တောင်ကြီး – ဟိုပုံး လမ်းဘေးရှိ အိမ်ရာစီမံကိန်း မြေကွက်အရောင်းဖွင့်ပွဲလုပ်မည့်အပေါ် ဒေသခံများ ကန့်ကွက်

တောင်ကြီး – ဟိုပုံး လမ်းဘေးရှိ အိမ်ရာစီမံကိန်း မြေကွက်အရောင်းဖွင့်ပွဲလုပ်မည့်အပေါ် ဒေသခံများ ကန့်ကွက်

သျှမ်းပြည် တောင်ကြီး – ဟိုပုံး ပြည်ထောင်စု ကားလမ်းဘေးရှိ TBC ကားရပ်နားစခန်း၏ မျက်နှာချင်းဆိုင် လမ်း တစ်ဖက်မှ ထင်းရှူးတောကို အိမ်ရာစီမံကိန်း ဂရန်အမည်ပေါက် မြေကွက်အရောင်းဖွင့်ပွဲ ပြုလုပ်မည့်အပေါ် ဒေသခံများက ကန့်ကွက်နေသည်ဟု ဒေသခံများက ပြောသည်။

မေလ ၂၂ ရက်နေ့တွင် Shwe Property page တစ်ခုမှတစ်ဆင့် တောင်ကြီး – ဟိုပုံး လမ်းဘေးရှိ ထင်းရှူးတောကို Woodland Villas (Taunggyi) အိမ်ရာစီမံကိန်းရှိ ဂရန်အမည်ပေါက် မြေကွက်များ အရောင်းဖွင့်ပွဲ ပြုလုပ်၍ အထူးသက်သာသော စျေးနှုန်းဖြင့် ရောင်းချပေးမည်ဟု လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ကြေညာထားခဲ့သည်။

ယခင်က ထိုနယ်မြေကို သစ်တောဦးစီးပိုင် နယ်မြေတစ်ခုအဖြစ် သတ်မှတ်ထားသော်လည်း စစ်တပ်က အာဏာ သိမ်းပြီးနောက်ပိုင်း ၎င်းနယ်မြေကို ကုမ္ပဏီမှ အိမ်ရာစီမံကိန်းတစ်ခုအဖြစ် အကောင်အထည်ဖော်ရန် ကြိုးစားနေလျက် ရှိသည်။

တောင်ကြီးမြို့ခံ အမျိုးသမီးတစ်ဦးက “ထင်းရူးတောနယ်မြေမှာ အိမ်ဆောက်မယ်ဆိုတော့ ထင်းရှူး၊ သစ်ပင် တွေ ပါသွားမှာပေါ့။ အနည်းနဲ့အများတော့ ပါသွားမှာဘဲ။ ဘယ်လောက် ဂျောင်ကျတဲ့ နေရာဖြစ်ဖြစ် အရင် စီမံ ကိန်းတုန်းကလည်း မလုပ်ပါဘူး၊ မခုတ်ပါဘူး ဘယ်လောက်ဘဲ ပြောပြော အများကြီး ကုန်သွားတာပဲလေ” ဟု ပြောသည်။

အဆိုပါ အိမ်ရာစီမံကိန်း မြေကွက်အရောင်းဖွင့်ပွဲတွင် မြေ (၂) ဧက ကျော်ပေါ်ရှိ မြေကွက် (၃၁) ကွက်ကို အထူး သက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေးမည်ဖြစ်ကြောင်း ကြေညာထားသည်။

ထိုသို့ စီမံကိန်းများ ပြုလုပ်ခြင်းကြောင့် ထင်းရူးတောရှိ သစ်ပင်များ ခုတ်ထွင်ရခြင်းနှင့် သစ်တောပြုန်းတီးခြင်း၏ အကျိုးဆက်ကြောင့် ဖြစ်လာနိုင်မည့် သဘာဝဘေးအန္တရာယ်ကို ပြည်သူများက ခံစားရကြောင်း ၎င်းက ဆက် ပြောသည်။

၎င်းအမျိုးသမီးက “အခုတော့ လူတိုင်းခံစားနေရတာပဲလေ။ သဘာဝ ပတ်ဝန်းကျင် နဲ့ အပူချိန် မြင့်တက်လာ တာတို့၊ ရေရှားပါး လာတာတို့ အဲ့ဒါတော့ သစ်ပင်မရှိတဲ့ အကျိုးဆက်ပေါ့။ မြို့ပေါ်မှာ လူဦးရေ ထူထပ်လာ တယ်။ ကာဗွန်ဒိုင်အောက်ဆိုဒ် ပိုများလာတယ်။ သဘာ၀အန္တရာယ်ကတော့ မျိုးစုံကြုံရမယ်။ အခုလို မုန်တိုင်း ချိန်မှာ သဘာဝအန္တရာယ် ကြုံရတာမဟုတ်ပါဘူး။ ဒါတွေက တဖြည်းဖြည်းနဲ့ တိုးတိုးပြီး ဖြစ်လာတဲ့ သဘာဝ ဘေး အန္တရာယ်တွေပေါ့“ ဟု ထပ်လောင်းပြောသည်။

လက်ရှိ အကောင်အထည်ဖော်မည့် စီမံကိန်းသည် တောင်ကြီး TBC ကားရပ်နားစခန်း၊ တောင်ကြီးတက္ကသိုလ် နှင့် ဆေးတက္ကသိုလ် အနီးတွင်ရှိနေသည်။

အလားတူ ဒေသခံ အမျိုးသားတစ်ဦးက “ဒီဟာက မြို့တောင်ဖက် အထွက် ထင်းရှူးတောကို အရင်ဝန်ကြီးချုပ် စိုင်းအောင်မြတ်တို့ အကြံဖန်ထုပြီး CB ဘဏ်ဥက္ကဋ္ဌ ခင်မောင်အေးတို့ လုပ်တဲ့ စီမံကိန်း။ ဒေါ်စု လက်ထက်က ပတ်ဝန်းကျင်ထိန်းသိမ်းရေး အဖွဲ့က ကန့်ကွက်လို့ ရပ်ခိုင်းထားတာ။ အခုနောက်ပိုင်း လက်လွှဲရောင်းလိုက်ရင် တော့ မပြောတတ်ဘူး“ ဟု ပြောသည်။

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်က တောင်ကြီးမြို့အထွက် ၂ မိုင်၊ ထင်းရှူးတောအတွင်း ဆောင်ရွက်နေသည့် ပန်းချယ်ရီ အိမ်ရာစီမံကိန်းသည် ထင်းရှူးပင်များ ခုတ်ထွင်ပြီး စီမံကိန်း လုပ်ဆောင်နေသည့်အပေါ် တောင်ကြီးမြို့ခံ အရပ် ဘက်လူမှု အဖွဲ့အစည်းများက ကန့်ကွက်ခဲ့ကြခြင်း ဖြစ်သည်။

November 14, 2024
သျှမ်းပြည် မိုင်းရယ် – လားရှိုးသွားသည့်လမ်းကို စစ်ကောင်စီက ရက်အကန့်အသတ်မရှိ ပိတ်လိုက်ကြောင်း...
November 12, 2024
မိုးကုတ်မြို့ကို ယမန်နေ့ နိုဝင်ဘာလ (၁၁ ) ရက်၊ ညပိုင်းက စစ်ကောင်စီ လေကြောင်းမှ ဗုံးကြဲ...
November 12, 2024
သျှမ်းပြည်၊ ပင်လောင်းမြို့နယ်  ပအိုဝ်းပြည်သူ့စစ် PNO က စစ်ဘေးရှောင်များကို ခြိမ်းခြောက်ပြီး...
November 11, 2024
သျှမ်းပြည်၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသ‌တွင် ရေကြီးမှုဒဏ်ခံရပြီးနောက် ပြန်လည်ထူထောင်ရန်ခက်ခဲနေ‌...