ်အတည်းနှင့် ပြည်တွင်းအကျပ်အတည်းများကြောင့် ကမ္ဘာ့ တတိယအင်အားအကြီးဆုံး နိုင်ငံ၏ စီးပွားရေးလည်း အကြီးအကျယ် စတင်၍ ထိခိုက်ခံစားနေရပြီဖြစ်ကြောင်း သက်သေထူလိုက်ခြင်းဖြစ်သည်။

ဤသို့ လုပ်ငန်းများ ရပ်ဆိုင်းရန် ဆုံးဖြတ်လိုက်ရခြင်း နောက်အကြောင်းရင်းတခုမှာ ထုတ်လုပ်မှုစရိတ်များ တိုးမြင့်လာခြင်းနှင့် အစိုးရ၏ အခွန်အကောက်မူဝါဒများကြောင့်လည်း ဖြစ်သည်ဟု အခြား သတ္တုတွင်း လုပ်ငန်းရှင်တဦးက ပြောသည်။

သတ္တုတူးဖော်ရေး ကုမ္ပဏီများအနေဖြင့် ထုတ်လုပ်မှု၏ ၃ဝ ရာခိုင်နှုန်းနှင့် ပို့ကုန်ခွန်အဖြစ် နောက်ထပ် ၁ဝ ရာခိုင်နှုန်းကို ပေးရကြောင်းနှင့် ထို့ပြင် ပြည်တွင်း အခွန်ဦးစီးဌာနသို့လည်း အခွန်သီးသန့်ပေးရသေးကြောင်း သိရသည်။

"အစိုးရက အခွန်အဖြစ် ၄၈ ရာခိုင်နှုန်းယူတယ်။ ဒီတော့ ကျနော်တို့က ထုတ်လို့ရတာရဲ့ တဝက်ပဲ ရတယ်" ဟု သူက ပြောပြီး၊ မိုင်းလုပ်ငန်းတွင် အသုံးပြုရသော လောင်စာဆီနှင့် ဒိုင်းနမိုက်တို့၏ စျေးများလည်း မြင့်တက်လာခဲ့ကြောင်း သူက ဆက်ပြောသည်။

ဒေသတွင်းတွင် မိုင်းလုပ်ငန်း လုပ်ကိုင်နေသူ ၃ဝ ခန့်ရှိပြီး အများစုမှာ သတ္တုတူးဖော်ရေး လုပ်ငန်း လုပ်ကိုင်ကြသူများ ဖြစ်သည်။ ယခုကဲ့သို့ ဘဏ္ဍာရေးအကျပ်အတည်း ဆက်ဖြစ်နေချိန်တွင် ဆက်လက်ယှဉ်ပြိုင် လုပ်ကိုင်နိုင်စွမ်းမရှိ ဖြစ်နေကြရသည်။

"ဒီလို ယှဉ်ပြိုင်လုပ်ကိုင်နိုင်စွမ်း မရှိတော့လို့ တခြားနိုင်ငံခြား ကုမ္ပဏီတွေဖြစ်တဲ့ အိုင်ဗင်ဟိုး (Ivanhoe) နဲ့ တရုတ်သံ မဟုတ်တဲ့ သတ္တုတူးဖော်ထုတ်လုပ်ရေး ကုမ္ပဏီ (CHMC) ၊ နီကယ်ကုမ္ပဏီ (CNMC) တို့လို ဆက်ပြီး မရပ်တည်၊ မရှင်သန်နိုင်တော့ဘူး" ဟု ရန်ကုန်အခြေစိုက် စီးပွားရေးဆောင်းပါးရှင်က ပြောသည်။

ဤကုမ္ပဏီများအပြင် ကျောက်မျက်နှင့် ကျောက်စိမ်းတူးဖော် ထုတ်လုပ်နေသော ဒေသခံသတ္တုလုပ်ငန်းရှင် ၆ဝ ခန့် ရှိသည်။