အလယ်ကယန်းဒေသ ကုန်ဈေးနှုန်း ကြီးမြင့်

အလယ်ကယန်းဒေသ ကုန်ဈေးနှုန်း ကြီးမြင့်
ဖယ်ခုံ PDF
ဖယ်ခုံ PDF

ရှမ်းပြည်နယ် တောင်ပိုင်း၊ ကရင်နီပြည် အစပ်၊ ဖယ်ခုံမြို့နယ်၊ အလယ်ကယန်းဒေသတွင် ကုန်ပစ္စည်း ဈေးနှုန်း နှစ်ဆကျော် မြင့်နေလာသောကြောင့် စစ်ဘေးရှောင်များ အခက်တွေ့နေကြသည်ဟု ကူညီပေးနေသူများက ပြောသည်။

ယခုနှစ် ဇွန်လ အစောပိုင်းက စပြီး စစ်ဘေးရှောင်များနှင့် နိုင်ငံရေးအရ လာရောက်ခိုလှုံသူများ ပိုတိုးလာသည့် အလယ်ကယန်း၊ ဆီးဘူးဒေသမှာ ကုန်စ္စည်းစျေးနှုန်းများ နှစ်ဆကျော်တက်လာခြင်း ဖြစ်သည်။

စားသောက်ကုန်ပစ္စည်းများ အပါအဝင် လူသုံးကုန်များပါ နှစ်ဆ ဈေးမြင့်တက်လာသည်ဟု စစ်ရှောင်တစ်ဦးက ပြောသည်။

“အရမ်းဈေးကြီးတယ်။ ဘယ်လောက်တောင် ဈေးကြီးလဲဆို ချယ်ရီကုန်းမှာ ခရမ်းချဉ်သီး တစ်ပိဿာ ၂,၀၀၀ ဆိုရင် ဒီမှာ ၄,၀၀၀ အဲလိုမျိုး ရောင်းတယ်။ အင်္ကျီကို ဘယ်လောက်တောင် အမြတ်တင်လဲ ဆိုရင် ကိုယ်တိုင် တွေ့လာတာ D2 Jacket အင်္ကျီ ကျပ် ၂၄၀၀၀ ရောင်းတာနော်။ ဒီမှာ ဘယ်လောက်ရောင်းလဲ သိလား။ ၅၂၀၀၀ ရောင်းတယ်။ ကယန်းဒေသက ရဲဘော်တွေကအစ ဒီဆီးဘူးကို ပြန်တိုက်စေချင်တယ်။ အမြတ်ကြီးစားတဲ့ လူတွေ သူတို့ကို ဘယ်လိုခေါ်ကြလဲဆို အလယ်ကယန်း ဒူဘိုင်းလို့ ခေါ်ကြတယ်။”

ဆီးဘူးဒေသရှိ ဈေးသည်များက ဒေသတွင်း လာရောက် ခိုလှုံသူများကိုသာ စျေးနှစ်ဆတင်ရောင်းနေကြခြင်း ဖြစ်ပြီး ဒေသခံများကို မူရင်းဈေးအတိုင်း ရောင်းချပေးနေသည်ဟု ဆိုကြသည်။

လက်ရှိ ဆီးဘူးဒေသမှာ ဆန်ကြမ်းတစ်အိတ်ကို ကျပ်ရှစ်သောင်း၊ မိုးဗြဲ ရှမ်းဆန်တစ်အိတ်ကို ကျပ်တစ်သိန်း အထိ မြင့်တက်နေပြီး ပေါ်ဆန်းမွှေးနှင့် အခြားသောဆန်များမှာမူ ဝယ်၍ပင် မရတော့ဘူးဟု စစ်ရှောင်များနှင့် ၎င်းတို့အား ကူညီပေးနေသူများက ပြောသည်။

ထို့အပြင် စားအုန်းဆီ ဈေးနှုန်းကလည်း ၃ ပိဿာ (၅ လီတာ) တစ်ဘူးကို ကျပ်ကိုးသောင်းအထိ ဈေးမြင့် တက် နေခြင်းကြောင့် စစ်ဘေးရှောင်များက ရေလုံပြုတ်ပဲ ချက်စားနေရကြသည်ဟု ကူညီပေးနေသူတစ်ဦးက ပြော သည်။

“ဒီဒေသမှာ စစ်ဘေးရှောင်တွေက ခက်ခဲကြတယ်။ သူတို့ ဈေးဝယ်တောင် မတတ်နိုင်ကြဘူး။ အဲဒါနဲ့ အလှူရှင် တွေ လှူတဲ့ဟာပဲ စားတယ်။ ဖြစ်ချင်တော့ အလှူရှင်တွေလည်း ကယားပြည်နယ်ကို ပိုလှူကြတယ်။ ဒီဘက် ရှမ်း ပြည်နယ်ကျတော့ သိပ်မလှူခံရဘူး။ အဲတော့ ဒီဘက်က လူတွေ ခက်ကြတယ်။ အဲဒါကြောင့်လည်း စစ်ဘေး ရှောင်တွေက မိုးဗြဲတို့ ဖယ်ခုံတို့မှာပဲ သွားသွားနေကြတယ်။ ဒီဘက်ကို များသောအားဖြင့် မလာကြဘူး။ ဒီဘက် ကိုကျတော့ နည်းနည်းအမျိုးရှိတဲ့ လူတွေ အဆင်ပြေတဲ့ လူတွေပဲလာကြတာ။”

စစ်ဘေးရှောင်များကို ပေးလှူနေသည့် အဖွဲ့အစည်းများကလည်း ကရင်နီဒေသကိုသာ အားစိုက်လှူနေကြခြင်း ကြောင့် အလယ်ကယန်းဒေသကို အလှူရှင် မရောက်သည်မှာ ၆ လကျော် ကြာပြီဟု ဆိုသည်။

လက်ရှိ ဆီးဘူးဒေသအတွင်းက စစ်ဘေးရှောင်များသည် ကုန်ဈေးနှုန်း မြင့်တက်နေသည့်အတွက် စားဝတ်နေ ရေး ခက်ခဲနေကြသည်အပြင် ဈေးသက်သာစေရေး ဖယ်ခုံမြို့မှ ပစ္စည်းများကို လှမ်းမှာနေကြသည်။ ထိုသို့ လှမ်း မှာချိန်တွင်လည်း ဆန်တစ်အိတ်ကို ကျပ်လေးထောင်ခန့်အထိ သယ်ယူစရိတ်ကို သီးသန့် ထပ်ပေးနေကြရ သည် ဟု စစ်ရှောင်များက ပြောသည်။

ထိုကဲ့သို့သော အခြေအနေများကြောင့် အလယ်ကယန်းဒေသထဲ အငတ်ဘေးရင်ဆိုင်ရမည့် အန္တရာယ်ကို စိုးရိမ်နေပူပန်နေကြသည်ဟု ကူညီပေးနေသူက ဆက်ပြောသည်။

“တန်းတူ မဟုတ်ရင်တောင်မှ အဲလောက် အမြတ်ကြီး မစားစေချင်ဘူးပေါ့။ လမ်းပန်း ဆက်သွယ်ရေးက ဒီဘက် ကလည်း နည်းနည်း ဝေးတယ်။ မိုးဗြဲတို့ ဖယ်ခုံတို့ ဖြတ်ပြီးလာရတဲ့ အတွက်ကြောင့် ကားခလောက် အမြတ် တင် ထားတယ်ဆိုရင် တော်သေးတာပေါ့။ ကရင်နီဒေသမှာ ခရမ်းချဉ်သီး တစ်ပိဿာ ၂,၀၀၀ ဆိုလို့ချင်ရင် ၂,၅၀၀ လောက်ဆို တော်သေးတယ်။ သူက မဟုတ်ဘူး။ ၄,၀၀၀ တို့ ရောင်းတာပေါ့။ အဲလိုမျိုး ရောင်းတာ မဖြစ်စေချင်ဘူးပေါ့။ ကားခလောက်ပဲ ကွာစေချင်တယ်ပေါ့။”

ဆီးဘူးဒေသက ကယန်းပြည်သစ်ပါတီ/ ကယန်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLP/ KNLA)၏ ဌာနချုပ်ရုံး အခြေစိုက်ရာဒေသဖြစ်ပြီး လက်ရှိတွင် စစ်ဘေးရှောင်များနှင့် နိုင်ငံရေးအရာ လာရောက် ခိုလှုံသူများ ကို လက်ခံထားကြသည်။

KNLP က ၁၉၉၄ ခုနှစ်၊ ဇူလိုင်လ ၄ ရက်နေ့တွင် စစ်ကောင်စီနှင့် ငြိမ်းချမ်းရေးယူပြီးနောက် ယနေ့အချိန်အထိ စစ်တပ်နှင့် တိုက်ပွဲဖြစ်ပွားခြင်းမျိုး မရှိသေးပါ။

Most read this week

January 11, 2025
မွန်ပြည်နယ်အတွင်း စစ်ကောင်စီသည် ၂၀၂၄ ခုနှစ်၌ လေကြောင်းအသုံးပြုတိုက်ခိုက်မှု အကြိမ်ရေ ၄၂ ကြိမ်...
January 9, 2025
ဧရာဝတီတိုင်း၏ မြို့တော် ပုသိမ်မြို့တွင် တစ်နေ့ကို လျှပ်စစ်မီး ၃ နာရီသာ ရရှိတော့သည်ဟု...
January 8, 2025
ကချင်ပြည်၊ မြစ်ကြီးနားတွင် လူငယ်၊ လူလတ်ပိုင်း အမျိုးသားများ သတင်းအစအနမရဘဲ ဆက်တိုက်...
January 7, 2025
ဧရာဝတီတိုင်း၊ ပုသိမ်မြို့တွင် စစ်ကောင်စီက ကုန်တင်ကားပိုင်ရှင်များကို အစည်းအဝေး‌ခေါ်ကာ...