ကရင်ပြည်နယ်၊ ဖားအံမြို့တွင် ယခုတလော စစ်ကောင်စီဘက်မှ လိုင်စင်မဲ့ကားနှင့် ဖောင်းကြွ နံပါတ်ပြား မပြောင်းသည့် မော်တော်ယာဉ်များကို ဖမ်းဆီးအရေးယူမှု ပိုမိုလုပ်ဆောင်လာသော်လည်း မြဝတီ နယ်စပ် ဒေသ ဘက်တွင် လိုင်စင်မဲ့ယာဉ် အရောင်းအဝယ်ကောင်းနေဆဲ ဖြစ်ကြောင်း လိုင်စင်မဲ့ယာဉ် ရောင်းဝယ်သူများက ပြောသည်။
စစ်ကောင်စီက ဖားအံမြို့တွင်းသာ လိုင်စင်မဲ့ယာဉ်များကို ဖမ်းဆီးစစ်ဆေးမှုရှိကာ လိုင်စင်မဲ့ ယာဉ်တင်သွင်းသည့် လမ်းကြောင်းများကိုမူ ဖွင့်လှစ်ထားဆဲဖြစ်သည့်အတွက် လိုင်စင်မဲ့ယာဉ်များသည် စျေးကျခြင်းမရှိဘဲ အရောင်း အဝယ် ကောင်းဆဲဖြစ်သည်ဟု လိုင်စင်မဲ့ယာဉ်ရောင်းဝယ်သူတစ်ဦးက ကေအိုင်စီသို့ ပြောသည်။
၎င်းက “သူတို့ဘယ်လောက်ပဲဖမ်းပြ၊ နယ်စပ်မှာတော့ လိုင်စင်မဲ့ကားအရောင်းအဝယ်က ပုံမှန်ပဲ။ ကားစျေးတွေ ကလည်း ကျတာမရှိဘူး။ တက်ပဲတက်တယ်။ ဖားအံမြို့မှာပဲ အဖမ်းပြတာပါ။ မြဝတီမှာ လုပ်တဲ့လူတွေက လည်း သူတို့ပဲ။ ပြီးတော့ ဒီနယ်စပ်ဂိတ်ကနေ အထဲကို ကားသွင်းဖို့က သူ့တို့ဂိတ်တွေကိုပဲ ဖြတ်ရတယ်။ ဘယ် ကားက ဘယ်ကိုဆင်း သူတို့ အကုန်သိတယ်။ သူတို့ပဲ လမ်းဖွင့် ထားတာလေ” ဟု ပြောသည်။
လိုင်စင်မဲ့ မော်တော်ယာဉ်များသည် ထိုင်း-မြန်မာနယ်စပ် မဲဆောက်-မြဝတီမြို့မှတစ်ဆင့် တင်သွား လာကြကာ အများစုမှာ စစ်ကောင်စီတပ် လက်အောက်ခံ နယ်ခြားစောင့်တပ် - BGF ဂိတ်နှင့် စစ်ကောင်စီ စစ်တပ်ဂိတ်များကို ဂိတ်ကြေးပေးပြီးမှ တင်သွင်း၍ရကြောင်း လိုင်စင်မဲ့ကားများကို ပို့ဆောင်မောင်းနှင် ပေးသူတစ်ဦးက ပြောသည်။
“လိုင်စင်မဲ့ကားတွေက နယ်စပ်ကနေ သွင်းလာရတာဆိုတော့ BGFတို့၊ စစ်ကောင်စီဂိတ်တွေပဲ ဖြတ်လာ ရတယ်။ သူတို့ဂိတ်တွေမှာ ဂိတ်ကြေးဖြတ်ပြီးမှ မောင်းလာလို့ရတယ်။ မြဝတီကနေ ဖားအံအထိ မောင်းလာပေးရင် မောင်းလာပေးခ ၃ သိန်းပေးတယ်။ အဲ့ဒါဆိုရင် ဂိတ်ကြေးတွေပေးရပြီး ကိုယ့်အတွက် ၁ သိန်းလောက်ပဲ ကျန် တယ်။ ညီနောင်ဂိတ်၊ တံတားကျိုးဂိတ်၊ ဂျိုင်းတံတားဂိတ်အကုန်ပေးရတယ်” ဟု ကေအိုင်စီသို့ ပြောသည်။
မြဝတီမှ တစ်ဆင့် ဆင်းလာသည့် လိုင်စင်မဲ့မော်တော်ယာဉ်များကို ကရင်ပြည်နယ်အပြင် မွန်ပြည်နယ် ပဲခူးတိုင်း၊ မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ်ရှိ မြို့များတွင် ပို့ဆောင်ပေးနေကြကာ အဆိုပါ ပို့ဆောင်သည့် လမ်းကြောင်း ပေါ်တွင် စစ်ကောင်စီ လက်အောက်ခံ စစ်ဆေးရေးဂိတ်ကြီး အများအပြားရှိ သော်လည်း ဖမ်းဆီးမှုမရှိဘဲ အခကြေး ငွေယူပြီး ဖြတ်သန်းခွင့်ပြုသည်ဟု ဆိုကြသည်။
ထို့အပြင် ပြည်မသို့ လိုင်စင်မဲ့ မော်တော်ယာဉ်တင်သွင်းသူ အများစုသည်လည်း ဌာနဆိုင်ရာ အကြီးအကဲနှင့် နီးစပ်သည့်သူများ၊ ဌာနေတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် အဆိုပါ လက်နက်ကိုင်အဖွဲ့က အကြီးအကဲများနှင့် နီးစပ်သည့် သူများသာ လုပ်ဆောင်နေသည်ဟု လိုင်စင်မဲ့ကား အရောင်းအဝယ်လုပ်သူ များက ပြောသည်။
အဆိုပါ လိုင်စင်မဲ့ယာဉ်များကို ပို့ဆောင်ပေးနေသည့် ယာဉ်မောင်းများသည် ခရီးအနီးအဝေးပေါ် မူတည်၍ ကျပ်သိန်းနှင့်ချီ ယာဉ်မောင်းခ ပေးဆောင်ရသည်ဟု နယ်စပ်ရှိ လိုင်စင်မဲ့ယာဉ် အရောင်းအဝယ် လုပ်ကိုင်သူ များက ပြောသည်။