စစ်ကောင်စီ၏ ဖက်ဒရယ်သည် အချိန်ဆွဲသည့် အခင်းအကျင်းဟု နိုင်ငံရေးသမားများ သုံးသပ်

စစ်ကောင်စီ၏ ဖက်ဒရယ်သည် အချိန်ဆွဲသည့် အခင်းအကျင်းဟု နိုင်ငံရေးသမားများ သုံးသပ်
မွန်ပြည်သစ်ပါတီနှင့် စစ်ကောင်စီငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ တွေ့ ဆုံစဉ်။ (Photo Credit: The Global New Light of Myanmar)
မွန်ပြည်သစ်ပါတီနှင့် စစ်ကောင်စီငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ တွေ့ ဆုံစဉ်။ (Photo Credit: The Global New Light of Myanmar)

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအချို့နှင့် စစ်ကောင်စီတို့ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးစဉ် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးများအကြောင်း ထည့်သွင်းဆွေး‌နွေးမှုများ ပါဝင်ခဲ့သည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် စစ်တပ်အာဏာသိမ်းပြီးနောက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအချို့နှင့် မကြာခဏ တွေ့ဆုံဆွေးနွေးပြီး ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်မည်ဟုဆိုခြင်းမှာ အချိန်ဆွဲခြင်း သက်သက်သာဖြစ်သည်ဟု ရခိုင့်ဝါရင့်နိုင်ငံရေးသမား ဦးဖေသန်းက ပြောသည်။

ဦးဖေသန်း “အဓိကကတော့ ဖက်ဒရယ်ဆိုတာ တော်တော့ကို ကျယ်ပြန့်တယ်၊ ပြီးတော့ တော်တော့ကို ရက်ရက်ရောရော ပေးရမယ့် တိုင်းရင်းသားတွေ ဆုံးရှုံးနေတဲ့ အခွင့်အရေးတွေကို တစ်ဖက်ကလည်း အပြည့်အဝ တောင်းဆိုနိုင်သလို တစ်ဖက်ကလည်း အဆင်သင့်ပေးနိုင်တဲ့ သူ့မှာ စိတ်ဆန္ဒတွေလည်း ရှိဖို့လိုသေးတယ်၊ တစ်သက်လုံး ငါတို့နိုင်ငံ၊ ငါတို့ ပြည်ထောင်စု ဗမာတွေက ပိုင်တယ်၊

ဗမာစစ်အာဏာရှင်တွေက ပိုင်တယ်၊ mindset ကလည်း ရိုက်သွင်းထားတဲ့အခါမှာ ဒီကိစ္စမှာတော့ သူတို့အနေနဲ့ ဘယ်လောက်အထိ ပေးနိုင်မှာလည်း တိုင်းရင်းသားတွေကရော ဘယ်လောက်အထိ တောင်းဆိုမလဲဆိုတဲ့ အခြေအနေအပေါ်မှာ တော်တော့ကို အချေအတင်ပြောရဦးမယ့် ကိစ္စတွေ၊

အများကြီးရှိတာပေါ့နော်၊ ဒါကြောင့် ဒီအခင်းအကျင်းဟာ စစ်ကောင်စီရဲ့ တကယ့်သူတို့ အချိန်ကို ဆွဲမယ့် အချိန်ကို ကြာကြာဆွဲမယ့် အခင်းအကျင်းတစ်ခု ဖြစ်လာနိုင်တယ်လို့ပဲ ကျနော် သုံးသပ်ချင်ပါတယ်” ဟု ပြောသည်။

လက်ရှိတွင်လည်း စစ်ကောင်စီနှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့သည် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို တည်ဆောက်မည်ဟု အသီးသီးပြောဆိုနေသည့်တိုင် လက်တွေ့တွင် ဖက်ဒရယ်မူများကို ချပြနိုင်ခြင်း မရှိသေးကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။

ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်မည်ဆိုသည်ကို မိမိတို့ အဖွဲ့အစည်းအားလုံးတွင် နားလည်မှုရှိကြောင်း စစ်ကောင်စီနှင့် ငြိမ်းချမ်းရေး ဆွေးနွေးခဲ့သည့် အပစ်ရပ် ၇ ဖွဲ့မှ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီးစောကျော်ညွန့်က ပြောသည်။

“ကျနော်တို့ ပြောနေတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံသည် ကျနော်တို့ နိုင်ငံကို ဖက်ဒရယ်နဲ့ ဒီမိုကရေစီ ပြည်ထောင်စုလို့ ခေါ်တာလည်း ရှိတယ်၊ ကျနော်တို့ အရင်ကတော့ NCA အရဆိုရင်တော့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုကို မဖြစ်မနေ တည်ဆောက်ရမယ်ဆိုတဲ့ နားလည်မှုတွေကလည်းပဲ ကျနော်တို့ အားလုံးတွေကြားမှာတော့ သဘောတူညီမှုတွေ ရှိနေတယ်လို့ ကျနော်အနေနဲ့ အဲဒီလိုပဲ နားလည်တယ်” ဟု ၎င်းက ပြောသည်။

စစ်ကောင်စီနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းအချို့တို့ ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးနေပြီး အနာဂတ်တွင် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက်လည်း ဆွေးနွေးလျက်ရှိသည်။

ထို့အတူ ဗမာပြည်နယ် ဖွဲ့စည်းရေးအတွက် တိုင်းရင်းသား အင်အားစုအချို့မှ တင်ပြမှုများ ရှိသလို အခြား တစ်ဖက် တွင်လည်း ရှမ်းနီ၊ ပအိုဝ်း၊ တအာင်း (ပလောင်)နှင့် ‘ဝ’ တို့ကလည်း ပြည်နယ်သစ်များ ဖွဲ့စည်းပေးရန် တောင်းဆိုမှု များ ရှိနေသည်။

အချို့ သော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များမှာ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး တောင်းဆို နေသလို ဖက်ဒရယ်ထက် မြင့်သည့် အခွင့်အာဏာရှိသော ကွန်ဖက်ဒရေးရှင်း (ကွန်ဖက်ဒရိတ်) အဆင့်အတန်း ရလိုကြောင်း တောင်းဆိုမှုလည်း ရှိနေပါသည်။

သို့ ရာတွင် ဖက်ဒရယ်အရေးကို အကြောင်းပြပြီး ယခင်နဝတ/နအဖ စစ်ကောင်စီလက်ထက်တွင် ပြုလုပ်သည့် အမျိုးသားညီလာခံကဲ့သို့ ငြိမ်းချမ်းရေးညီလာခံကျင်းပကာ အချိန်ကို ဆွဲဆန့် ပြီး ရွေးကောက်ပွဲကို မပြုလုပ်ပဲ အာဏာကို ဆက်ထိန်းထားနိုင်သည့် အခြေအနေ ရှိနေပေသည်။

Most read this week

November 20, 2024
ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့တွင် အဖိုး၊ သမီးနှင့် မြေး မိသားစုဝင် (၃) ဦးကို...
November 20, 2024
တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်တွင် လောင်းလုံးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ထံ...
November 18, 2024
ထိုင်းဘတ်ဈေး သိသိသာသာကျဆင်းလာသော်လည်း သယ်ယူပို့ဆောင်ရေးလမ်းပိုင်းအတွင်း ပေးချေရသည့်...
November 18, 2024
မွန်ပြည်နယ်တွင် မွန်ဒေသခံတို့အစား စစ်ကောင်စီစစ်မှုထမ်းသင်တန်းကို အစားထိုးတက်ရောက်နေသည့်...