တော်လှန်ရေးကာလ နှစ်နှစ်အတွင်း DMO-PDF ရဲဘော် (၄၇)ဦးကျဆုံးခဲ့

တော်လှန်ရေးကာလ နှစ်နှစ်အတွင်း DMO-PDF ရဲဘော် (၄၇)ဦးကျဆုံးခဲ့

စစ်ကောင်စီ အာဏာသိမ်းပြီးနောက် နွေဦးတော်လှန်ရေးကာလအတွင်း ပေါ်ပေါက်လာတဲ့ ပြည်သူ့ကာကွယ်ရေး တပ် - ဒီးမော့ဆိုမြို့နယ် (DMO-PDF) ဟာ တော်လှန်ရေးကာလ နှစ်နှစ်တာအတွင်းမှာ ကျဆုံးရဲဘော် (၄၇) ဦး ရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်- ဒီးမော့ဆိုမြို့နယ်(DMO-PDF) ထုတ်ပြန်ချက်အရ သိရပါတယ်။

ကျဆုံးရဲဘော်အများစုဟာ အသက် ၁၉ နှစ်ကျော်ဝန်းကျင် လူငယ်တွေဖြစ်တယ်လို့ DMO - PDF သတင်းနှင့် ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“ရဲဘော်ခပ်များများတော့ ၁၉ အထက် ခပ်များများပေါ့နော်။ တချို့ ၂၀ ကျော်ရှိတယ်။ တချို့ကလည်း ၃၀ ကျော် ရှိတယ်ပေါ့နော်။ ပြီးခဲ့တဲ့ ၄၊ ၅ ရက်တုန်းကကျသွားတဲ့ ရဲဘော်ကျတော့ တိုက်ပွဲထဲမှာတော့ မဟုတ်ဘူး။ ကျနော် တို့ လှုပ်ရှားတဲ့ စစ်ကြောင်းမှာ စစ်ကောင်စီဖက်က ဒရုန်းနဲ့ ထောက်လားမသိဘူး။ အပြန်အလှန် ပစ် ခတ်တာမရှိဘဲနဲ့ လက်နက်ကြီးနဲ့ပစ်ပြီးထိသွားတာပေါ့။ အထိအခိုက်ဒဏ်ရာရတာနည်းနည်းများတယ်ပေါ့ သိပ်တော့ မစိုးရိမ်ရဘူး။ ဒါပေမယ့် တစ်ယောက်ကတော့ ပွဲချင်းပြီး ကျသွားတယ်။ အသက်ကတော့ ၁၉၊ ၂၀ အထက်တွေပါပဲ။ ရဲဘော် ခပ်များများကတော့ တိုက်ပွဲအတွင်းမှာပဲ ကျတာများတယ်” လို့ ပြောပါတယ်။

ဒီးမော့ဆိုမြို့နယ် (DMO-PDF) ဟာ တော်လှန်ရေးကာလ နှစ်နှစ်တာအတွင်းမှာ ကျဆုံးရဲဘော် (၄၇) ဦး ရှိခဲ့ ကြောင်း မေလ ၁၀ ရက်နေ့က ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

တိုက်ပွဲအတွင်း အပြန်အလှန်ပစ်ခတ်မှု၊ လက်နက်ကြီးထိမှန်မှု၊ တာဝန်ထမ်းဆောင်ရင်း မိုင်းနင်းမိမှုတွေကြောင့် ကျဆုံးခဲ့ရတာဖြစ်ပြီး အများစုမှာ လက်နက်ကြီးထိမှန်မှုကြောင့် ကျဆုံးခဲ့ရပါတယ်။ ကျဆုံးသူတွေထဲမှာ အမျိုး သမီးဆေးမှူးတစ်ဦး အပါအဝင် တပ်စုမှူး၊ တပ်စိတ်မှူး၊ ရဲဘော်တွေ ပါဝင်ပါတယ်။

ဒီးမော့ဆိုမြို့နယ်အတွင်း DMO-PDF နဲ့ အခြားမဟာမိတ်တပ်ပေါင်းစုပူးပေါင်းပြီး စစ်ကောင်စီတပ်နဲ့ ထိတွေ့ တိုက်ပွဲဖြစ်ပွားမှုဟာ မေလ (၁၀) ရက်နေ့အထိ တိုက်ပွဲအကြိမ်ရေ (၁၅၉) ကြိမ်ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

တော်လှန်ရေးကာလ နှစ်နှစ်အတွင်း DMO-PDF မှ ကျဆုံးရဲဘော် (၄၇) ဦးရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရ ရဲဘော် (၁၀၁) ဦး၊ ကိုယ်လက်အင်္ဂါဆုံးရှုံးခဲ့ရတဲ့ ရဲဘော် (၁၉) ဦးထိ ရှိပါတယ်။

ကိုယ်လက်အင်္ဂါဆုံးရှုံးခဲ့ရတဲ့ ရဲဘော်တွေအနေနဲ့ ဝက်မွေးမြူတာ၊ ဝါသနာပါတဲ့ ဘာသာရပ်၊ လုပ်ငန်းတွေကို လေ့ လာလိုက်စားတာစတဲ့ အခွင့်အလမ်းကို ဆောင်ရွက်ပေးထား တယ်လို့ သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူ တစ်ဦးက ဆက်ပြောပါတယ်။

“ကျနော်တို့ အစီအစဉ် လုပ်ထားတာတော့ သိပ်မရှိဘူး။ ဒါမယ့် ပြည်ပ အကူအညီ အသင်းအဖွဲ့တွေ နည်းနည်း တော့ရှိတယ်။ ဥပမာ - လတ်တလောအတွက်ပဲပေါ့နော်။ သူတို့ ဝက်မွေးချင်လား ဆိုပြီးတော့ ဝက်မွေးချင်တဲ့သူ လည်း ဝက်တွေဝယ်ပေးတာပေါ့။ CP ဝက်ပဲပေါ့ အဲ့လိုပဲ လုပ်ပေးတာရှိတယ်။ ကျန်တဲ့အပိုင်းကတော့ သူတို့ ဝါသနာပါတဲ့ ဘာသာရပ် အလိုက်ပေါ့ ဥပမာ - ကွန်ပျူသင်တန်းပဲဖြစ်ဖြစ် ဖုန်းပြင်တာပဲဖြစ်ဖြစ် အဲ့ဒါမျိုးတွေ လုပ်ထားပေးတာရှိတယ် လတ်တလောပေါ့” လို့ သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူက ဆက်ပြောပါတယ်။

DMO-PDF ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ လမ်းညွှန်မှုအရ ဒီးမော့ဆိုမြို့နယ် သပိတ်ဦးဆောင် ကော်မတီဝင် (၁၂) ဦးရဲ့  ဦးဆောင်မှုနဲ့ ၂၀၂၁ ခုနှစ်၊ မေလ ၆ ရက်နေ့မှာ ကျေးရွာပေါင်း (၁၂၀) ရွာ၊ လူဦးရေ (၄၅၀၀) ဦး နဲ့ ဖွဲ့စည်းခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ ဒီအင်အား စာရင်း အခြေအနေကိုတော့ ကန္တာရဝတီ တိုင်း(မ်) သီးခြားအတည်ပြုနိုင်တာ မရှိသေးပါဘူး။

လက်ရှိမှာ ဒေသတွင်း မဟာမိတ်တပ်ဖွဲ့တွေနဲ့ စစ်ရေးအရ ပူးပေါင်းဆောင်ရွက်နေပြီး ဒီးမော့ဆိုမြို့နယ်၊ ဖယ်ခုံ၊ ပင်လောင်း၊ ဘောလခဲစစ်မျက်နှာအထိ ပူးပေါင်းတိုက်ခိုက်နေတာရှိတယ်လို့ ဆိုပါတယ်။

November 13, 2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ ကုန်းဆုံကျေးရွာအုပ်စု၊ ပူချယ်ကျေးရွာက စပါးရိတ်...
November 13, 2024
ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်း ဒေါတမကြီးအုပ်စုအတွင်းမှာရှိတဲ့ ကျေးရွာတစ်ရွာက...
November 13, 2024
ထိုင်း – ကရင်နီ နယ်စပ်က ကရင်နီဒုက္ခသည်စခန်း အမှတ် ( ၁ ) မှာ ရာသီအကူးအပြောင်းကြောင့် နှစ်လအတွင်း...
November 12, 2024
ကရင်နီပြည်တွင်းလူထုတွေအတွက် ယာဥ်နံပါတ်ပြားနဲ့ ယာဉ်မောင်းလိုင်စင်ကို စတင်ထုတ်ပေးနေပြီဖြစ်ကြောင်း...