မကွေးရေနံမြေ ညမထွက်ရအမိန့် ထုတ်ထား

မကွေးရေနံမြေ ညမထွက်ရအမိန့် ထုတ်ထား
by -
ဇာနည်
မြန်မာနိုင်ငံ အလယ်ပိုင်း ရေနံထွက်ရာ မကွေးတိုင်း မြိုင်မြို့နယ်အတွင်းရှိ ဒေသတခုတွင် ပုဂ္ဂလိက ရေနံကုမ္ပဏီတခုနှင့် ဒေသခံများ ပဋိပက္ခဖြစ်ပွားမှုကြောင့် အာဏာပိုင်များက ၀င်ရောက် ထိန်းသိမ်းခဲ့ပြီး ယခုအခါ ရေနံမှော်အတွင်း ညမထွက်ရအမိန့် ထုတ်ထား ...

ချင်းမိုင် (မဇ္ဈိမ)။     ။ မြန်မာနိုင်ငံ အလယ်ပိုင်း ရေနံထွက်ရာ မကွေးတိုင်း မြိုင်မြို့နယ်အတွင်းရှိ ဒေသတခုတွင် ပုဂ္ဂလိက ရေနံကုမ္ပဏီတခုနှင့် ဒေသခံများ ပဋိပက္ခဖြစ်ပွားမှုကြောင့် အာဏာပိုင်များက ၀င်ရောက် ထိန်းသိမ်းခဲ့ပြီး ယခုအခါ ရေနံမှော်အတွင်း ညမထွက်ရအမိန့် ထုတ်ထားလိုက်သည်။

မကွေးတိုင်း ပခုက္ကူခရိုင် မြိုင်မြို့နယ် ဗဟင်းကျေးရွာအုပ်စုရှိ နှောပင်ရေနံမှော်ရှိ ကောင်းဇော်ဟိန်း ရေနံကုမ္ပဏီနှင့် ရေနံတူးဖော်သူ ဒေသခံများအကြား ရေနံ အရောင်းအဝယ် ကိစ္စနှင့် ပတ်သက်၍ အငြင်းပွားကြရာမှ ရုန်းရင်းဆန်ခတ် ဖြစ်ပွားပြီး ဒေသတွင်းအခြေစိုက် ခလရ ခြေလျင်တပ်ရင်း ၂၅၇ က ယခုအမိန့်ကို ထုတ်လိုက်ခြင်း ဖြစ်သည်။

"အခု ည ရ နာရီကျော်ရင် အပြင်မထွက်ရဘူး။ ညမထွက်ရ လုပ်ထားတယ်။ အခု ပခုက္ကူခရိုင်က ခရိုင်ရဲမှူး ရောက်နေတယ်။ နောက် ရဲတွေက မှော်ထဲမှာ ဟိုလူစစ်၊ ဒီလူစစ် လုပ်နေတယ်။ မြိုင်က မယက ဥက္ကဋ္ဌကလည်း တတဲဝင်၊ တတဲထွက်လုပ်ပြီး ရေနံကို ကုမ္ပဏီကိုပဲ ရောင်းရမယ်လို့ လိုက်စည်းရုံးနေတယ်" ဟု ရေနံတွင်းပိုင် တဦးက မဇ္ဈိမကို ပြောသည်။

မြိုင်မြို့နယ် ဗဟင်းကျေးရွာအုပ်စုတွင် ဒေသခံများက တနိုင် လက်ယက်တွင်းများဖြင့် ရေနံတူးနေကြပြီး၊ ကောင်းဇော်ဟိန်း ကုမ္ပဏီမှ ရေနံလုပ်ငန်းများ လာရောက် လုပ်ကိုင်ချိန်တွင် ဒေသခံ ရေနံတွင်းပိုင်များအပေါ် အမြတ်ကြီးစား ခေါင်းပုံဖြတ်မှုများကို မကျေနပ်မှုများ ကြီးထွားလာရသည်ဟု ဆိုသည်။  

"သူတို့က အခွန်မတရားကောက်တာ၊ စျေးနှိမ်တာ၊ သူတို့ကိုပဲ ရောင်းရမယ်ဆိုပြီးလုပ်တော့ မကျေနပ်တော့ ဒီကလူတွေ စုပြီးတော့ သွားပြောတာ။ သူတို့က မလုပ်ပေးနိုင်ဘူးဆိုပြီး ပြောကြငြင်းကြနဲ့ စကားများကြတာ။ နောက် လူများလာပြီး ကုမ္ပဏီတဲကို မီးရှို့တာ။ ကုမ္ပဏီက ကား ၂ စီးလည်း ပါတယ်။ ခလရ ၂၅၇ က သေနတ်တွေနဲ့ ခြိမ်းခြောက်တော့ ရှမ်းတုံးက လှည်းသမားရဲ့ အမျိုးသမီး မဝင်းမာ ပေါင်ကို ရှပ်မှန်သွားတယ်" ဟု ရေနံမှော်မှ မျက်မြင်တဦးက ပြောပြသည်။   

ဒေသခံ ရေနံလုပ်ငန်းရှင်များ အနေဖြင့် ယခင်က နယ်မြေဖွံ့ဖြိုးရေးအတွက်ဟု ဆိုကာ ခရိုင်ရုံးသို့ ရေနံ တပေပါလျှင် ၂၀၀၀ ကျပ်နှုန်း ပေးရသည်။ ယခု ကုမ္ပဏီဝင်လာချိန်တွင်မူ ကုမ္ပဏီကို ရေနံတပေပါလျှင် ၈၅၀၀ နှုန်း ပေးဆောင်ရမည်ဟု ကုမ္ပဏီမှ ပြောဆိုကြောင်း သိရသည်။  

"အခွန်ဆိုပြီး သူတို့ကို ပေးရတာ။ မပေးရင် မှော်ထဲကနေ မထုတ်ရဘူး။ နောက် သူတို့ကိုပဲ ရောင်းခိုင်းတယ်။ အပြင်မှာက တပေပါကို ၅ သောင်းခွဲ ပေါက်တာကို သူတို့က ၂ သောင်းခွဲ၊ ၃ သောင်းပဲ နှိမ်ပြီးပေးတယ်။ အဲဒါတွေကို မလုပ်ဖို့ သွားတောင်းဆိုကြတာပေါ့" ဟု သူက ဆက်ပြောသည်။  

အခင်းဖြစ်ပွားမှုတွင် ဦးဆောင်ပါ၀င်သူ ရေနံမှော်မှ ဒေသခံ ရေနံလုပ်သားများကို သက်ဆိုင်ရာမှ လိုက်လံ ဖမ်းဆီးရာ ထွက်ပြေး လွတ်မြောက်နေသူများ ရှိပြီး လတ်တလောတွင် ဦးရေ ၂၀ ကျော် ထိန်းသိမ်းခံနေရသည်ဟု ဒေသခံများက ဆိုသည်။

ကနဦးက သူတို့ကို ဗဟင်းရဲစခန်းတွင် ထိန်းသိမ်းထားပြီး ယခုတွင်မူ မြိုင်သို့ ခေါ်သွားသည်ဟုသာ သိရပြီး၊  မည်သည့်နေရာတွင် ထားသည်ကိုမူ အတိအကျ စုံစမ်းမရဖြစ််နေကြောင်း ရေနံတွင်းပိုင်တဦးက ပြောသည်။   

ထို့အတူ သေနတ်ကျည်ဆန် ပေါင်တွင် ရှပ်မှန်ခဲ့သော မဝင်းမာ၏ အခြေနေနှင့် ပတ်သက်၍ သူက ဆက်ပြီး "မဝင်းမာကိုလည်း ဖြစ်ဖြစ်ချင်းတုန်းက ဆေးရုံမတင်ပေးဘူး။ ဒါက သေနတ်မှန်တာ မဟုတ်ပါဘူး၊ သူ့ဘာသာသူ ပြေးရင်းနဲ့ ၀ါးတွေဘာတွေနဲ့ ထိုးမိတာနေမှာပါ ဆိုပြီးလည်း ပြောသေးတယ်။ နောက်နေ့ကျမှ မြိုင်ကို ပို့မယ်ဆိုပြီးတော့ပဲ ခေါ်သွားတယ်။ အခု ဘယ်ရောက်နေလဲ မသိဘူး" ဟု ပြောပြသည်။  

လတ်တလော အခြေအနေများ တင်းမာမှုများကြောင့် ဒေသခံ ရေနံလုပ်ငန်းလုပ်သူများ အနေဖြင့် ရေနံတူးယူရန် ခက်ခဲနေပြီး၊ ရေနံမှော်အတွင်းမှ ရေနံတပုလင်းမျှပင် ထုတ်ယူခွင့်မရ ဖြစ်နေသည်။   

သူက ဆက်ပြီး "သူတို့က အဲဒီ အခွန်တွေပေးရင်ပေး။ မပေးရင် မလုပ်နဲ့ပေါ့။ အဲလိုဖြစ်နေတာ။ နောက် အခုလို လုံခြံုရေးတွေ ချထားတော့ ဘယ်သူမှ ဘာမှ မလုပ်ရဲကြဘူးပေါ့။ အခုက အခြေအနေကိုပဲ စောင့်ကြည့်နေကြရတယ်လေ။ ဘယ်သူကမှတော့ မကျေနပ်ကြဘူးပေါ့" ဟု ဆိုသည်။   

ရေနံထွက်နှုန်းကောင်းပါက ဒေသခံ ရေနံတွင်းပိုင်များအဖို့ တရက်လျှင် ရေနံတပေပါနှုန်း အနည်းဆုံး ရသည်။   

အခင်းဖြစ်ပွားမှုနှင့် ပတ်သက်ပြီး မြိုင်မြို့နယ် မယက ရုံးသို့ ဆက်သွယ်ခဲ့သော်လည်း သက်ဆိုင်ရာမှ အဆိုပါ ဖြစ်ရပ်ကို လုံးဝ မသိကြောင်းသာ ပြန်လည်ဖြေကြားပြီး ဖုန်းချသွားသည်။   

ဗဟင်းရဲစခန်းနှင့် မြိုင်မြို့မှ ရဲစခန်းသို့လည်း ယခု သတင်းတင်ပြချိန်အထိ ဆက်သွယ်မရ ဖြစ်နေသည်။