ကချင်ပြည်နယ် ဝိုင်းမော်မြို့တွင်ရှိသည့် စစ်ဘေးရှောင်စခန်းမှ နေရပ်ကို ပြန်သွားကြသည့် ဒဘတ်ယန်ကျေးရွာရှိ ဒေသခံများက လက်ရှိကျေးရွာတွင် ကျောင်းဆောင်မရှိသေးသည့်အတွက် ယခုလာမည့် ပညာသင်နှစ်တွင် ကလေးများ ကျောင်းမတက်ရမည်ကို စိုးရိမ်နေကြသည်ဟု ကျောင်းသားမိဘများက ပြောသည်။
၂၀၁၁ ခုနှစ် စစ်တပ်နှင့် ကချင်လွတ်လပ်ရေး တပ်မတော် KIA တို့အကြား တကြော့ပြန် တိုက်ပွဲမဖြစ်ပွားခင်က ဒဘတ်ယန်ကျေးရွာတွင် မူလတန်းအထိ ရှိခဲ့သော်လည်း တိုက်ပွဲကာလအတွင်း ကျောင်းဆောင် ပျက်စီးသွား သည့်အတွက် လက်ရှိတွင် ကျောင်းပြန်ဖွင့်ရန် အခက်အခဲများ ရှိနေသည်ဟု ဒဘတ်ယန်ကျေးရွာက ကျောင်း သားမိဘ အမျိုးသမီးတစ်ဦးက ပြောသည်။
“အခုက ခက်ခဲတာထက်ပိုပြီးခက်ခဲတာက ကလေးတွေရဲ့ ပညာရေးပဲပေါ့။ ဒီလုပ်ကိုင်စားသောက်မှုတွေ၊ စား ဝတ်နေရေးအတွက် ခက်ခဲတာတွေက ခက်တယ်ဆိုပေမယ့် တစ်မျိုးဖြစ်သွားပြီ။ အခုကျောင်းက ဘယ်လိုလဲ ဒီ ရွာမှာ ၄ တန်းထိ ကျောင်းဖွင့်မယ်လို့တော့ ပြောတယ်။”
မေလ နောက်ဆုံးပတ်တွင် နိုင်ငံတဝှမ်းရှိ အခြေခံပညာသင်ကျောင်းများတွင် ၂၀၂၃-၂၄ ခုနှစ် ပညာသင်နှစ် အတွက် ကျောင်းအပ်ခံနေပြီ ဖြစ်သည်။
ထို့ကြောင့် ပျက်စီးနေတဲ့ ကျောင်းဆောင်ကို သက်ဆိုင်ရာ တာဝန်ရှိသူများက ပြုပြင်ပြီး ကလေးများ ကျောင်း တက်နိုင်ရေး စီစဉ်နေသည်ဟု ဒဘတ်ယန်ကျေးရွာမှ ရွာလူကြီးတစ်ဦးက ပြောသည်။
“ကျနော်တို့ ဒဘတ်ကျေးရွာမှာက ၂၀၁၁ ခုနှစ် တစ်ကြော့ပြန်တိုက်ပွဲ မဖြစ်ခင်မှာ စာသင်အသုံးပြုခဲ့တဲ့ မူလ တန်း ကျောင်းဆောင်ရှိတယ်လေ။ ဒါပေမယ့် ဒါက အခု ပညာရေး အစိုးရဌာနကတော့ အန္တရာယ်ဆောင်ဆိုပြီး အသိအမှတ် ပြုထားပြီ။ ဒါပေမယ့် ဒီအဆောင်ကို လောလောဆယ် မွမ်းမံပြုပြင်ပြီး ယာယီအဆောင်အဖြစ် ကျောင်းစာသင်ဖို့ အစီအစဉ်လုပ်ထားတယ်။”
ကျောင်းဆောင် ပြန်ဆောက်ဖို့ ပြောဆိုနေသော်လည်း ယခုအချိန်အထိ အကောင်အထည်ဖော်မှုများ မတွေ့ရ သေးဘူးဟု ဒဘတ်ယန်ကျေးရွာက ကျောင်းသားမိဘ အမျိုးသမီးတစ်ဦးက ဆိုသည်။
“ဒါပေမယ့် ခုထိ ကျောင်းဆောင်က မလုပ်ရသေးဘူး။ အစိုးရကနေ ကျောင်းဖွင့်ပေးမယ်လို့လည်း လာပြော တယ်။ ဒါလည်း ခုထိ ဘာမှမပြောလာသေးဘူး။”
ကျောင်းဆောင်ကို အချိန်မှီ ပြန်မဆောက်နိုင်ခဲ့ပါက ကျောင်းဖွင့်၍လည်း မရသည့်အတွက် ယခုနှစ် ပညာသင်နှစ် တွင် ကျောင်းတက်မည့် ကလေးများ ကျောင်းရပ်နားရမည့် အခြေအနေမျိုး ဖြစ်နေသည်ဟု ဆိုသည်။
ထို့ကြောင့် ကလေးများ ကျောင်းတက်နိုင်ရေး ပျက်စီးနေသည့် ကျောင်းဆောင်ကို ကျောင်းတက်ချိန်အမှီ ပြန် ဆောက်လုပ်ပေးရန် သက်ဆိုင်ရာ တာဝန်ရှိသူများကို တောင်းဆိုသည်ဟု ကျောင်းသားမိဘများက ဆိုသည်။
မူလတန်းတက်မည့် ကျောင်းသူ/ကျောင်းသားများအတွက် ကျောင်းဆောင် ပြန်မဆောက်နိုင်ပါက ကျောင်းတက် ရန် မဖြစ်နိုင်သလို အလယ်တန်းနှင့် အထက်တန်းတက်မည့် ကျောင်းသူ/ကျောင်းသာများကို ကျောင်းသား မိဘ များကလည်း ကလေးများ၏ ပညာရေးနှင့် ပတ်သက်၍ စိန်ခေါ်မှုများ ရှိနေသည်ဟု ၈ တန်းတက်မည့် ကျောင်းသူ တစ်ဦး၏ မိခင်က ယခုကဲ့သို့ ပြောသည်။
“အခု ကျမလည်း ၈ တန်းတက်မယ့် တစ်ယောက်က ဘယ်မှာ သွားတက်ခိုင်းရမလဲ မသိဘူး။ အခုထိ မစဉ်းစား နိုင်သေးဘူး။ ငွေကြေးရေးကလည်း ခက်ခဲတော့ ကျောင်းထားနိုင်ပါ့မလား မသိဘူး။ တခြားအမေတွေကို မေး ကြည့်တော့လည်း မသိဘူး ဘယ်မှာသွားထားရမလဲ မသိဘူး။ အဲ့လိုပဲ ပြောကြတယ်။ မိဘတွေကလည်း စိတ် ညစ်နေကြတယ်။”
ထို့ကြောင့် ဒေသခံများက ဒဘတ်ယန်ကျေးရွာတွင် အလယ်တန်းအထိ ကျောင်းဖွင့်လှစ်ပေးရန် ဝိုင်းမော်မြို့နယ် ပညာရေးရုံးကို တင်ပြတောင်းဆိုထားသည်ဟု ဆိုသည်။
သို့သော် ဒဘတ်ယန်ကျေးရွာက ကျောင်းသည် ယခင်ကတည်းက မူလတန်းကျောင်းသာ ဖြစ်သည့်အတွက် မူလ တန်းကိုသာ ဖွင့်လှစ်ပေးမည်ဟု ပညာရေးမှူးရုံးက ပြောဆိုခဲ့သည်။
ဒဘတ်ယန်ကျေးရွာတွင် အိမ်ထောင်စု ၂၆၄ စု နှင့် စုစုပေါင်း လူဦးရေ ၁၅၀၀ နီးပါး နေထိုင်ကြခြင်းဖြစ်ပြီး ပညာ သင်ကြားမည့် ကျောင်းသူကျောင်းသား စုစုပေါင်း ၂၈၂ ဦးခန့်ရှိသည်ဟု ဆိုသည်။
ဝိုင်းမော် – ဗန်းမော် ကားလမ်းမပေါ်ရှိ ဒဘတ်ယန်ကျေးရွာက ဒေသခံများ ၂၀၁၁ ခုနှစ်က စစ်တပ်နှင့် ကချင် လွတ်လပ်ရေး တပ်မတော် KIA တို့ကြားက တစ်ကြော့ပြန်တိုက်ပွဲများကြောင့် ကျေးရွာကို စွန့်ခွာကာ ဝိုင်းမော်မြို့ ကို စစ်ဘေးရှောင်ခဲ့ကြသည်။
ဝိုင်းမော်မြို့တွင် ဆယ်နှစ်ကျော်ကြာ နေထိုင်စစ်ဘေးရှောင်ခဲ့ပြီးနောက် ပြီးခဲ့သည့် ဖေဖော်ဝါရီလကုန်ပိုင်းက ၎င်းတို့၏ နေရပ်ကို ပြန်လည်နေထိုင်ခဲ့ကြခြင်း ဖြစ်သည်။