ရခိုင်ပြည်နယ်အတွင်းက မုန်တိုင်းဒဏ်ကို အကြီးအကျယ်ခံခဲ့ရသည့် မြို့နယ်များကို သွားရောက် ထောက်ပံ့ ကူညီ နိုင်ရေးအတွက် အလှူငွေ ကောက်ခံမည့် ကျောက်ဖြူမှလူမှုရေးအသင်းအဖွဲ့များကို မြို့နယ်အထွေထွေ အုပ်ချုပ် ရေးမှူးရုံးမှ ခွင့်မပြုဘူးဟု ပြောသည်။
ရခိုင်ပြည်နယ်တွင် ကျောက်ဖြူမြို့သည် မုန်တိုင်းဖြတ်သန်းတိုက်ခတ်မည့် ဒေသတစ်ခုအဖြစ် ကနဦး စာရင်းတွင် ပါဝင်သော်လည်း အမှန်တကယ် မုန်တိုင်းဖြတ်သန်းသည့်အခါ အပျက်အစီးအထိခိုက် နည်းပါးခဲ့သည်။
သို့အတွက် ကျောက်ဖြူမြို့နယ်မှ လူမှုရေးအသင်းအဖွဲ့ ၃၀ ကျော်နှင့် ပရဟိသမားများသည် ပြီးခဲ့သည် မေလ ၂၁ ရက်နေ့က အစည်းအဝေးပြုလုပ်ကာ တစ်ခြားမုန်တိုင်းဒဏ်ကို အကြီးအကျယ်ခံခဲ့ရသည့် မြို့နယ်များကို အလှူ ငွေကောက်ခံပြီး သွားရောက် ကူညီလှူဒါန်းရန် ဆုံးဖြတ်ခဲ့ကြသည်ဟု ဆိုသည်။
ကျောက်ဖြူဒေသခံ လူမှုရေးလှုပ်ရှားဆောင်ရွက်နေသူတစ်ဦးက “ဆုံးဖြတ်ပြီးတဲ့နောက်မှာ အလှူငွေကောက်ခံဖို့ မြို့နယ် ထွေအုပ်ရုံးကို ခွင့်ပြုစာတင်ပါတယ်။ သူတို့ ပြောတာကတော့ မုန်တိုင်းတိုက်တဲ့ အနီရောင် နယ်မြေထဲ မှာ ကျောက်ဖြူမြို့နယ်လည်း ပါတဲ့အတွက် ပြည်သူလူထုဆီက အလှူခံခွင့်မပြုဘူးတဲ့။ သူတို့မှာလည်း ကျောက် ဖြူမြို့မှာ ပျက်စီးသွားတဲ့ စာရင်းတွေရှိတယ်တဲ့” ဟု ပြောသည်။
ယခုကဲ့သို့ ခွင့်ပြုချက် မပေးသဖြင့် ကျောက်ဖြူမြို့တွင် အလှူခံဌာနဖွင့်လှစ်ပြီး မြို့နယ်အနှံ့တွင် အလှူငွေများ ကောက်ခံမည့် အစီအစဉ်ကို ဖျက်သိမ်းလိုက်ရသည်ဟု ဆိုသည်။
“အစိုးရက လုပ်ခွင့်မပြုတော့ လုပ်ဖို့ အဆင်မပြေဖြစ်သွားတယ်။ သူတို့ ခွင့်မပြုတဲ့ အရာတစ်ခုကို အကိုတို့ အနေ နဲ့လည်း သွားလုပ်ခွင့်မရှိဘူးလေ။ အဲဒီလိုသွားလုပ်လိုက်လို့ တစ်ခုခုဖြစ်သွားရင် အကိုတို့ မူလလုပ်နေတဲ့ လူမှု ရေးအလုပ်တွေ ပျက်ကျသွားလို့မဖြစ်ဘူး။ အခြားပြည်သူတွေလည်း နစ်နာမယ်၊ အခက်အခဲတွေ့မယ်။ အဲ့ဒါ ကြောင့်အကိုတို့က ဆင်ခြင်ပြီးတော့ နောက်ဆုတ်လိုက်ရတယ်” ဟု အဆိုပါ လူမှုရေး လှုပ်ရှားဆောင်သူက ဆက် ပြောသည်။
မုန်တိုင်း တိုက်ခတ်မှုကြောင့် ကျောက်ဖြူမြို့တွင် ပညာရေး၊ အေဆောက်အအုံ၊ ရုံးအဆောက်အအုံ၊ ဘာသာရေး အဆောက်အအုံနှင့် လူနေအိမ်စုစုပေါင်း ၂၅၀၀ ကျော်ပျက်စီးဆုံးရှုံးသွားကြောင်း မြို့နယ်ထွေအုပ်ရုံး၏ စာရင်းများအရ သိရသည်။
ရခိုင်ပြည်တွင် ပြီးခဲ့သည့် မေလ ၁၄ ရက်ကတိုက်ခတ်ခဲ့သည့် “မိုခါ” ဆိုင်ကလုန်းမုန်တိုင်းကြောင့် စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ ရသေ့တောင်၊ မောင်တော၊ ပေါက်တောမြို့နယ်တို့တွင် လူနေအိမ်အပါအဝင် အဆောက်အအုံများစွာ ပျက်စီးဆုံးရှုံးခဲ့ပြီး လူနှင့်တိရစ္ဆာန် သေဆုံးမှုများလည်း ရှိခဲ့သည်။
မုန်တိုင်းတိုက်ခတ်သည်မှာ (၁၁) ရက်အထိ ရောက်ရှိလာပြီဖြစ်သော်လည်း ရခိုင်ပြည်က မုန်တိုင်းသင့် ပြည်သူ များအနေဖြင့် အရေးပေါ် စားနပ်ရိက္ခာအကူအညီ၊ သောက်သုံးရေ၊ အမိုးအကာနှင့် ဆေးဝါးအကူအညီ အထောက်အပံ့များ ရရှိခြင်း မရှိသေးသလို အချို့ ပြည်သူများမှာ စိတ်ကျန်းမာရေး ပိုင်းဆိုင်ရာ ထိခိုက်မှုများကို လည်း အမြန်ဆုံးကုသရန် လိုအပ်နေသည်ဟု ဆိုကြသည်။