စစ်ကောင်စီ၏ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ရခိုင်တွင် ၄လကျော်အတွင်း သေဆုံးနှင့် ဒဏ်ရာရရှိသည့်အရပ်သား ၆၄၇ အထိရှိလာ

စစ်ကောင်စီ၏ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ရခိုင်တွင် ၄လကျော်အတွင်း သေဆုံးနှင့် ဒဏ်ရာရရှိသည့်အရပ်သား ၆၄၇ အထိရှိလာ

(စစ်ကောင်စီ၏ မတရားဖမ်းဆီး၊ ထိန်းသိမ်းခံထားရသူ ၄၇၁ ဦးအထိ ရှိ)

စစ်ကောင်စီ၏ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ရခိုင်တွင် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်မှ ယခုနှစ် မတ်လ ၂၁ ရက်အထိ ၄ လကျော်ကာလအတွင်း အရပ်သား‌သေဆုံးဒဏ်ရာရရှိသူစုစုပေါင်း ၆၄၇ ဦးအထိရှိလာကြောင်း  ULA/AA ၏ လူသားချင်းစာနာထောက်ထားမှု နှင့် ဖွံ့ဖြိုးရေးဆိုင်ရာပူး ပေါင်းဆောင်ရွက်ရေးရုံး (HDCO) က ဧပြီလ ၄ ရက်နေ့တွင် ထုတ်ပြန်သည်။

ထို ၄ လကျော်ကာလအတွင်း သေဆုံးခဲ့ရသူမှာ  ၁၇၉ ဦးရှိပြီး ထိုအထဲတွင်  (အမျိုးသား ၁၁၅ ဦး၊ အမျိုးသမီး ၆၄ ဦတို့ ဖြစ်ကြသည်။

ထိခိုက်ဒဏ်ရာရရှိသူမှာ  ၄၆၈ ဦးရှိပြီး  (အမျိုးသမီး ၁၉၈ ဦး၊ အမျိုးသား ၂၇၀ ဦး)တို့ဖြစ်ကြောင်း  ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သေဆုံး ထိခိုက်ဒဏ်ရာရသူများမှာ တိုက်ပွဲနှင့်မသက်ဆိုင်သည့်  အရပ်သားများနေထိုင်သော ရပ်ကွက် ကျေးရွာများကို စစ်ကောင်စီမှ ပစ်မှတ်ထားကာ လေကြောင်းဗုံးကြဲတိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ဖြစ်သည်ဟု သိရသည်။

ထို့အပြင် ရခိုင်တွင် စစ်ကောင်စီ၏ မတရားဖမ်းဆီး၊ ထိန်းသိမ်းခြင်းခံထားရသူ ၄၇၁ ဦးအထိ ရှိပြီး ယင်းအထဲတွင် ကျား ၄၂၄ ဦးနှင့် မ ၄၇ ဦး ပါဝင်ကြောင်း HDCO က ဖော်ပြထားသည်။

ယင်းအပြင်၂၀၁၈ ခုနှစ်မှ ၂၀၂၀ ခုနှစ်အထိ တိုက်ပွဲကာလအတွင်း စစ်ဘေးဒုက္ခသည် ၆၂,၃၃၂ ဦးခန့်ရှိပြီး ယခု တစ်ကျော့ပြန်တိုက်ပွဲအတွင်း ၂၉၅,၈၆၈ ဦးတိုးလာသည့်အတွက် ရခိုင်တွင် လက်ရှိစစ်ရှောင် ဒုက္ခသည်ဦးရေ ၃၅၈,၂၀၀ ဦးအထိရှိလာသည်ဟု ဖော်ပြထားသည်။

ဆက်လက်ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ရခိုင်ပြည်ရှိ မြို့ နယ် ၁၇ ခုအနက် ၁၅ မြို့နယ်မှ ဒေသခံအရပ်သားပြည်သူများသည် နေရပ်မပြန်နိုင်သေးဘဲ နီးစပ်ရာဆွေမျိုးအိမ်များနှင့် ဘေးလွတ်ရာနေရာများတွင် တိမ်းရှောင်နေကြရဆဲဖြစ်ပြီး စားဝတ်နေရေး အခက်အခဲရှိနေသည်ဟု စစ်ဘေးရှောင်များမှ ပြောသည်။

မြောက်ဦးမြို့မှ အမျိုးသမီးတစ်ဦးက"ငတ်တစ်လှည့် ပြတ်တစ်လှည့်ပါပဲ။ အိမ်မှာကျန်ခဲ့တဲ့ ပစ္စည်းတွေကလည်း မျှော်လင့်လို့မရတော့ဘူးလေ။ လက်ရှိမှာလည်း စားသောက်နေထိုင်ဖို့အခက်အခဲ နဲ့ အကူအညီထောက်ပံ့မှုလည်း မရကြပါဘူး။ ပိုဆိုးတာက ဘယ်အချိန်ဗုံးလာကြဲမလဲဆိုတဲ့စိတ်နဲ့ ညတောင်ကောင်းကောင်း မအိပ်နိုင်ဘူး"ဟု ပြောသည်။

စစ်ဘေးဒုက္ခသည်များတွင်  စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် အထောက်အကူပစ္စည်းများ၊ အမိုးအကာ၊ ပြန်လည်တည်ဆောက်ရေး၊ အသက်မွေးကျောင်းဆိုင်ရာ အကူအညီများနှင့် စစ်ဘေးရှောင်များ နေရပ်ပြန်နိုင်ရေးအတွက် မိုင်းရှင်းလင်းရေးလုပ်ရန် အ‌ရေးပေါ်လိုအပ်နေကြောင်း HDCO မှ ထုတ်ပြန်သည်။

May 8, 2024
ရခိုင်ပြည်တွင် အကြမ်းဖက် စစ်ကောင်စီက ထောင်ထားသည့် မြေမြုပ်မိုင်း အန္တရာယ်မှာ တစ်နေ့ထက်...
May 7, 2024
ရခိုင်ပြည်၊ စစ်တွေမြို့မှ ထွက်ပြေးတိမ်းရှောင်နေသည့် စစ်ကောင်စီခန့် အကြီးပိုင်းဝန်ထမ်းများအား...
May 6, 2024
အာရက္ခတပ်တော်(AA) မှ ကာလအတန်ကြာဝိုင်းရံပိတ်ဆို့ဖြတ်တောက်ထားသော ဘူးသီးတောင် အခြေစိုက် စကခ (၁၅)...