ကရင်နီပြည်နယ် ဒီးမော့ဆိုအရှေ့ဖက်ခြမ်း ဒေါလျားခူကျေးရွာ တောင်ပေါ်မှာ စစ်ကောင်စီနဲ့ ကရင်နီဒေသခံ ကာ ကွယ်ရေးပူးပေါင်းတပ်တို့ ၉ ရက်ဆက်တိုက် တိုက်ပွဲပြင်းထန်နေပြီး လေကြောင်းသုံး တိုက်ခိုက်မှုတွေလည်း ရှိ နေပါတယ်။
မေလ (၁၄ ) ရက်နေ့ကနေ မေလ ၂၂ ရက်နေ့အထိ တိုက်ပွဲဖြစ်ပွားနေပြီး မေလ ၁၇ ရက်နေ့ကနေ ဒီနေ့အချိန်ထိ ၆ ရက်ဆက်တိုက် လေကြောင်းအသုံးပြု တိုက်ခိုက်နေတယ်လို့ ပြောပါတယ်။ လေကြောင်းကနေ ပွိုင့် 5 နဲ့ ပစ်ခတ် တိုက်ခိုက်သလို ပေါင် ၅၀၀ အလေးချိန်ရှိ ဗုံးသီးတွေ အသုံးပြုပြီး တိုက်ခိုက်နေတာလည်း ရှိနေပါတယ်။
“ဒီမနက်အစောကြီး ၄ နာရီဝန်းကျင် လေယာဉ်လာသေးတယ်။ ဒီအပတ်ထဲမှာ လေယာဉ်က ၁၀ ခေါက်လောက် လာပစ်သွားပြီ။ လူကတော့ သိပ်မထိပါဘူး။ ဟိုးဖက် (စစ်ကောင်စီ) အကျဆုံးတော့ မသိဘူး။ ကျတော့ ကျမှာပဲ လေ။ သူ့ဟာ လေယာဉ်မှာတင်တဲ့ သေနတ်က ပွိုင့် 5 ပေါ့။ နောက်ပြီးတော့မှ ပေါင် ၅၀၀ တန်လေးတဲ့ ဗုံးသီး တွေချတယ်“ လို့ ကရင်နီပြည်အစိုးရပြည်ထဲရေးဝန်ကြီးဌာန ဝန်ကြီး ခူညေးရယ်က ပြောပါတယ်။
တိုက်ပွဲဖြစ်တဲ့ နေရာအပြင် အနီးနားကျေးရွာတွေထဲမှာလည်း စစ်ကောင်စီတပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် စာသင်ကျောင်း (၂) ကျောင်း နဲ့ နေအိမ် (၁၁) လုံး ထိခိုက် ပျက်စီးသွားတာရှိတယ်လို့ ကန္တာရဝတီတိုင်း(မ်)ကို မြေပြင် သတင်းထောက်က သတင်းပေးပို့လာပါတယ်။
“သူတို့ ပုံမှန်လာတာက မနက်အစောပိုင်းပေါ့နော လူတွေ အိပ်မောကျနေတဲ့အချိန် မနက် ၃နာရီခွဲ ၄နာရီဝန်း ကျင် ဒါမှမဟုတ်လို့ရှိရင်လည်း ညနေပိုင်း ၆နာရီဝန်းကျင်လောက်လာတယ်။ ဒီကြားထဲမှာ အရေးပေါ်ရင် ပေါ် သလို နေ့ခင်းပိုင်း တိုက်ပွဲပြင်းထန်တယ်ဆိုလို့ရှိရင် တိုက်ပွဲနေရာတွေမှာ လာကြဲတာရှိတယ်။ ကျေးရွာတွေမှာ လာကြဲတာရှိတယ်“ လို့ ကန္တာရဝတီတိုင်း(မ်) မြေပြင်သတင်းထောက်က ဆိုပါတယ်။
ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းရှိ တနီးလာလဲ၊ ကန်ခုနှစ်ဆင့်အနီးတစ်ဝိုက်မှာ မေလ (၁၄) ရက်နေ့ကစပြီး စစ် ကောင်စီတပ်နဲ့ ကရင်နီ ဒေသခံ ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့ မေလ (၂၂) ရက်နေ့ထိ တိုက်ပွဲ ပြင်းထန်နေဆဲ ဖြစ်ပါတယ်။
ကန္တာရဝတီတိုင်း(မ်)ရဲ့ မြေပြင်သတင်းထောက်က “ဒီမနက် ၄ နာရီခွဲလောက်မှာ လာပြီးတော့မှ စာသင်ကျောင်းနဲ့ စစ်ရှောင်အိမ်တွေ ပျက်စီးတယ်ပေါ့နော။အဲ့မှာ လူကမနေတော့ဘူးဆိုတော့ လူတော့ထိခိုက်မှုမရှိဘူး။ သို့ပေ မယ့် စစ်ရှောင်အိမ်တွေမှာ သူတို့ကျန်ခဲ့တဲ့ ပြောင်းဖူးမျိုးတို့ စပါးမျိုးစေ့ချိန်ခဲ့တဲ့ဟာတွေ ပျက်စီးတာရှိတယ်” လို့ ပြောပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဟာ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့သလို တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ ကျေးရွာ အတွင်းမှာလည်း လေကြောင်း တိုက်ခိုက်မှုတွေကြောင့် နေအိမ်ပျက်စီးမှုတွေ ရှိခဲ့ပါတယ်။
ဒါ့အပြင် စစ်ကောင်စီ အခြေစိုက်တပ်တွေကနေလည်း လက်နက်ကြီး ပစ်ခတ်မှုတွေ နေ့စဉ် လုပ်ပေးနေတယ်လို့ ဆိုပါတယ်။ နှစ်ဖက်ထိတွေ့တိုက်ပွဲတွေ အတွင်းမှာ ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ် KNDF တပ်ရင်း တွေရဲ့ ထုတ်ပြန်ချက်အရ ရဲဘော် ၃ ဦး ကျဆုံးပါတယ်။
ဒီနှစ်ဖက်ထိတွေ့မှု တိုက်ပွဲတွေထဲ စစ်ကောင်စီဖက် ထိခိုက်ကျဆုံးမှုကိုမူ မသိရှိရသေးပါဘူး။