နွေဦးတော်လှန်ရေးတွင် အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM) ဝန်ထမ်းများ၏ အခန်းကဏ္ဍ အရေးကြီးမှုကို နိုင်ငံ တကာ အနေဖြင့် ပိုမိုနားလည်သဘောပေါက်၍ ၎င်းတို့အား လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူ-HRD များအဖြစ် အသိအမှတ်ပြုကူညီပေးရန် ကရင်လူ့အခွင့်အရေးအဖွဲ့-KHRG က ပြောဆိုသည်။
ယမန်နေ့က ပြုလုပ်သည့် KHRG နှင့် မြန်မာအရပ်ဖက်အဖွဲ့ (၁၈)ဖွဲ့ ပူးတွဲရေးသား ပြုစုထားသော “အာဏာဖီဆန် ရေး လူထုလှုပ်ရှားမှု – မြန်မာ့ နွေဦးတော်လှန်ရေး ၏ အုတ်မြစ်တစ်ခု၊ စစ်အုပ်စု အာဏာသိမ်းရန် ကြိုးပမ်းမှု ကျရှုံးရခြင်း၏ နောက် ကွယ်မှ အင်အားစု” အမည်ရှိ အစီရင်ခံစာထုတ်ပြန်မှုနှင့်ပတ်သက်၍ ကေအိုင်စီက ဆက် သွယ် မေးမြန်းရာတွင် KHRG ပြောခွင့်ရ စောနန္ဒဆူးက ထိုသို့ဖြေကြားခဲ့ခြင်းဖြစ်သည်။
၎င်းက “ကျနော်တို့ KHRG ကလည်း လူ့အခွင့်အရေး အဖွဲ့အစည်းဖြစ်တာနဲ့အညီ CDM လုပ်ဆောင်တဲ့ ဝန်ထမ်း တွေဟာ လူ့အခွင့်အရေး မြှင့်တင် ကာကွယ်ပေးနေသူဖြစ် ကြောင်း အသိအမှတ်ပြု လက်ခံသလို သူတို့ကြုံတွေ့ရတဲ့ အခက်အခဲ စိန် ခေါ်မှု တွေအပေါ် ပံ့ပိုးကူညီမှုတွေ ဒီထက်ပိုမိုရရှိစေလိုတဲ့ အတွက်ကြောင့်မို့လို့ ဒီပူးတွဲ အစီရင်ခံစာမှာ ပါဝင်ရတာပါ” ဟု ကေအိုင်စီသို့ပြောသည်။
ယမန်နေ့ မေလ(၂၅)ရက်နေ့က ထုတ်ပြန်သည့် အဆိုပါ ပူးတွဲအစီရင်ခံစာတွင် CDM တွင်ပါဝင်သူများအနေဖြင့် စစ်ကောင်စီ၏ အကြမ်းဖက်ဖမ်းဆီးမှုများကြောင့် ပြည်တွင်း နေရပ်စွန့်ခွာရသူများ ဖြစ်လာပြီး အများအားဖြင့် ကေအဲန်ယူ အုပ်ချုပ်နယ်မြေများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသလို ထိုနယ်မြေများရှိ လက်နက်ကိုင် ပဋိပက္ခများ ကြောင့် စစ်ဘေးရှောင်တိမ်း ရှောင်နေရသော ဒေသခံပြည်သူများ နည်းတူ လူသားချင်းစာနာရေး အကူအညီများ ရရှိရန် လိုအပ်နေကြောင်း ဖော်ပြထားသည်။
ဆက်လက်ပြီး ယင်းအစီရင်ခံစာတွင် ပြည်ပရောက် မြန်မာနိုင်ငံသားတစ်ဦး တစ် ယောက်ချင်းသည်သာမက ပြည်တွင်း၊ ပြည်ပရှိ အသင်းအဖွဲ့များမှ မြန်မာနိုင်ငံရှိ လူသားချင်းစာနာထောက်ထားရေးဆိုင်ရာများတွင် ထောက် ပံ့ပေးနေသော်လည်း စစ်ကောင်စီ၏အကြမ်းဖက်မှုကြောင့် ထပ်မံဖြစ်ပေါ်လာသော အကျပ်အတည်းများ အတွက် လုံလောက်မှုမရှိခြင်း၊ နိုင်ငံတာနှင့်ကုလသမဂ္ဂ၏ ပုံမှန်ရန်ပုံငွေလမ်းကြောင်း ရောက်ရှိမလာဘဲ CDM များ၏ လိုအပ်ချက်နှင့်ယှဥ်လျှင် အချိုး ညီမျှမှုမရှိကြောင်း ဆိုထားသည်။
ယမန်နေ့က အွန်လိုင်းဖြင့် ပြုလုပ်ခဲ့သော အစီရင်ခံစာ ထုတ်ပြန်ခြင်း သတင်းစာရှင်း လင်းပွဲတွင် CDM များ၏ အခြေအနေနှင့် ပတ်သက်၍ အစီရင်ခံစာပူးတွဲရေး သားသောအဖွဲ့များအနက် တစ်ဖွဲ့အပါအဝင်ဖြစ်သော ရှေ့ပြေး အသံအဖွဲ့ တည် ထောင်သူနှင့်ဥက္ကဋ္ဌ မခင်ဥမ္မာကလည်း ယခုလို ပြောသည်။
မခင်ဥမ္မာက “CDM အတွက်ပံ့ပိုးမှုတွေက တခြားထက်စာရင်နည်းတဲ့အတွက် ရေရှည်ရပ်တည်မနေနိုင်ကြ တော့တာတွေရှိ လာတယ်။ ကုလသမဂ္ဂရဲ့လူ့အခွင့် အရေး ကာကွယ်စောင့် ရှောက်သူဆိုင်ရာ ဖွင့်ဆိုချက်တွေနဲ့ အညီ CDM တွေ ဟာလည်း လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူတွေ ဖြစ်ပါတယ်။ တစ်ဦးချင်းရဲ့ အခွင့် အရေးကြောင့် ဖြစ်စေ၊ အများကြောင့်ဖြစ်စေ လုပ်ဆောင်နေတာဖြစ်တဲ့အတွက် CDM တွေကိုပံ့ပိုး ပေးဖို့ လို ပါတယ်” ဟု ပြောသည်။
နိုင်ငံတကာအလှူရှင်များအနေဖြင့်လည်း CDM တွင်ပါဝင်သူများအား မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးဆိုင်ရာ အခြေခံ ရပိုင်ခွင့်၊ လွတ်လပ်ခွင့်များအား ကာကွယ်မြှင့် တင်ပေးနေသည့် HRD များအဖြစ် အသိအမှတ်ပြု ကူညီ ရာတွင် နယ်စပ်ဖြတ်ကျော် လမ်းကြောင်းများမှတဆင့် ကူညီခြင်းသည် အထိရောက်ဆုံးဖြစ်ကြောင်းနှင့် နိုင်ငံတ ကာလူ့အခွင့်အရေးကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ အဖွဲ့အစည်းများနှင့် လက်တွဲလုပ်ဆောင်ရန်လိုကြောင်း အစီရင်ခံစာမှတဆင့် တိုက်တွန်းပြောဆိုထားသည်။
အဆိုပါ အစီရင်ခံစာကို KHRG အပါအဝင် မြန်မာ့အမျိုးသမီးသမဂ္ဂ၊ မွန်ပြည် လူ့အခွင့်အရေးဖောင်ဒေးရှင်း၊ ကချင်အမျိုးသမီးအစည်းအရုံး – ထိုင်းနိုင်ငံ၊ ကရင်နီအမျိုးသမီးအစည်းအရုံး၊ ကယန်းအမျိုးသမီး အစည်းအရုံး၊ ပအိုဝ်းအမျိုး သမီးသမဂ္ဂနှင့် ရှေ့ပြေးအသံအဖွဲ့ အစရှိသည့် အဖွဲ့ပေါင်း (၁၉) ဖွဲ့က ပူးတွဲရေးသားပြုစုခဲ့ခြင်း ဖြစ် သည်။
၎င်း အစီရင်ခံစာ ရေးသားထုတ်ပြန်နိုင်ရန် HRD များ၊ CDM ပါဝင်သူများနှင့် တွေ့ဆုံ မေးမြန်းမှု (၂၀)ကျော်နှင့် သုတေသနပြုလုပ်ခြင်းများ လုပ်ဆောင်ခဲ့ရကြောင်း မေလ(၂၅)ရက်နေ့က ရှေ့ပြေးအသံအဖွဲ့၏ လူမှုကွန်ရက် စာမျက်နှာမှတဆင့် အွန်လိုင်းဖြင့်ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲအရ သိရသည်။