စစ်ရေးနဲ့ အုပ်ချုပ်ရေးတွေမှာ စည်းရုံးမှု စွမ်းရည်ကျဆင်းနေတဲ့ စစ်ကောင်စီက ကချင်ပြည်နယ် အတွင်းရှိ ကချင် လွတ်လပ်ရေးတပ်မတော် (KIA) တပ်ဖွဲ့ဝင်နှစ်ဦး လက်နက်ခဲယမ်းနဲ့အတူ ဥပဒေဘောင်အတွင်း ဝင်ရောက်လာ တယ်လို့ ဇွန် ၁၂ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
စစ်ကောင်စီရဲ့ သတင်းဖော်ပြချက်အရ ဥပဒေဘောင်အတွင်း ဝင်ရောက်လာတဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်ဖွဲ့ဝင်နှစ်ဦးကို မြစ်ကြီးနားမြို့ရှိ နယ်မြေခံတပ်ရင်းခန်းမမှာ ပြန်လည်လက်ခံပြီး မိဘအုပ်ထိန်းသူတွေ ထံ ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။
ဥပဒေဘောင်အတွင်း ဝင်ရောက်လာတဲ့ တနိုင်းမြို့နယ်အတွင်းက ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်ဖွဲ့ ဝင်နှစ်ဦးဟာ သူတို့နဲ့အတူပါလာတဲ့ KA-25 သေနတ် ၂ လက်၊ကျည်အိမ် ၂ ခု၊ ကျည်ထောင့် ၅၀နဲ့ လက်ပစ်ဗုံး ၂ လုံးကို တာဝန်ရှိသူတွေထံ အပ်နှံခဲ့ကြတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားတာပါ။
လက်နက်ခဲယမ်းနဲ့အတူ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်တဲ့ (KIA) တပ်ဖွဲ့ဝင် နှစ်ဦးကို စစ်ကောင်စီ ဘက်က ဆုကြေးငွေအဖြစ် စုစုပေါင်း ကျပ်ငွေ ၁၀၆ သိန်း ပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။
ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO/KIA) သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက မိမိတို့ဝန်ထမ်း တွေ လက်နက်ခဲယမ်းနဲ့ စစ်ကောင်စီထံ ဝင်သွားတာမရှိသလို အခုဖြစ်စဉ်ဟာ လုပ်ကြံဝါဒ ဖြန့်မှုသာဖြစ်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“ကျွန်တော်တို့ရဲ့ ဝန်ထမ်းတွေ တရားဝင်လက်နက်ခဲယမ်းနဲ့ သူတို့ဆီမှာ ယူသွားတယ်ဆိုတာတော့ မရှိဘူးခင်ဗျ။ (စကစဘက်က) ဖမ်းတာတော့ ရှိပါတယ်။ လမ်းကြားမှာ ဖမ်းတာတွေတော့ ရှိပါတယ်။ ဒါပေမယ့် လက်နက်ခဲ ယမ်းနဲ့ ဝင်သွားတယ်ဆိုတာတော့ ကျွန်တော်တို့ဆီမှာ မရှိပါဘူး။ အဲဒါကြောင့် တစ်နေရာက လက်နက်တွေ ဘာတွေတပ်ဆင်ပြီးမှ လော်ဘီသတင်းပုံစံနဲ့ပြန်ပြီး ဓာတ်ပုံတွေရိုက်တင်တာနေမှာပါ။ ကျွန်တော်ပြောလိုတာက လော်ဘီသတင်းဖြစ်တယ်၊ ကျွန်တော်တို့ ဝန်ထမ်းတွေက တော့ လက်နက်ခဲယမ်းနဲ့ ဝင်သွားတာမရှိဘူးလို့ ပြောချင်ပါတယ်” လို့ သူက ဆိုပါတယ်။
ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO/KIA) ဟာ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေထဲမှာ အင်အားကြီး လက် နက်ကိုင် အဖွဲ့တစ်ခုဖြစ်သလို စစ်အာဏာရှင်စနစ်အမြစ်ပြတ်ချေမှုန်းရေး တိုက်ပွဲမှာလည်း စွမ်းစွမ်းတမံ ပါဝင် နေတာ ဖြစ်ပါတယ်။
စစ်ကောင်စီဟာ သူတို့အာဏာသိမ်းပြီးနောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ (EAOs) တွေအပါအဝင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တို့နဲ့ ရင်ဆိုင်ရတဲ့ ရှေ့တန်းစစ်မြေပြင်မှာ တပ်အင် အားပြုန်းတီးမှုနဲ့အတူ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပြုလုပ်ကြတဲ့ စစ်သားတွေလည်း ရာနဲ့ချီရှိနေတာပါ။
ဒီလိုအခြေအနေမှာ စစ်ကောင်စီက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် (PDF) တွေအနေနဲ့ လက်နက်ခဲယမ်းနဲ့အတူ ဥပဒေဘောင်အတွင်း ဝင်ရောက်လာရင် ဆုကြေးငွေအနည်းဆုံး နှစ်သိန်းကျပ်ကနေ အများဆုံး ၇၅ သိန်းကျပ် အထိ ထောက်ပံ့ပေးသွားမယ်လို့ ပြီးခဲ့တဲ့ မေ ၉ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။
ဒါ့အပြင် လက်နက်ခဲယမ်းနဲ့ ဝင်ရောက်လာသူတွေအနေနဲ့ လူသတ်မှု၊ မုဒိမ်းမှု၊ သူတစ်ပါးအပေါ် ထိ ခိုက်နစ်နာစေ မှုစတဲ့ ပြစ်မှုတခုခုကျူးလွန်ထားသူတွေ ဖြစ်နေရင် ဥပဒေအရတရားရုံးမှာ အမှုရင်ဆိုင်ဖြေရှင်းရမယ်လို့ ဆိုပါ တယ်။
အဲဒီလို အမှုရင်ဆိုင်ဖြေရှင်းရာမှာလည်း စစ်ကောင်စီက ပြစ်မှုအပေါ်မူတည်ပြီး ဥပဒေအရလိုအပ်တဲ့ ဖြေလျှော့မှု တွေကို ပြုလုပ်ပေးသွားမှာဖြစ်သလို လိုအပ်တဲ့ကူညီပံ့ပိုးမှုတွေကိုလည်း ဆောင်ရွက်ပေးသွားမယ်လို့ ထုတ်ပြန် ထားတာပါ။
နိုင်ငံရေးအကဲခတ်တွေကတော့ စစ်ကောင်စီအနေနဲ့ ဆုကြေးငွေထုတ်ပြီး PDF တွေကို ဥပဒေဘောင်အတွင်း ဝင်ရောက်ဖို့ စည်းရုံးတာဟာ တော်လှန်ရေးအင်အားစုတွေကြား စိတ်ဓာတ်ပိုင်းဆိုင်ရာ တိုက်ခိုက်မယ့်သဘော လို့ ထောက်ပြကြပါတယ်။
စစ်တပ်ထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာတော့ အခုနှစ် ဇွန် ၅ ရက်နေ့အထိ ဥပဒေဘောင်အတွင်း ပြန် လည်ဝင်ရောက်လာသူ PDF အဖွဲ့ဝင် အမျိုးသား၊အမျိုးသမီး စုစုပေါင်း ၅၃၀ ကျော်ရှိတယ်လို့ ဖော်ပြထား ကြ တာပါ။
တော်လှန်ရေးအင်အားစုတွေဘက်ကတော့ စစ်ကောင်စီထံ လက်နက်ချ အလင်းဝင်ရောက်သူ အများစုဟာ သူတို့တပ်ဖွဲ့ဝင်တွေ မဟုတ်ကြဘူးလို့ သက်ဆိုင်ရာဒေသအလိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တာဝန်ခံ တွေက ပြောဆိုထားကြပါတယ်။