စစ်တွေရှိ မွတ်ဆလင်ရွာတစ်ရွာက မြေဧက ၂၀၀ ခန့်ကို စစ်ကောင်စီက တိုင်စိုက်အမှတ်အသားများ စိုက်ထူ

စစ်တွေရှိ မွတ်ဆလင်ရွာတစ်ရွာက မြေဧက ၂၀၀ ခန့်ကို စစ်ကောင်စီက တိုင်စိုက်အမှတ်အသားများ စိုက်ထူ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ဘုမေမွတ်ဆလင်ကျေးရွာ အကွက် ၁၆ ရှိ ဒေသခံများနေထိုင်လျက်ရှိသော မြေဧက ၂၀၀ ခန့်ကို ပြည်နယ် စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာအဖွဲ့များက တိုင်များစိုက်ထူကာ အမှတ်အသားများ ပြုလုပ်နေ၍ နေအိမ်များ ဖယ်ရှားခံရမည်ကို စိုးရိမ်နေကြသည်ဟု ဒေသခံများက ပြောသည်။

ထိုသို့လာရောက် တိုက်စိုက်ထူ၊ အမှတ်အသားပြုလုပ်ခဲ့သည့် အစိုးရဌာနဆိုင်ရာ အဖွဲ့အစည်းများသည် ယင်းမြေ ဧက ၂၀၀ ခန့်တွင် နေထိုင်ကြသည့် အိမ်ထောင်စု စာရင်းများကိုလည်း အသေးစိတ်ကောက်ယူသွားသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

ဘုမေရွာသားတစ်ဦးက “အဲဒီမှာ လူနေအိမ်တွေ၊ ဘာသာရေးကျောင်းတွေ၊ စိုက်ခင်းတွေလည်း အများကြီးရှိပါ တယ်။ အခုအစိုးရက ဒီလိုတွေလုပ်နေတော့ နေအိမ်တွေ၊ အဆောက်အအုံတွေ ဖယ်ရှားခံရမှာကို စိုးရိမ်နေကြပါ တယ်။ ဘာကြောင့် ဒီလိုလုပ်နေတာလဲလည်း မသိရသေးပါဘူး” ဟု နိရဉ္စရာ သတင်းဌာကို ပြောသည်။

ဘုမေကျေးရွာ၏ တောင်ဘက် အကွက် ၁၆ ရှိ လူနေအိမ်များ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ၊ လယ်ကွင်းများ၊ ဗလီများနှင့် ဘာသာရေးကျောင်းများရှိသည့် မြေဧက ၁၅ဝ ကို မေလ ၇ ရက်တွင်လည်းကောင်း လာရိုက်စိုက်ထူသွားခြင်း ဖြစ်သည်။

ထို့အပြင် ယင်းမြေကွက် အနီးရှိ ဧက ၄ဝ ကျော်ကို ပြီးခဲ့သည့် ဧပြီလ ၃၀ ရက်ကလည်းကောင်း စစ်တွေခရိုင်/ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်စည်ပင်အဖွဲ့၊ မြေစာရင်းဦးစီးဌာန၊ ရဲတပ်ဖွဲ့၊ လေကြောင်းဦးစီးဌာန စသော ဌာနဆိုင်ရာပေါင်းစုံက လာရောက်ကာ တိုင်းတာ စစ်ဆေးမှုများပြုလုပ်ပြီး  ဝါးတိုင်များစိုက်ထူကာ အမှတ် အသား ပြုလုပ်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

“ဘာကြောင့် တိုင်းတာစစ်ဆေးပြီး အမှတ်အသားတိုင်တွေ စိုက်ထူတယ်ဆိုတာ ဒေသခံတွေကို တစ်စုံတရာ ပြောဆိုမှုများမရှိသေးဘူး။ အပြင်မှာ သတင်းထွက်နေတာက လေယာဉ်ကွင်းတိုးချဲ့မယ့် ကိစ္စနဲ့ ဆက်စပ်တယ် လို့တော့ ပြောနေကြပါတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ဒေသခံများအနေဖြင့် နေအိမ်များ ဖယ်ရှားခံရမည်ကို စိုးရိမ်မှုရှိနေ၍ ရွာသားများက မေးမြန်းသော်လည်း သက် ဆိုင်သူများက တစ်စုံတရာဖြေကြားခြင်း မရှိခဲ့ဟု ဆိုသည်။

ယခုအမှတ်အသားများ ပြုလုပ်နေကြသည့် နေရာတွင် အိမ်ခြေ ၁၀၀ ကျော်ရှိပြီး လူဦးရေ ၅၀၀ ကျော် နေထိုင် လျက်ရှိကာ ဗလီဝတ်ပြုကျောင်း ၁ ဆောင်၊ ဘာသာရေးစာသင်ကျောင်း ၁ ကျောင်းအပြင် စိုက်ပျိုးမြေဧက ၁၀၀ ကျော်လည်း ရှိကြောင်း ဒေသခံများက ပြောသည်။

တိုင်စိုက်ကာ အမှတ်အသားပြုလုပ်သည့်နေရာသည် စစ်တွေလေယာဥ်ကွင်းနှင့်လည်း နီးကပ်သည့်အတွက် လေယာဥ်ကွင်းကို တိုးချဲ့ရေးကိစ္စများနှင့် ဆက်စပ်နိုင်သည်ထင်မိကြောင်း အခြား ဘုမေရွာသားတစ်ဦးက မှတ်ချက်ပေးသည်။

“တကယ်လို့ သူတို့က လေယာဉ်ကွင်းတိုးချဲ့ဖို့လုပ်တာဆိုရင်တောင် ရွာအပြင်ဘက်မှာ လယ်ကွင်းတွေ အများ ကြီးရှိတယ်။ အခုက လူနေအိမ်တွေကို ဖြိုဖျက်ဖို့အတွက် တမင်သက်သက်လုပ်နေသလိုမျိုးပဲ။ တကယ်လို့ သူတို့ က ဒီအတိုင်းလုပ်သွားရင်တော့ အိမ်တွေအဖြိုခံရပြီး ရွာသူ၊ ရွာသား ၅၀၀ ကျော်လည်း အိုးမဲ့အိမ်မဲ့ ဖြစ် သွားမယ့် အနေအထားမှာရှိတယ်” ဟုပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ဘုမေကျေးရွာအုပ်ချုပ်ရေးမှူးကို နိရဉ္စရာက ဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့သော် လည်း ဖုန်းလက်ခံဖြေဆိုခြင်း မရှိသဖြင့် အမှတ်အသား တိုင်စိုက်ထူရခြင်း အကြောင်းအရင်းကို မသိရှိရသေး ပေ။

ထို့အပြင် စစ်တွေမြို့နယ် အုပ်ချုပ်ရေးမှူးအား ဆက်သွယ်ရာတွင်လည်း ဖုန်းလက်ခံဖြေကြားမရှိခဲ့ပါ။

စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ပြီးခဲ့သည့် ဧပြီလ အစောပိုင်းက စစ်တွေမြို့သို့ ရောက် ရှိခဲ့စဉ် ရခိုင်ပြည်နယ်မြို့တော် စစ်တွေနှင့် သံတွဲမြို့ရှိ လေယာဉ်ပြေးလမ်းနှင့် လေဆိပ်တို့ကို တိုးချဲ့ အဆင့်မြှင့် တင်ရေး ဦးစားပေးဆောင်ရွက်ရန် ပြည်နယ်စစ်ကောင်စီကို မှာကြားသွားခဲ့သည်ဟု သိရသည်။

November 18, 2024
ရခိုင်တွင် အိမ်ငှားရမ်းခဈေးတက်၍ စစ်ဘေးရှောင်များအခက်တွေ့နေရကြောင်း စစ်ဘေးရှောင်များနှင့်...
ပုံဟောင်း
November 14, 2024
ရခိုင်ပြည်၊ မာန်အောင်မြို့နယ်တွင် ဧည့်စာရင်းမဖြစ်မနေ ပြန်လည်တိုင်ကြားကြရန်...
November 14, 2024
စစ်ကောင်စီသည် နိုင်ငံ့ဘဏ္ဍာငွေမှ ကျပ်သန်းပေါင်း ငါးသောင်းခြောက်ထောင်ကျော်ကိုအသုံးပြုပြီး...