မြေရှားသတ္တုတူးဖော်မှုကြောင့် ချီဖွေတွင် ရေရှားမှု၊ မြေပြိုမှုများ ကြုံနေရ

မြေရှားသတ္တုတူးဖော်မှုကြောင့် ချီဖွေတွင် ရေရှားမှု၊ မြေပြိုမှုများ ကြုံနေရ

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့တွင် မြေရှားသတ္တု တူးဖော်မှုလုပ်ငန်းများကြောင့် ချီဖွေချောင်းရေ ပျက်စီးပြီး ရေရှားပါးမှု ပြဿနာများ၊ မြေပြိုမှု ပြဿနာများ ကြုံနေရသည်ဟု ဒေသခံများက ပြောသည်။

ယခင်က ရွာသားများသည် ချီဖွေချောင်းအနီးတစ်ဝိုက်မှာ စိုက်ပျိုးရေးလုပ်ငန်း၊ လယ်ယာလုပ်ငန်းများကို လုပ် ကိုင်ခဲ့ကြသည့်အပြင် လမ်းသွားလမ်းလာများနှင့် ဒေသခံများက ချီဖွေချောင်းရေကို သောက်သုံးရေ အဖြစ် အသုံး ပြုခဲ့ကြသည့် အဆိုပါ ချောင်းမှာ ယခုတွင် သောက်သုံး၍ မရတော့ ဟု ဒေသခံများက ဆိုသည်။

ထိုသို့ ချီဖွေချောင်းရေမှာ သောက်သုံး၍ မရတော့သည့်အပြင် အနံ့ဆိုးများပင် ထွက်နေသည်ဟု ဒေသခံ အမျိုး သားတစ်ဦးက ပြောသည်။

“ရေနှောက်လို့လေနော်။ ရေနှောက်ပြီးမှ အဲ့ချောင်းဘေးမှာ ရှိတဲ့လူတွေက ဒီချောင်းကို အသုံးပြုလို့မရဘူး။ ပြီး တော့ အဲ့မှာ တိရိစ္ဆာန်တွေက အဲဒီရေသောက်လို့ ရှိရင် ပိန်ပြီးမှ သေသွားကြတာကိုး။ အခုနောက်ပိုင်း တိရိစ္ဆာန် တွေကလည်း ချောင်းကို သိပ်မကပ်ချင်ကြတော့ဘူး။ ရေသောက်တာ အနံ့ကို ထွက်နေတာကြီးကို ရေအစ နှောက်တဲ့အချိန် အရင်တုန်းက အဲ့လို သွားသောက်မိတယ်။ သွားသောက်မိတဲ့အချိန်မှာ အဲလို ပိန်လှီပြီးမှ တိရိစ္ဆာန်တွေ အဲ့လို ဖြစ်ဖြစ်သွားတာ။”

ချီဖွေမြို့တွင် တရားမဝင် ဥပဒေမဲ့စွာ မြေရှားတူးဖော်နေမှုများကြောင့် ရေအရင်းအမြစ်များ ပျက်စီးလာသည့် အပြင် ချီဖွေချောင်းက အဆိပ်သင့်ချောင်းဖြစ်လာနေပြီဟု ဆိုသည်။

လက်ရှိတွင် ဒေသခံရွာသားများက ချီဖွေချောင်းရေကို အသုံးပြု၍ မရတော့သောကြောင့် စိမ့်စမ်းရေကိုပဲ အဓိက စုပေါင်း သောက်သုံးနေကြရသည်ဟု ဒေသခံတစ်ဦးက ဆက်ပြောသည်။

“လောလောဆယ် အသုံးပြုနေကြတာက မြို့တွင်းထဲမှာ စိမ့်စမ်းရေ စိမ့်ထွက်လာတဲ့ ရေသေးသေးလေးကို ၄၀ ၅၀ အိမ်မှာ တစ်ချောင်း အဲ့လို မျှသုံးနေကြတယ်။ အခုဆိုရင် ရေတောင် နည်းပြီး တော်တော် ဒုက္ခရောက်နေကြ တယ်။ လူဦးရေက ထူထပ်လာတယ်။ ရာသီဥတု အပြောင်းအလဲကြောင့် ရေကလည်း နည်းလာတယ်လေ။”

ချီဖွေချောင်းရေ ပျက်စီးလာသည်မှာ သုံးနှစ်၊ လေးနှစ်ခန့်ရှိပြီဖြစ်ပြီး ယခုနောက်ပိုင်းတွင် ပိုမိုဆိုးရွားစွာ ပျက်စီး လာပြီးနောက် အသုံးပြု၍ပင် မရတော့ခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

လက်ရှိတွင် ချီဖွေချောင်းရေက လုံး၀အသုံးပြု၍ မရတော့သည့် အခြေအနေမျိုးဖြစ်နေပြီး ချီဖွေချောင်းက ချီဖွေ မြို့အတွက် သာမက မြန်မာနိုင်ငံ၏ အဓိက အရေးပါသည့် ဧရာ၀တီမြစ်ကြီးထဲသို့ စီးဆင်းသည့် မေခနှင့် မလိခ မြစ်နှစ်စင်းအနက် မေခမြစ်ထဲ စီးဆင်းသည့် ချောင်းဖြစ်သည်ဟု ဆိုသည်။

ချီဖွေမြို့မှာ ရေရှားပါးမှု ပြဿနာအပြင် လမ်းဘေးတစ်လျှောက် မြေရှားတူးဖော်မှု လုပ်ကွက်ကြီးကြောင့် မြေ များ၊ တောင်ကုန်းများ ပြိုကျပြီး လမ်းသွားလမ်းလာမှု အပိုင်းမှာလည်း အခက်အခဲ ပြဿနာများ ဖြစ်လာနေ သည်ဟု ဆိုသည်။

မြေရှားတူးဖော်မှု လုပ်ကွက်များကြောင့် လုပ်ကွက်အတွင်း မြေပြိုကျမှုများ ရှိလာနေပြီး မိုးတွင်း မြေပြိုကျမှု ဖြစ်စဉ် မကြာခဏ ဖြစ်ပွားလေ့ရှိသည်ဟု ဆိုကြသည်။ ဧပြီလ ၂၅ ရက်နေ့တွင်လည်း လူငယ်နှစ်ဦးမှာ မြေရှား လုပ်ကွက်အတွင်း မြေပြိုကျမှုကြောင့် အသက်ဆုံးရှုံးခဲ့ရ သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့သည်။

ထို့အပြင် ယခင်နှစ်ကလည်း ချီဖွေမြို့နယ် ချန်းမော်ခူးဒေသထဲ မြေရှားတူးဖော်စမ်းသပ်မှုကို ကန့်ကွက်သည့် ဒေသခံ တစ်ဦးကို ဇခုန်တိန့်ယိန်း ပြည်သူ့စစ်အဖွဲ့က ဖမ်းဆီးခဲ့ကြသည်။

မြေရှားသတ္တုတူးဖော်မှု၏ နောက်ဆက်တွဲ ပြဿနာ အနေဖြင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးလာသော ကြောင့် ဒေသခံများက သက်ဆိုင်ရာ အစိုးရထံ ၂၀၁၉ ခုနှစ်ကတည်းက စာများပေးပို့ခဲ့ကြသော်လည်း ထိရောက် တစ်စုံတစ်ရာ မရှိခဲ့ဘဲ ယခု အာဏာသိမ်း စစ်ကောင်စီ လက်ထက်အထိ ဆက်လက်တူးဖော်နေကြခြင်း ဖြစ်သည်။

ချီဖွေမြို့နယ်မှာ စစ်တပ်လက်အောက်ခံ ပန်ဝါပြည်သူ့စစ်အဖွဲ့ ဇခုန်တိန့်ယိန်း၏ နယ်မြေဖြစ်သည်။ မြေရှား သတ္တုတူးဖော်မှုကို နယ်မြေခံတပ်များနှင့် ပေါင်းပြီး တရုတ်သူဌေး လုပ်ငန်းရှင်များက ပန်ဝါ၊ ချီဖွေ၊ ဆော့လော် ဒေသများတွင် အဓိက တူးဖော်နေကြပြီး လက်ရှိတွင် တုံမူခုံးဘက်မှာလည်း စတင် တူးဖော်နေပြီဟု ဆိုသည်။

ဓါတ်ပုံ - Job For Kayah
November 14, 2024
ကရင်နီပြည်နယ် လွိုင်ကော်နှင့် ရှမ်း-ကရင်နီ နယ်စပ် ဖယ်ခုံမြို့တို့တွင် ယခုရက်ပိုင်းအတွင်း...
November 14, 2024
ကချင်ပြည်၊ ဖားကန့်ရှိ ကျောက်စိမ်းလုပ်ကွက်တစ်ခုတွင် မြေစာပုံပြိုကျမှုဖြစ်ခဲ့ပြီး ရေမဆေးသမား...
NMG ပုံဟောင်း
November 13, 2024
တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့က နယ်စပ်ကုန်သွယ်ရေးဂိတ်များကို နှစ်ဖက်အာဏာပိုင်များက ပိတ်လိုက်...
CJ ဆိုင်းတောင်တိုက်ပွဲတွင်း အရပ်သားတစ်ဦး ထိမှန်သေဆုံးခဲ့သည့်ပုံ (ပုံဟောင်း)
November 13, 2024
ကချင်ပြည်၊ ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေးရွာတွင် တိုက်ပွဲကာလအတွင်း သေဆုံးခဲ့သူ ရုပ်အလောင်း ၇၀...