ချင်း-လူရှိုင်း-ကူကီးမျိူးနွယ်များ အုပ်ချုပ်မှုတစ်ခုအောက်မှာ ပြန်လည်စုစည်းနေထိုင်ရေး ဆောင်ရွက်မည်

ချင်း-လူရှိုင်း-ကူကီးမျိူးနွယ်များ အုပ်ချုပ်မှုတစ်ခုအောက်မှာ ပြန်လည်စုစည်းနေထိုင်ရေး ဆောင်ရွက်မည်

အိန္ဒိယ-မြန်မာ-ဘင်္ဂလားဒေရှ့် ၃ နိုင်ငံတွင် တကွဲတပြားစီ နေထိုင်ခဲ့ကြသော ချင်း-လူရှိုင်း-ကူကီးအနွယ်ဝင်များ အားလုံး အုပ်ချုပ်မှုတစ်ခုတည်း အောက်တွင် ပြန်လည်စုစည်းနေထိုင်ရေး ဆောင်ရွက်သွားမည်ဟု မီဇိုရမ်ပြည် နယ်တွင် ကျင်းပသော Zofa Inkhawmpui Lian ညီလာခံ က သဘောတူဆုံးဖြတ်လိုက်သည်။

Zofa Inkhawmpui Lian ဟု အမည်ပေးထားသော ဇို(ချင်း)မျိုးနွယ်များညီလာခံကို မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့ Vanapa ခန်းမတွင် Zo Reunification Organization (ZORO) အဖွဲ့မှ ဦးဆောင်ပြီး မေလ ၂၆ နှင့် ၂၇ ရက်နေ့မှာ နှစ်ရက်ကြ ကျင်းပခဲ့ကြသည်။

ချင်း-လူရှိုင်း-ကူကီးမျိုးနွယ်စုအားလုံးသည် ဆင်းသက်လာရာ တူညီသောမျိုးနွယ်စု တစ်ခုတည်းသာဖြစ်ကြပြီး ဗြိတိသျှ ကိုလိုနီအုပ်ချုပ်မှုစနစ်ကြောင့် အိန္ဒိယ-မြန်မာ-ဘင်္ဂလားဒေရှ့်စသည့် ၃ နိုင်ငံတွင် တကွဲတပြားစီ အုပ် ချုပ်ခံနေကြရသည်ဟု ဆိုသည်။

ဗြိတိသျှ ကိုလိုနီအုပ်ချုပ်မှုစနစ်က မိမိတို့၏ အခြေခံ ရပိုင်ခွင့်များကို မတရားရယူ သိမ်းပိုက်ခဲ့သည် သာမက မိမိ တို့လူမျိုးများကို အိန္ဒိယနိုင်ငံ၊ မြန်မာနိုင်ငံ နှင့် ဘင်္ဂလားဒေရှ့်နိုင်ငံတို့တွင် တကွဲတပြားစီ ပိုင်းခြားခဲ့သည့်အပေါ် လက်မခံကြောင်း ယင်းညီလာခံကဆိုသည်။

ထို့ကြောင့် ဗြိတိသျှကိုလိုနီအစိုးရမှ ၁၈၉၂ ခုနှစ်တွင် ကျင်းပခဲ့သော Chin- Lushai Conference ညီလာခံ ဆုံးဖြတ် ချက်အမှတ် - ၁ အရ Zofate- ချင်း-လူရှိုင်း-ကူကီးအနွယ်ဝင်များသည် အုပ်ချုပ်မှုတစ်ခုအောက်မှာ ပြန်လည် စုစည်း နေထိုင်ရမည်ဟု ကြေညာပြီး ယင်းကိစ္စအား အကောင်ထည်ဖော်ဆောင်ရွက်ရန် အကြမ်းမဖက်သော နည်းလမ်းဖြင့် အဆုံး တိုင်ဆောင်ရွက်သွားမည်ဟု Zofa Inkhawmpui Lian ကဆုံးဖြတ်ခဲ့သည်။

ဗြိတိသျှကိုလိုနီအစိုးရသည် ၁၈၉၂-ခုနှစ် ဇန်နဝါရီလ ( ၂၅-၂၉ ) ရက်နေ့တွင် သမိုင်းဝင် ချင်း – လူရှိုင်း ကွန်ဖရင့် (Chin – Lushai Conference) ကို အိန္ဒိယနိုင်ငံ ကလကတ္တားမြို့ Fort Williams တွင် ကျင်းပခဲ့ပြီး ၎င်းတို့၏ စစ် မျက်နှာ အသီးသီးမှ သိမ်းပိုက်အုပ်ချုပ်ပြီး ဒေသများမှ ချင်း-လူရှိုင်း-ကူကီး မျိုးနွယ်စုအားလုံးအား စုစည်းပြီး အုပ်ချုပ်ရေးနယ်မြေ တစ်ခုတွင်ထားရှိရန် ဆုံးဖြတ်ခဲ့ကြသည်။

သို့သော်လည်း ယင်းဆုံးဖြတ်ချက်သည် ယနေ့အချိန်ထိ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းရှိ မလာဘဲ ချင်း-လူရှိုင်း-ကူကီး မျိုးနွယ်စုများသည် အိန္ဒိယနိုင်ငံတွင် မီဇိုရမ်ပြည်နယ်၊ မြန်မာနိုင်ငံတွင် ချင်းပြည်နယ် နှင့် ဘင်္ဂလား ဒေရှ့် နိုင်ငံတွင် စစ်တကောင်းတောင်တန်းဒေသ စသည်ဖြင့် တကွဲတပြားစီနေထိုင်ခဲ့ကြရခြင်း ဖြစ်သည်။

အိုင်ဇောလ်မြို့ Vanapa ခန်းမတွင် ကျင်းပသော Zofa Inkhawmpui Lian ညီလာခံတွင် အနယ်အရပ်ရပ်မှ ကိုယ် စားလှယ်များအပြင်၊ မီဇိုရမ်ပြည်နယ် အထက်လွှတ်တော်အမတ် Pu K Vanlalvena၊ မီဇိုရမ်နိုင်ငံရေးပါတီ အသီး သီးက ကိုယ်စားလှယ်များ၊ ZORO အဖွဲ့ခေါင်းဆောင်များ၊ NUG အစိုးရ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန ဒု-ဝန်ကြီး ဒေါက်တာငိုင်းတမ်မောင်း၊ ချင်းပြည်နယ်ဝန်ကြီးချုပ် ဟောင်း ဆလိုင်းလျန်လွယ်၊ ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ သဘာပတိအဖွဲ့ဝင် ဆလိုင်းအိုင် ဇက်ခင် တို့ တက်ရောက်ခဲ့ကြသည်။

ညီလာခံသို့ တက်ရောက်လာကြသော ကိုယ်စားလှယ်များသည် မေလ ၂၇ ရက်နေ့မနက်ပိုင်းတွင် အိုင်ဇောလ်မြို့ Millennium စင်တာမှ Vanapa Hall အထိ “ Zofate Inpumkhatna - ပြန်လည်စည်းလုံးခြင်း’’ ချီတက်လမ်း လျှောက်ခဲ့ကြသည်။

Most read this week

November 13, 2024
ချင်းပြည်ကောင်စီ ဦးဆောင်ကော်မတီသည် ၈ ကြိမ်မြောက် အစည်းအဝေးကို ကျင်းပခဲ့ပြီး ချင်းအင်အားစု...
November 7, 2024
ချင်းပြည်နယ်မြောက်ပိုင်း၊ ဖလမ်းမြို့တွင် အောက်တိုဘာလကုန်ပိုင်းက စစ်ကောင်စီတပ်နှင့်...
November 7, 2024
ချင်းတောင်ခြေ၊ စစ်ကိုင်းတိုင်း ကလေးမြို့မှာ အခြေခံစားသောက်ကုန်ပစ္စည်းများ နေ့စဉ်နှင့်အမျှ...
November 6, 2024
အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်တွင် မြန်မာဘက်ကို ပို့ဆောင်မည့် ဖောက်ကွဲရေးပစ္စည်းတချို့ကို...