၂၀၂၂-၂၀၂၃ ပညာသင်နှစ်မှာ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုထားတဲ့ ကျောင်းသားကျောင်းသူတွေဟာ စာမေးပွဲ ကျရှုံးပါက လာမယ့်ပညာသင်နှစ်မှာ ကျောင်းတက်ရောက်ခွင့်မပြုတော့ဘူးလို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ကြေညာ မှု အပေါ် ပညာရေးအသိုင်းအဝိုင်းက ဝေဖန်ပြစ်တင်လိုက်ပါတယ်။
စစ်ကောင်စီက ၂၀၂၂-၂၀၂၃ ပညာသင်နှစ်မှာ စာမေးပွဲဖြေဆိုတဲ့ ကျောင်းသား ကျောင်းသူတွေဟာ သင်ရိုးဟောင်း ကျောင်းသားကျောင်းသူတွေဖြစ်ပြီး သူတို့ကို မတ်လအတွင်းက နောက်ဆုံးအကြိမ် စာမေးပွဲစစ်ဆေးခဲ့ပြီး ဖြစ် ကာ အဲဒီထဲမှာလာရောက်မဖြေဆိုသူနဲ့ ကျရှုံးသူတွေကို ကျောင်းတက်ခွင့်ပြုတော့မှာ မဟုတ်ဘူးလို့ ထုတ်ပြန်လာ တာပါ။
ကျောင်းတက်ရောက်ခွင့် မရှိသူတွေအနေနဲ့ စာမေးပွဲပြန်လည်ဖြေဆိုချင်ပါက ကိုယ်တိုင်လေ့လာပြီးဖြစ်စေ၊ ပြင် ပသင်တန်းတွေ တက်ရောက်ပြီးဖြစ်စေ လေ့လာသင်ယူပြီး Grade 12 သင်ရိုးသစ် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲကို ဝင်ရောက်ဖြေဆိုခွင့်ရရှိမှာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။
ပုဂ္ဂလိကကျောင်းမှ ဆရာမ တစ်ဦးက “ပြောရမယ်ဆိုရင်တကယ် စာလိုချင်တဲ့ကလေးလောက်ပဲ ပြန်တက်ဖြစ် တော့မယ်နဲ့ တူတယ်။ သူတို့က ပြော တာက စနစ်သစ် (၁၂)တန်းကိုပဲ အပြင်မှာတက်ပြီးတော့ ဝင်ဖြေချင်စိတ် ရှိရင် ဖြေပေါ့နော်။ ကျောင်းတော့ တက် ခွင့် မပြုတော့ဘူးလို့တော့ ပြောတယ်။ အခက်အခဲကတော့ တော်တော် ရှိသွားနိုင်တယ်၊ ဘာကြောင့်လဲဆိုတော့ စနစ် ဟောင်းနဲ့ စနစ်သစ်က တူတယ်ဆိုပေမယ့် သိပ်ပြီးတော့မတူဘူး ပေါ့နော်၊ (၁၀၀) ရာခိုင်နှုန်းမှာ (၂၀) လောက် ပဲ တူ တာပါတာကို။ (၈၀) ရာခိုင်နှုန်းက နည်းနည်း အသစ်အဆန်း အခက်အခဲတွေဖြစ်တယ် ဆိုတဲ့အတွက် သူတို့ ကတော့ စနစ်သစ်ကို ပုံမှနအတိုင်းပဲ သွားနေတဲ့ ကလေးမျိုး လောက်ပဲ စနစ်သစ်ကိုတက်ဖြစ်လောက်မယ်နဲ့ တူတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်အရ ပြီးခဲ့တဲ့စာမေးပွဲမှာ မဖြေဆိုသူတွေနဲ့ ကျရှုံးသူတွေဟာ ကျောင်းတက်ရောက် ခွင့် မရတော့တဲ့အတွက် အခက်အခဲဖြစ်သွားနိုင်သလို စနစ်သစ်နဲ့ စနစ်ဟောင်းမှာ စာတွေတူညီမှုမရှိဘဲ ပြင်ပမှာ လေ့လာသင်ကြားခိုင်းတာကြောင့် ကျောင်းတက်ရောက်ကြတော့မှာ မဟုတ်ဘူးလို့ ပုဂ္ဂလိကကျောင်းမှ ဆရာမ တစ်ဦးက ပြောပါတယ်။
“ဘာကြောင့်လဲဆို သူတို့အတွက်က တော်တော်ကြီးကို အခက်အခဲရှိသွားနိုင်တယ်၊ စနစ်သစ်ကိုကူးပြီး တော့ပဲ ဖြေရမယ်ဆိုတဲ့အတွက် ပြန်ပြီးတော့ လေ့လာရမှာတွေကများတော့ အရွယ်အားဖြင့်ရော၊ အချိန်အား ဖြင့်ရော၊ ငွေရေးကြေးရေးအားဖြင့်ရောဆိုရင် တော်တော်တော့ ခက်ခဲသွားနိုင်တာပေါ့” လို့ ပြောပါတယ်။
ဒါ့အပြင် စနစ်သစ်ဟာ ခက်ခဲပြီးရှုပ်ထွေးတာကြောင့် စစ်ကောင်စီက ကျရှုံးကျောင်းသားကျောင်းသူတွေကို ကျောင်းတက်ရောက်ခွင့် မပေးဘဲ အပြင်မှာကိုယ်တိုင်လေ့လာခိုင်းတာဟာ လက်တွေ့မှာ မဖြစ်နိုင်သလို ပြင်ပ သင်တန်းနဲ့ ကျောင်းတွေကလည်း စရိတ်ကြီးမြင့်တဲ့အတွက် တော်ရုံမိသားစုတွေ ထားနိုင်တော့မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။
CDM ကျောင်းဆရာတစ်ဦးကလည်း စစ်ကောင်စီက အခုလိုလုပ်ဆောင်တာဟာ အရင်ကချမှတ်ထားတဲ့ ပညာ ရေးမူဝါဒနဲ့ ညီညွှတ်မှုမရှိသလို ပြင်ပကလေ့လာသင်ကြားပြီး ဖြေဆိုခိုင်းတာဟာ ကျောင်းသား ကျောင်းသူတွေ အပြင် မိဘတွေပါ မလွယ်တဲ့အတွက် ကလေးတွေရဲ့ပညာရေး လမ်းဆုံးသွားပြီလို့ ဝေဖန်ပါတယ်။
“တကယ်တန်း စနစ်အဟောင်းက ကလေးတွေက သူက (၃)နှစ် အထိ ကျခွင့်ရှိတယ်လို့ ကျွန်တော်တို့ သိထားရ တာ၊ (၃) နှစ်အထိကျပြီးတော့ အရင် (၁၀)တန်းစနစ်ဟောင်းပေါ့နော်။ ပြန်ဖြေပိုင်ခွင့်ရှိတယ်။ အခွင့်အရေး တကယ်တော့ ရှိသင့်တာပေါ့လေ။ မူဝါဒအရတော့ ထပ်ရှိရဦးမှာ။ ဒါပေမယ့် သူမပေးတော့ဘူးပေါ့၊ ဒီ(၁၀)တန်း စနစ်ဟောင်းကနေပြီးတော့ ကျခဲ့တဲ့ကလေးကို (၁၂) တန်းစနစ်သစ်စာကို ပေးသင်ခိုင်းပြီးတော့ သင်တာတောင် မှ နင့်ဘာနင် ပြင်ပအနေနဲ့ သင်ပြီးတော့ဝင်ဖြေဆိုတဲ့ဟာကြီးက အမှန်အတိုင်းပြောရမယ်ဟေ့ဆိုရင် မလွယ် ဘူး။ မိဘတွေအနေနဲ့လည်း မလွယ်ဘူး။ စကစရဲ့စာမေးပွဲကို ဝင်ဖြေပြီးတော့မှ မအောင်တဲ့ကလေးတွေရဲ့ အရည်အချင်းကတော့ ပိုတောင်မေးခွန်းထုတ်စရာဖြစ်တယ်။ စကစဘက်ကတော့ သူတို့ကို ဘာမှကြည့်မှာ မဟုတ်တော့ဘူး၊ သူတို့ရဲ့ ပညာရေးကိုလည်း ဂရုစိုက်မှာတော့မှာ မဟုတ်ဘူး၊ ကလေးက လမ်းဆုံးသွားပြီး အမှန်အတိုင်း ပြောရရင်လေ” လို့ ဆိုပါတယ်။
စစ်ကောင်စီက လာရောက်မဖြေဆိုသူတွေနဲ့ ကျရှုံးသူတွေကို ကျောင်းမပေးတက်တော့တာဟာ အရင်စနစ် ဟောင်းက ကျောင်းသား ကျောင်းသူတွေကို စနစ်သစ်မှာ မပေးတက်ဘဲ ချန်ထားချင်တဲ့အတွက် လုပ်ဆောင်တာ ဖြစ်သလို စာမေးပွဲကျရှုံးသူတွေအနေနဲ့ ပညာရေးနဲ့ ဝေးကွာသွားအောင် လုပ်ဆောင်တာ ဖြစ်တယ်လို့ သူက ဝေ ဖန်တာပါ။
တဖက်မှာတော့ စစ်ကောင်စီဟာ ပညာရေးကဏ္ဍကို ထိန်းချုပ်ဖို့အတွက် ပြီးခဲ့တဲ့ မေလ (၁၂) ရက်နေ့မှာ ပုဂ္ဂလိက ပညာရေးဥပဒေကို ပြဋ္ဌာန်းခဲ့ပြီး အဲဒီထဲမှာတော့ ဆရာ၊ ဆရာမခန့်ထားမှုကအစ သင်ရိုး ညွှန်းတမ်းတွေပါ သူတို့ရဲ့ ခွင့်ပြုချက်ရမှ သင်ကြားရမှာဖြစ်သလို လိုက်နာမှုမရှိပါက ထောင်ဒဏ်နဲ့ ငွေဒဏ်တွေပါ ချမှတ်နိုင်တယ်လို့လည်း ဆိုထားပါတယ်။
၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွင်း မြန်မာနိုင်ငံတစ်နိုင်ငံလုံး အတိုင်းအတာအရ စာမေးပွဲဖြေဆိုဖို့ လျှောက်ထားသူ ၁၇၀,၀၀၀ ကျော်ရှိခဲ့ပြီး အဲဒီထဲမှာ ဝင်ရောက်ဖြေဆိုသူ ၁၃၀,၀၀၀ ကျော်သာ ရှိခဲ့တယ်လို့ စစ်ကောင်စီ ပညာရေးဝန်ကြီးဌာန အချက်အလက်တွေအရ သိရပါတယ်။
ဓာတ်ပုံ-TLT