အတိုက်အခံ အဖွဲ့အစည်းများနှင့် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ရန် စင်ပြိုင် အစိုးရကို တိုက်တွန်း

အတိုက်အခံ အဖွဲ့အစည်းများနှင့် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ရန် စင်ပြိုင် အစိုးရကို တိုက်တွန်း
by -
ဆော်လမွန်
မြန်မာ့နိုင်ငံရေးတွင် ထိုးဖောက်အောင်မြင်မှုတရပ် ရရှိရေးအတွက် အတိုက်အခံ အင်အားစုများ အားလုံးနှင့် ညီညွတ်စွာ လုပ်ဆောင်သင့်ကြောင်း ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားကောင်စီ (အန်စီယူဘီ)က စင်ပြိုင်အစိုးရကို ပြောကြား ...

နယူးဒေလီ (မဇ္ဈိမ)။     ။ မြန်မာ့နိုင်ငံရေးတွင် ထိုးဖောက်အောင်မြင်မှုတရပ် ရရှိရေးအတွက် အတိုက်အခံ အင်အားစုများ အားလုံးနှင့် ညီညွတ်စွာ လုပ်ဆောင်သင့်ကြောင်း ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားကောင်စီ (အန်စီယူဘီ)က စင်ပြိုင်အစိုးရကို ပြောကြားလိုက်သည်။

စင်ပြိုင်အစိုးရဖြစ်သည့် ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားညွှန့်ပေါင်းအစိုးရ (အန်စီဂျီယူဘီ) သည် အတိုက်အခံ လှုပ်ရှားမှု၏ ခေါင်းဆောင် အခန်းကဏ္ဍကို ယူရာတွင် မအောင်မြင်ခဲ့ကြောင်းနှင့် ယခုအချိန်သည် ပြည်တွင်း ဒီမိုကရေစီလှုပ်ရှားမှုကို အထိရောက်ဆုံး လုပ်နိုင်ရန် အလေးအနက် လုပ်ဆောင်ရမည့် အချိန်ဖြစ်သည်ဟု တပ်ပေါင်းစုအဖွဲ့၏ တွဲဘက် အထွေထွေအတွင်းရေးမှုး(၁) ဦးမြင့်သိန်းက ပြောသည်။

"အရင်ကတော့ အန်စီဂျီယူဘီ အနေနဲ့ ပြည်တွင်းမှာကော၊ ပြည်ပမှာပါ နိုင်ငံရေး လှုပ်ရှားမှုနဲ့ ပတ်သက်လို့ ခေါင်းဆောင်မှု အခန်းကဏ္ဍကို မယူနိုင်ခဲ့ပါဘူး။ အခုလည်း ကျနော်တို့ သူတို့ကို ဆက်လက်ပြီး စောင့်ကြည့်သွားပါမယ်" ဟု ဦးမြင့်သိန်းက ပြောသည်။

ပါလီမန်အမတ်များသမဂ္ဂ (အမ်ပီယူ)၏ အိုင်ယာလန်နို်င်ငံ ဒဗ္ဗလင်မြို့တွင် ကျင်းပသော အစည်းအဝေးက ဒေါက်တာစိန်ဝင်းကို စင်ပြိုင်အစိုးရ ၀န်ကြီးချုပ်အဖြစ် ပြန်လည် ရွေးချယ်အပြီးတွင် ပေါ်ထွက်လာခြင်း ဖြစ်သည်။

အန်စီဂျီယူဘီကို ၁၉၉၀ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သော လွှတ်တော် ကိုယ်စားလှယ်များထဲမှ ပြည်ပရောက် အမတ်များဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။ မကြာခင်က အသစ် ရွေးချယ်ခံရသော အစိုးရအဖွဲ့တွင် ၀န်ကြီးချုပ်အပြင် ၀န်ကြီး ၆ ဦး ပါရှိသည်။

ဒေါက်တာစိန်ဝင်းသည် နေအိမ်အကျယ်ချုပ် ကျခံနေရသော ဒေါ်အောင်ဆန်းစုကြည်၏ အကိုဝမ်းကွဲတော်သူဖြစ်ပြီး ၁၉၉၀ ခုနှစ်ကတည်းက ၀န်ကြီးချုပ်အဖြစ် တောက်လျှောက် အရွေးခံခဲ့ရသည်။

လွှတ်တော်ကိုယ်စားလှယ်များသာ ပါ၀င်ခွင့်ရှိသော အတိုက်အခံ အစိုးရအဖွဲ့၏ ခေါင်းဆောင်မှု အခန်းကဏ္ဍနှင့် ပတ်သက်၍ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှုတွင် ဝေဖန်ဆွေးနွေးဖွယ်ရာ ဖြစ်နေခဲ့သည်။

ဇန်နဝါရီလ ၁ ရက်နေ့က  အန်စီယူဘီ၏ ကြေညာချက်တွင် အဝေးရောက် အစိုးရသစ်ကို ဖွဲ့စည်းသွားမည်ဟု ကြေညာချက်တရပ် ထုတ်ပြန်ကြေညာခဲ့သည်။

ကြေညာချက်ကြောင့် အတိုက်အခံ အင်အားစုများအကြား အမျိုးမျိုးသော မှန်းဆပြောကြားချက်များ ဖြစ်ပေါ်စေခဲ့ပြီး စင်ပြိုင်အစိုးရ နှစ်ရပ်ပေါ်ပေါက်လာမည့် အရေးကို အများစုက ဆန့်ကျင်ခဲ့ကြသည်။ သို့သော်လည်း အချို့ကလည်း လက်ရှိ အန်စီဂျီယူဘီ၏ အခြားအတိုက်အခံ အဖွဲ့ဝင်များနှင့် တိုင်းရင်းသား အဖွဲ့အစည်း အများအပြားကို လွှမ်းခြံု ထိစပ်ထားနိုင်ခြင်းမရှိ ဟုဆိုကာ ဤစိတ်ကူးကို ထောက်ခံသူများလည်း ရှိခဲ့သည်။

ဤအတောအတွင်း မြန်မာနိုင်ငံ၏ သက်တမ်းအရှည်ဆုံး အတိုက်အခံ လက်နက်ကိုင် အဖွဲ့အစည်းဖြစ်သော ကရင်အမျိုးသား အစည်းအရုံး (ကေအင်ယူ) ၏ ဒုဥက္ကဌ ဒေးဗစ်သာကပေါကလည်း သူ့အနေဖြင့် အန်စီဂျီယူဘီသည် ပြည်သူလူထု၏ မျှော်မှန်းချက်ကို ကိုယ်စားပြု လုပ်ဆောင်နို်င်လိမ့်မည်ဟု မျှော်လင့်ကြောင်း ပြောသွားသည်။

ထို့အတူ မြန်မာနိုင်ငံ အမျိုးသမီးအဖွဲ့ချုပ် (WLB) ၏ အထွေထွေအတွင်းရေးမှူး လွေးအေးနန်းကလည်း မြန်မာ့နိုင်ငံရေး လမ်းကြောင်းသည် အမြင့်ဆုံးအမှတ်သို့ နီးကပ်လာနေပြီဖြစ်ကြောင်း၊ ယခုအချိန်ကာလသည် အရေးကြီးသော အချိန်ရောက်နေပြီ ဖြစ်သဖြင့် အတိုက်အခံ အဖွဲ့အစည်းများနှင့် ညီညီညွတ်ညွတ် လုပ်ဆောင်သင့်သည်ဟု ပြောကြားသည်။

"အခြား အဖွဲ့အစည်းအားလုံးနဲ့ ဆွေးနွေးညှိနှိုင်းမယ်ဆိုရင် ကျမတို့ အရေးတော်ပုံအတွက် ညီညွတ်မှုကို ရရှိပြီး မျှော်လင့်ထားတဲ့ တစုံတရာ အောင်မြင်မှုကို ရနိုင်မှာပါ" ဟု လွေးအေးနန်းက ပြောသည်။