စစ်ကောင်စီမှ ပြည်သူများအား လူသားဒိုင်းကာအဖြစ်အသုံးပြုခြင်းသည် စစ်ဥပဒေကို ချိုးဖောက်ခြင်းဖြစ်သည်ဟု ဗိုလ်မှူးကြီးနော်ဘူပြော

စစ်ကောင်စီမှ ပြည်သူများအား လူသားဒိုင်းကာအဖြစ်အသုံးပြုခြင်းသည် စစ်ဥပဒေကို ချိုးဖောက်ခြင်းဖြစ်သည်ဟု ဗိုလ်မှူးကြီးနော်ဘူပြော

စစ်ကောင်စီစစ်ကြောင်းတွေကနေ ပြည်သူတွေကို လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခေါ်ဆောင် အသုံးပြုတာတွေဟာ စစ်ဥပဒေကိုချိုးဖောက်တာ ဖြစ်တယ်လို့ ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(KIO/KIA) သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောဆိုပါတယ်။

ပြည်သူလူထုကို လူသားဒိုင်းအဖြစ်ပြုလုပ်ပြီး ရှေ့တန်းထွက်တာတွေ၊ စစ်ယာဉ်တန်းထဲ ပြည်သူလူထုကို ဆွဲထည့်တာတွေကို KIO ဘက်က မလိုလားကြောင်း၊ တကယ်လို့ စစ်ယာဉ်တန်းတိုက်ခိုက်ခံရတဲ့အခါ ပြည်သူလူထုပါ ထိခိုက်တာတွေ ဖြစ်လာနိုင်တာကြောင့် အခုလိုလုပ်ရပ်ဟာ တမင်ရည်ရွယ်ချက်ရှိရှိ ပြုလုပ်တာဖြစ်တယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

" တစ်ကယ်ဆိုရင် ပြည်သူတွေကို အခုလိုလူသားဒိုင်း လုပ်တယ်ဆိုတာက စစ်ဥပဒေကို ချိုးဖောက်တာဟုတ်တယ်။ ထုံးစံမှမရှိတာ။ ဂျီနီဗာကွန်ဗန်းရှင်းနဲ့လည်း ငြိစွန်းတယ်။ ဒါပေမဲ့ စစ်တပ်က ဒီဥပဒေကို မလိုက်နာဘူး" လို့ ဗိုလ်မှူးကြီးနော်ဘူက ဆိုပါတယ်။

စစ်ကောင်စီဘက်ကနေ စစ်နယ်မြေလို့ သတ်မှတ်ထားတဲ့ ရပ်ရွာတွေမှာ ပြည်သူဖြစ်ဖြစ်၊ ရန်သူဖြစ်ဖြစ် အကုန်လုံးကို ရန်သူလို့သာ သတ်မှတ်ထားပြီး နှိပ်စက်နေတာ ဖြစ်တယ်လို့လည်း ဗိုလ်မှူးကြီးနော်ဘူက ဆက်လက်ပြောပါတယ်။

ဖားကန့်မြို့နယ်အတွင်း အရပ်သားပြည်သူတွေကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်တာတွေ များလာနေပြီး ဒီလုပ်ရပ်ဟာ မဖြစ်သင့်ဘူးလို့လည်း ဖားကန့်မြို့နယ်၊လုံးခင်းကျေးရွာအုပ်စု ဆန်ခါကျေးရွာသားတစ်ဦးက ပြောဆိုပါတယ်။

စစ်ကောင်စီဘက်ကနေ ဖားကန့်ဒေသကို နယ်မြေစိုးမိုးမှုရဖို့အတွက် နေရာတိုင်းကို နည်းလမ်းအမျိုးမျိုးနဲ့ လှုပ်ရှားမှုတွေ ပြုလုပ်နေတာကြောင့် အချိန်မရွေး တိုက်ပွဲဖြစ်ပွားလာနိုင်ခြေ ရှိတယ်လို့လည်း ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

ဖားကန့်မြို့နယ်အတွင်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ စစ်ကောင်စီတို့ကြား စစ်ရေးတင်းမာလျက် ရှိနေတာကြောင့် ပြည်သူလူထုတွေအနေနဲ့ သတိဝိရိယနဲ့ နေထိုင်သွားလာဖို့ လိုအပ်တယ်လို့လည်း ဗိုလ်မှူးကြီးနော်ဘူက သတိပေးပြောဆိုပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၁၈ ရက်နေ့က မြစ်ကြီးနား-ဖားကန့် လမ်းပေါ်မှာရှိတဲ့ ကပ်မှော်ဇွပ်ကျေးရွာအုပ်စု၊ ဆိုင်းဖရာကျေးရွာက ကျေးရွာနေ ပြည်သူ ၃၀ ကျော်ကို စစ်ကောင်စီကနေ လူသားဒိုင်းအဖြစ် စစ်ကောင်စီယာဉ်တန်းနဲ့အတူ ဖမ်းဆီးခေါ်ဆောင်သွားတာတွေ ရှိခဲ့ပါတယ်။

ဒါ့အပြင် ဧပြီလ ၂၁ ရက်နေ့ကလည်း လုံးခင်းကျေးရွာအုပ်စု မှော်ပုံနဲ့ ဆန်ခါကျေးရွာအတွင်း စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်လာပြီး ပြည်သူ ၂၀၀ ကျော်ကို လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။

ဓါတ်ပုံ- ဖားကန့်မြို့နယ်အတွင်းက ပြည်သူများအား လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်နေစဉ်။

November 18, 2024
လမ်းခရီးခက်ခဲမှုကြောင့် ကချင်ပြည်နယ်၊ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့မှာ ဆန်တစ်အိတ်ကို...
November 14, 2024
ဝိုင်းမော်ပင်မဓာတ်အားခွဲရုံ မြေနေရာအဖြစ် အသုံးပြုဖို့အတွက် မြေဧက ၁၀၀ ကျော်ကို သိမ်းယူဖို့...
November 13, 2024
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ နောင်းချိန်းကျေးရွာအုပ်စုအတွင်းမှာရှိတဲ့ စစ်ရှောင်ကလေးအယောက်...
November 12, 2024
ရွှေ့ပြောင်းခိုလှုံနေကြတဲ့ မြန်မာနိုင်ငံသားတွေကို စစ်အုပ်စုလက်ထဲ လွှဲအပ်တာမျိုး မပြုလုပ်ဘဲ...