မြစ်ကြီးနား-ဗန်းမော် ရေကြောင်းလမ်းကို လုံခြုံရေးယူပေးနေတဲ့ ဆင်ဘိုမြို့အတွင်းက စစ်ကောင်စီ ခမရ ၁၄၁ တပ်စခန်းကို KIA တိုက်ခိုက်သိမ်းပိုက်

မြစ်ကြီးနား-ဗန်းမော် ရေကြောင်းလမ်းကို လုံခြုံရေးယူပေးနေတဲ့ ဆင်ဘိုမြို့အတွင်းက စစ်ကောင်စီ ခမရ ၁၄၁ တပ်စခန်းကို KIA တိုက်ခိုက်သိမ်းပိုက်

မြစ်ကြီးနား-ဗန်းမော် ရေကြောင်းလမ်းကို လုံခြုံရေးယူပေးနေတဲ့ ဆင်ဘိုမြို့အတွင်းက စစ်ကောင်စီ ခမရ ၁၄၁ တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ ပူးပေါင်းတပ်တွေကနေ ဒီကနေ့ ဧပြီလ ၂၉ ရက်နေ့ မနက်ပိုင်းမှာ အပြီးသတ်သိမ်းပိုက်နိုင်ပြီလို့ ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(KIO/KIA) ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အတည်ပြုပါတယ်။

လွန်ခဲ့တဲ့ ဖေဖော်ဝါရီလ ၁၀ ရက်နေ့ကတည်း KIA ပူးပေါင်းတပ်ဖွဲ့တွေက ဆင်ဘိုမြို့ကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် ကျန်ရှိနေသေးတဲ့ ခမရ ၁၄၁ ကို ဆက်လက်တိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။

ဆင်ဘိုမြို့အတွင်းက အထက်ပါ စစ်ကောင်စီတပ်စခန်းကို KIA ပူးပေါင်းတပ်တွေကနေ ထိုးစစ်လေးကြိမ်တိုင်ပြုလုပ်ခဲ့တာ ဖြစ်ပြီး နောက်ဆုံးအကြိမ်မြောက် သုံးရက်တိုင် တိုက်ခိုက်ခဲ့ပြီး အပြီးသိမ်းပိုက်နိုင်ခဲ့တာလို့ ဗိုလ်မှူးကြီးနော်ဘူက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလို ပြောပါတယ်။

"ဒီမနက် ၁၁နာရီခွဲမှာ အပြီးအစီးသိမ်းပြီ။ အခက်အခဲ အမျိုးမျိုးကြောင့်ပေါ့။ တပ်စခန်းကလည်း ကြီးတယ်။ တပ်စခန်း တည်ဆောက်ပုံကလည်း လုံခြုံမှုအရမ်းရှိအောင် လုပ်ထားတယ်။ ဆိုတော့ တစ်ခါတည်း သိမ်းနိုင်ဖို့ အခက်အခဲ ရှိတယ်။ အကြိမ်ကြိမ် ဝင်ရောက်တိုက်ခိုက်ခဲ့တယ်။ ဒီတစ်ခါ လေးကြိမ်မြောက်မှာ သုံးရက်တိုက်ပြီး သိမ်းပိုက်နိုင်ခဲ့တယ်"လို့ ဆိုပါတယ်။

ဒါ့အပြင် အဲဒီတပ်စခန်းဟာ မြစ်ကြီးနား-ဗန်းမော် ရေလမ်းကြောင်းလမ်းအရဆိုရင် အလယ်လောက်မှာ တည်ရှိပြီး ရေလမ်းကြောင်းကို လုံခြုံရေးယူပေးနေတဲ့ တပ်စခန်းတစ်ခုဖြစ်တဲ့အပြင် (KIO/KIA) လိုင်ဇာဌာနချုပ်နဲ့ တပ်မဟာ၈ မိုးညှင်းဘက် ဆက်သွယ်တဲ့လမ်းကို အနှောက်အယှက် ဖြစ်စေတဲ့ တပ်စခန်း တစ်ခု ဖြစ်တယ်လို့လည်း သိရပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက် ထိခိုက်သေဆုံးမှုရှိတဲ့အပြင် မိုးမောက် ၄၃၇ တပ်စခန်းက တပ်ရင်းမှူးကိုတော့ အရှင်ဖမ်းမိတာ ရှိတယ်လို့ ကြားသိရတဲ့အကြောင်း ဆင်ဘိုဒေသခံတစ်ဦးရဲ့ ပြောပြချက်အရ သိရတာပါ။

နှစ်ဖက်တပ် တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လေကြောင်းပစ်ကူတာတွေ ပြုလုပ်ခဲ့ပေမယ့် KIA ပူးပေါင်းတပ်တွေကနေ အဲဒီလေကြောင်းပစ်ကူမှုကြားက စခန်းကို အပြီးသိမ်းနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ဆင်ဘိုမြို့ဟာ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်အတွင်း ပါဝင်ပြီး ဧရာဝတီမြစ် ပထမမြစ်ကျဉ်းရဲ့ မြစ်ညာဘက် ၁၄ မိုင်လောက်မှာ တည်ရှိတဲ့အပြင် အရင်က ရွာအဖြစ်သာ တည်ရှိခဲ့ပေမဲ့ ၂၀၀၂မှာ မြို့အဖြစ် သတ်မှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

ဒါ့အပြင် လမ်းပန်းဆက်သွယ်ရေးအနေနဲ့ ရေလမ်းနဲ့ မြစ်ကြီးနားမြို့နဲ့ ဗန်းမော်ဘက်ကို သွားလာနိုင်တဲ့အပြင် အခုအခါ အနောက်ဘက်က ဟိုပင်မြို့နဲ့ အရှေ့ဘက်မှာတော့ KIA ထိန်းချုပ်တဲ့ လိုင်ဇာမြို့ဘက်ကို မော်တော်ကားလမ်း ဖောက်လုပ်ထားပြီးဖြစ်တယ်လို့လည်း သိရပါတယ်။

Most read this week

May 16, 2024
ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ဒေသတွေမှာ ကျောင်းဖွင့်လှစ်နိုင်ရေး...
May 15, 2024
မြစ်ကြီးနားအကျဉ်းထောင်နဲ့ မိတ္ထီလာအကျဉ်းထောင်က အကျဉ်းသားတွေအနေနဲ့ ရေကိုဝယ်ယူသုံးစွဲရနေရသလို...
May 13, 2024
သက်ငယ်မုဒိမ်းမှု ကျူးလွန်သူ တရားခံတွေကို အမြန်ဆုံးဖော်ထုတ်ပြီး ထိရောက်စွာ အရေးယူပေးဖို့နဲ့...
May 13, 2024
ကချင်ပြည်နယ်၊ ပူတာအိုမြို့ဘက်က ဆင်းလာတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ဆွမ်ပီယန်ရွာအတွင်း မေလ ၁၁ မှာ...