အသတ်ခံရသူ ၉ ဦး အမှုမှန်ပေါ်ရေး KIO ကို ထပ်မံတောင်းဆို

အသတ်ခံရသူ ၉ ဦး အမှုမှန်ပေါ်ရေး KIO ကို ထပ်မံတောင်းဆို

ကချင်ပြည်နယ် ဖားကန့်မြို့နယ်၊ လဝါးကျေးရွာတွင် အသတ်ခံခဲ့ရသည့် ဒေသခံ ၉ ဦးအတွက် တရားမျှတမှု ရရှိရေး ပူးပေါင်းဆောင်ရွက်ပေးဖို့ အမှုမှန်ပေါ်ပေါက်ရေးကော်မတီက ကချင်လွတ်လပ်ရေး အဖွဲ့ KIO/KIA ကို ထပ်မံ တောင်းဆိုလိုက်သည်။

KIO ဘက်က အမှုကိစ္စနှင့် ပတ်သက်၍ ၃ လပြည့်လာသည် အထိ ဆွေးနွေးတိုင်ပင်ရန် တရားဝင် ဆက်သွယ်လာ ခြင်းမျိုး မရှိသေးသည့်အတွက် ယခုကဲ့သို့ တောင်းဆိုရခြင်း ဖြစ်သည်ဟု အမှုမှန်ပေါ်ပေါက်ရေး ကော်မတီဝင် တစ်ဦးက ပြောပါတယ်။

“ဘယ်လို ပုံစံမျိူး ဖြစ်လာနိုင်သလဲ ဆိုလို့ရှိရင် ပွင့်လင်းမြင်သာမှု မရှိဘူးဆိုတဲ့ အပိုင်းဖြစ်လာတယ်။ နောက် တစ်ခုက ပြည်သူဘက်ကနေမှ ယုံကြည်ပြီး ဖွင့်လှစ်ထားတဲ့ ကျနော်တို့ စုပေါင်းဖွဲ့စည်းထားတဲ့ ကော်မရှင်တွေ ကို အသိအမှတ်မပြုသလို ဖြစ်လာနိုင်တယ်။ အဲဒါကြောင့်မလို့ ကျနော်တို့ကို တရားဝင်ဆက်သွယ်ပြီး ကျနော် တို့နဲ့ ဆွေးနွေးတိုင်ပင်မှု မလုပ်တာကျတော့ ဝမ်းနည်းစရာ တစ်ခုတော့ ဖြစ်ပါတယ်။ ဒါမဖြစ်သင့်တဲ့ ကိစ္စတစ် ခုလို့လည်း မြင်ပါတယ်။”

ဒေသခံ ရပ်မိရပ်ဖများနှင့် ဖွဲ့စည်းထားသည့် အမှုမှန်ပေါ်ပေါက်ရေး ကော်မတီနှင့် KIO ဘက်က ဖွဲ့စည်းထားသည့် စစ်ဆေးရေး ကော်မတီတို့ အကြား ၃ လတာကာလအတွင်း တစ်ကြိမ်သာ တွေ့ဆုံနိုင်သေးသည်ဟု ပြောသည်။

ထိုကဲ့သို့ တစ်ကြိမ်သာတွေ့ဆုံပြီးနောက် ယနေ့အချိန်ထိ KIO ဘက်က အမှုကိစ္စရပ်များအတွက် တရားဝင် ဆက် သွယ် ပြောဆိုမှုများ မရှိဘူးဟု ဒေသခံများနှင့် အသတ်ခံရသူများ၏ မိသားစုဝင်များ က ပြောသည်။

လက်ရှိ အချိန်အထိ နှစ်ဖက် တွေ့ရှိထားသည့် သက်သေအထောက်အထားများကို KIO တာဝန်ရှိသူများနှင့် ဒေသခံများဘက်က အမှုမှန်ပေါ်ပေါက်ရေးကော်မတီတို့ တွေ့ဆုံပြီး ညှိနှိုင်းတိုင်ပင်ကာ တရားမျှတမှု ရရှိသည် အထိ ဆောင်ရွက်သွားဖို့ ဒေသခံများက လိုလားနေကြသည်ဟု အမှုမှန်ပေါ်ပေါက်ရေး ကော်မတီဝင်က ဆက် ပြောသည်။

“ဘာပဲဖြစ်ဖြစ် ဒီဟာက မတရားသတ်ဖြတ်ခံရတဲ့ အကြောင်းအရင်းဆိုတာက ကျနော်တို့ဘက်ကနေလည်း ရှင်း ရှင်းလင်းလင်း ခိုင်လှုံတဲ့သက်သေနဲ့ ဟိုဘက်က သူတို့ပူးပေါင်းပြီးမှ တွေ့ရှိထားတဲ့ အချက်အလက်တွေလည်း ရှိသလို အခုလည်း ဒါကို နောက်ကွယ်ကလူတွေကို အမြန်ဆုံး အရေးယူ ဆောင်ရွက်နိုင်မှုကို ကြိုးစားနေတဲ့ အချိန်ဖြစ်တဲ့အတွက်ကြောင့်မလို့ လျင်လျင်မြန်မြန်နဲ့ သွက်သွက်လက်လက် ဆောင်ရွက်သွား စေချင်တယ်။ ဒါက ပိုထိရောက်လိမ့်မယ်” ဟု ပြောသည်။

ဧပြီလ ၂၅ ရက်နေ့ ကလည်း ဒေသခံပြည်သူ ၉ ယောက် အသတ်ခံရသည့် ၃ လပြည့်နေ့ အောက်မေ့ သတိရ ဆုတောင်းပွဲတစ်ရပ်လုပ်ခဲ့ပြီး အသတ်ခံရသူများအတွက် တရားမျှတမှု ရရှိရေး ပူးပေါင်းဆောင်ရွက်ပေးဖို့ အမှုမှန်ပေါ်ပေါက်ရေးကော်မတီက ကချင်လွတ်လပ်ရေး အဖွဲ့ KIO/KIA ကို ထပ်မံ တောင်းဆိုထားသည်။

ပြီးခဲ့သည့် ဇန္နဝါရီလ ၂၄ ရက်နေ့နှင့် ၂၅ ရက်နေ့တို့တွင် အမျိုးသမီး ၂ ဦးနှင့် အမျိုးသား ၇ ဦးတို့ကို သတင်းပေး ဒလန်ဟု စွပ်စွဲပြီး ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် PDF ပူးပေါင်းအဖွဲ့တို့က ဖမ်းဆီးသွားပြီးနောက် အသတ်ခံလိုက်ရခြင်း ဖြစ်သည်။

ဒေသခံများကမူ အသတ်ခံရသူများသည် ရိုးရိုးသာမန် ပြည်သူများသာ ဖြစ်သည့်အတွက် KIO/KIA အနေဖြင့် တာဝန်ယူဖြေရှင်းပေးဖို့ တောင်းဆိုထားကြရာ ၃ လကျော်ကြာသည် အထိ တစ်စုံတစ်ရာ ပြေလည်မှု မရရှိ သေးဘူးဟု မိသားစုဝင်များနှင့် အမှုမှန်ပေါ်ပေါက်ရေး ကော်မတီ တာဝန်ရှိသူများက ပြောသည်။

အသတ်ခံလိုက်ရသည့် ပြည်သူ (၉) ဦးမှာ မိတ်ဆွေများ ဖြစ်ကြပြီး ဇန္နဝါရီလ (၂၄) ရက်နေ့က ဆားမှော်၊ နမ္မတီး၊ ဗန်းမော်စသည့် မြို့နယ်များမှ မိုးကောင်းမြို့တွင်ရှိသည့် အသိမိတ်ဆွေ ဦးကျော်စိုးဆီထံ လာလည်ကြသည့် မအင်ဒေါင်နန်လွမ်၊ ဒေါ်ဖောင်မခေါန်ဘူ၊ ဦးဖိုးတုတ်၊ ဦးထွန်းယုံ၊ ဦးလဇွမ်ထွယ်ရှောင် (ခ) ထွန်းအေး၊ ဦးလဇွမ် တူးလွမ့်၊ ဦးကျေးနှင့် ဦးယောဟန် တို့ ဖြစ်ကြသည်။

Most read this week

January 11, 2025
မွန်ပြည်နယ်အတွင်း စစ်ကောင်စီသည် ၂၀၂၄ ခုနှစ်၌ လေကြောင်းအသုံးပြုတိုက်ခိုက်မှု အကြိမ်ရေ ၄၂ ကြိမ်...
January 9, 2025
ဧရာဝတီတိုင်း၏ မြို့တော် ပုသိမ်မြို့တွင် တစ်နေ့ကို လျှပ်စစ်မီး ၃ နာရီသာ ရရှိတော့သည်ဟု...
January 8, 2025
ကချင်ပြည်၊ မြစ်ကြီးနားတွင် လူငယ်၊ လူလတ်ပိုင်း အမျိုးသားများ သတင်းအစအနမရဘဲ ဆက်တိုက်...
January 7, 2025
ဧရာဝတီတိုင်း၊ ပုသိမ်မြို့တွင် စစ်ကောင်စီက ကုန်တင်ကားပိုင်ရှင်များကို အစည်းအဝေး‌ခေါ်ကာ...