ရခိုင်တွင် မြေမြုပ်မိုင်းအန္တရာယ်ကြီးထွားလာ၊ ၂ ရက်အတွင်း ၃ ဦးဒဏ်ရာရ

ရခိုင်တွင် မြေမြုပ်မိုင်းအန္တရာယ်ကြီးထွားလာ၊ ၂ ရက်အတွင်း ၃ ဦးဒဏ်ရာရ

ရခိုင်ပြည်တွင် အကြမ်းဖက် စစ်ကောင်စီက ထောင်ထားသည့် မြေမြုပ်မိုင်း အန္တရာယ်မှာ တစ်နေ့ထက် တစ်နေ့ကြီးထွားလာနေပြီး ၂ ရက်အတွင်း မိုင်းပေါက်ကွဲ၍ ကျောက်ဖြူ၊ အမ်းနှင့် တောင်ကုတ် မြို့နယ်တို့တွင် ဆယ်ကျော်သက်အရွယ် လူငယ်တစ်ဦးအပါအဝင် အမျိုးသား ၂ဦးနှင့် အမျိုးသမီး တစ်ဦးတို့ အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြသည်။

ယမန်နေ့ မေလ ၇ရက် နံနက် ၈ နာရီခွဲအချိန်ခန့်က ဦးထွန်းနိုင် (၄၅) နှစ်သည် ဝါးခုတ်သွားရာမှ ကျောက်ဖြူတောင် ဘုရားကုန်း၊ တောလမ်းတွင်  စစ်ကောင်စီတပ်မှ ထောင်ထားသည့် မိုင်းကို နင်းမိပြီး ဘယ်ခြေထောက် ဒူးအောက်မှပြတ်ထွက်သွာခဲ့သည်ဟု သိရသည်။

" သူကတစ်ယောက်တည်း ဝါးခုတ်သွားတာ။ စစ်တပ်ကထောင်ထားတဲ့ မိုင်းကိုနင်းမိပြီးတော့ ဘယ်ခြေထောက် တစ်ဖက်ပြတ်ထွက်သွားတယ်။ ခန္ဓာကိုယ်အနှံ့မှာလည်း ဒဏ်ရာတွေရသွားတယ်" ဟု ဒေသခံတစ်ဦးကပြောသည်။

လက်ရှိတွင် အဆိုပါဦးထွန်းနိုင်မှာ အရေးပေါ်ဆေးကုသမှုခံယူနေရသည်ဟုလည်း သိရသည်။

မေလ ၆ရက် နံနက် ၈နာရီအချိန်ခန့်ကလည်း တောင်ကုတ်မြို့၊ ကံပိုင်ရပ်ကွက်၊ အောင်သပြေ လမ်းမှ အသက် (၄၈) နှစ်အရွယ် ဒေါ်ခင်သန်းလှိုင်မှာ တောင်ကုတ်မြို့ သွေးလှူရှင်များ အသင်းရုံး ရှေ့တွင်ရှိသည့် စစ်တပ်နှင့်ကပ်လျက်ရှိသည့် သင်္ချိုင်းတောင်ဟောင်းပေါ်သို့ ၄င်း၏မိသားစုဝင် နှစ်ဦးနှင့်အတူ ကတက်ရိုး (သင်္ဘောညွန့်) ရှာဖွေနေစဉ် မိုင်းနင်းမိ၍ ဘယ်ဘက် ခြေထောက် တစ်ဖက်ပြတ်သွားခဲ့သည်။

မေလ ၆ရက်နေ့ ညနေ ၅ နာရီ အချိန်ခန့်က စစ်ကောင်စီ ထောင်ထားသည့် မိုင်းကိုနင်းမိ၍ သီဟိုဠ်စေ့သွားကောက်သည့်  ဆယ်ကျော်သက်အရွယ် ချင်းလူမျိုးကျောင်းသားတစ်ဦး ဘယ်ဖက် ခြေထောက်တစ်ဖြတ် ပြတ်ထွက်သွားသည်ဟု ကျားမောင်းကျေးရွာဒေသခံတစ်ဦးက နိရဉ္စရာ သတင်းဌာနကိုပြောသည်။

မိုင်းနင်းမိသူမှာ ကျားမောင်းကျေးရွာမှ ဦးကျာန(ခ)ဦးကျော်ဝင်း၏ သားဖြစ်သူ မောင်လရောင်မင်း အသက်(၁၅)နှစ်ဖြစ်သည်။

" ကိုယ့်သီဟိုဠ်ခြံက သီဟိုဠ်စေ့သွားကောက်တာမှာ မိုင်းနင်းမိတာပါ။ ချင်းလူမျိုး သူက ၉ တန်းလောက် ရှိမယ်ထင်တယ်။ ကျားမောင်းရွာနဲ့ ၁ဖာလုံခွဲလောက်ဝေးတဲ့နေရာမှာ ရေနံပိုက်လိုက်ရှိတယ်။ ရေနံပိုက်လိုက်ကို အ‌ပေါ်ကနေ လမ်းဖောက်ထားတဲ့ ရွာသားတွေသွားလာနေတဲ့ နေရာတွေမှာ ရန်သူတွေလာမှာစိုးလို့ဆိုပြီးအဲ့လိုပုံစံမျိုး ထောင်ထားတာ။ ရေနံပိုက်လိုင်းရှိတဲ့ ရွာတွေနဲ့နီးစပ်တဲ့ နေရာတော်တော်များများမှာ မိုင်းထောင်ထားကြတယ်လို့ သိရတယ်" ဟု ပြောသည်။

ဧပြီ ၃၀ ရက်နေ့ နံနက် ၆ နာရီခန့်ကလည်း အမ်းမြို့နယ်၊ ငလက်ကျ ကျေးရွာတွင် သီဟိုဠ်ခြံသို့ သီဟိုဠ်သီး သွားခူးရာမှ မိုင်းနင်းမိ၍  အသက် (၇၅)နှစ်အရွယ် ဦးမောင်အေးမှာ ခြေထောက်တစ်ဖက် ပြတ်ထွက်သွားသည်ဟု ဒေသခံများက ပြောသည်။

ရခိုင်တွင် မိုင်းနှင့် အသက်အန္တရာယ်ထိခိုက်စေသော စစ်လက်နက် ပစ္စည်းများကြောင့် ငါးရှာ ဟင်းခူး၊ ဝါးခုတ်သွားသည့် ဒေသခံများမှာ နေ့စဥ်ရက်ဆက်ဆိုသလို မြို့နယ်အသီးသီးတွင် မိုင်းနင်းမိခြင်း ဆက်တိုင်းဖြစ်ပွားနေ၍ မိုင်းအသိပညာပေးများပြုလုပ်ရန် အရေးတကြီး လိုအပ်နေကြောင်း သိရသည်။

Most read this week

May 18, 2024
ဘူးသီးတောင်အခြေစိုက်တပ်ရင်းအများပြားကို အာရက္ခတပ်တော် (AA) က ယမန်နေ့ (မေ ၁၇) ရက် ညက ထိုးစစ်ဆင်...
May 17, 2024
ရခိုင်ပြည်၊ မောင်တောမြို့၊ ကညင်းချောင်းစီးပွားရေးဇုန်အနီးရှိ လဘော်ဇားကျေးရွာ၌ မေလ ၁၅ ရက်...
May 16, 2024
ရခိုင်ပြည်၊ စစ်တွေမြို့တွင် ဘုန်းတော်ကြီးကျောင်းများကို စစ်ကောင်စီက ဧည့်စာရင်းစစ်ဆေးပြီး...
May 16, 2024
မြောက်ပိုင်း ညီနောင်မဟာမိတ် ၃ ဖွဲ့နှင့် စစ်ကောင်စီတို့သည် တရုတ်နိုင်ငံ ကူမင်းမြို့တွင်...