အသက်မပြည့်သူ မိန်းကလေး လေးဦးကို ပုသိမ်ထောင်တွင်း တရားရုံးက ငါးနှစ်စီ ပြစ်ဒဏ်ချ

အသက်မပြည့်သူ မိန်းကလေး လေးဦးကို ပုသိမ်ထောင်တွင်း တရားရုံးက ငါးနှစ်စီ ပြစ်ဒဏ်ချ

ပုသိမ်အကျဉ်းထောင်တွင်း တရားရုံးမှ အထက်တန်းကျောင်းသူ လေးဦးကို PDF များဟု စွပ်စွဲကာ ထောင်ဒဏ် များ အသီးသီးချမှတ်လိုက်သည်။

စစ်ကောင်စီက အသက် ၁၈ နှစ် မပြည့်သေးသည့် အထက်တန်း ကျောင်းသူ လေးဦးကို PDF များဟု စွပ်စွဲပြီး ထောင်ဒဏ် ၅ နှစ်နီးပါးစီ အမိန့်ချလိုက်သည်ဟု တရားရေးဌာနနှင့် နီးစပ်သည့် အသိုင်းအဝိုင်းထံမှ သိရသည်။

တရားလွှတ်တော် ရှေ့နေတစ်ဦးက “ခလေးမလေးတွေက အသက် ၁၈ နှစ် မပြောနဲ့ ၁၆ နှစ်တောင် မပြည့်ကြ သေးဘူး။ အသက် ၂၀ အထိ မိန်းကလေး သင်တန်းကျောင်းမှာ နေရမယ်လို့ အမိန့်ချလိုက်တယ်။ ထောင် လေး နှစ်ကျော် ငါးနှစ်ချလိုက်တဲ့ သဘောပါပဲ” ဟု ပြောသည်။

ပုသိမ်မြို့က အသက် ၁၅ နှစ်နှင့် ၁၆ နှစ် အကြားရှိ ဝလုံးလေး ခေါ် မလင်းလက်အောင်၊ မအေးနှင်းသူ၊မသော် တာမင်းနှင့် မမှူးသွဲ့စံ ၄ ဦးတို့ကို ပုသိမ်ခရိုင် တရားသူကြီးက ပုသိမ်အကျဉ်းထောင်တွင်း တရားရုံးမှ ပြီးခဲ့သည့် ဧပြီလ ၇ ရက်နေ့တွင် ပုဒ်မ ၅၀-ည၊ ၅၂-က တို့ဖြင့် အမိန့်ချလိုက်ခြင်း ဖြစ်သည်။

အဆိုပါ မိန်းခလေးငယ် ၄ ဦးနှင့်အတူ လူမှုကွန်ယက်မှ ချိတ်ဆက်မှု ရှိသည်ဟုဆိုကာ စစ်ကောင်စီက စွပ်စွဲ ဖမ်း ဆီးထားသူ အသက် ၁၇ နှစ်ကျော်ရှိ ငပုတောမြို့နယ်က မောင်ကျော်မြတ်ဟိန်း၊ ချောင်းသာကမ်းခြေမြို့က မောင် သက်ကိုမင်း တို့ နှစ်ဦးကိုမူ အမိန့် မချသေးဘဲ အကြမ်းဖက်ပုဒ်မ ၅၀- ည၊ ၅၂-ကတို့ဖြင့် စစ်ဆေးနေဆဲ ဖြစ်သည် ဟု ရှေ့နေအသိုင်းအဝိုင်းထံမှ သိရသည်။

မိသားစုနှင့် နီးစပ်သူတစ်ဦးက ”ခလေးတွေက facebook သုံးကြတယ်လေ။ အဲ့ဒါ တချို့ post တွေကို like ပေး တာ ment ရေးတာတွေ ရှိတယ်။ သူတို့ စကစ မကြိုက်တဲ့ဟာ လုပ်မိတော့ ဖမ်းတယ်။ ငွေညှစ်ပြီးတော့ ကြံဖန် ထောင်ချတယ်” ဟု ပြောသည်။

ထို့အပြင် ထောင်ဒဏ် အသီးသီးချခံလိုက်ရသည့် အထက်တန်းကျောင်းသူ လေးဦးအမှုနှင့် ပတ်သက်၍ အသား မဲမဲ အရပ်ပုကွကွ တရားခွင်မှာ ကွမ်းတဖတ်ဖတ် စားလေ့ရှိသူ ဇော်မဲလုံး ဟု အမည်ပြောင် အပေးခံထားရသည့် ပုသိမ်ခရိုင် တရားသူကြီးက မိဘများထံမှ ကျပ်သိန်း ၅၀ ငွေညှစ်တောင်းယူခဲ့သေးသည်ဟု မိသားစုနှင့် နီးစပ်သူ တစ်ဦးက ပြောသည်။

အသက် ၁၈ နှစ် မပြည့်သေးသည့်သူများကို ရာဇဝတ်မှု ကျူးလွန်ခြင်း မရှိဘဲ ထောင်ဒဏ် ၅ နှစ် နီးပါး ပြစ်ဒဏ် ချမှတ်ခြင်းမှာ အပြည်ပြည်ဆိုင်ရာ ကလေးသူငယ် အခွင့်အရေး ဥပဒေကို ချိုးဖောက်ခြင်း ဖြစ်သည်ဟု ကလေး သူငယ် အခွင့်အရေးဆိုင်ရာလှုပ်ရှားနေသူ တစ်ဦးက ပြောသည်။

စစ်ကောင်စီက ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်နေ့မှ ၁၇ ရက်နေ့အတွင်း NUG ၏ ဖယ်ဒရယ် အွန်လိုင်း ပညာ ရေး ကျောင်းတက်သည်ဟုဆိုကာ ပုသိမ်၊ ငပုတော၊ ကန်ကြီးထောင့်မြို့နယ်အတွင်းက အထက်တန်း ကျောင်းသူ ကျောင်းသား ၁၄ ဦး ကို ဖမ်းဆီးခဲ့ကြသည်။

ဖမ်းဆီးခံခဲ့ရသည့် အဆိုပါ ကျောင်း ၁၄ ဦး အနက် မောင်သက်ကိုမင်း၊ မောင်ကျော်မြတ်ဟိန်း၊ မလင်းလက် အောင်၊ မအေးနှင်းသူ၊ မသော်တာမင်းနှင့် မမှူးသွဲ့စံတို့ကို ပုဒ်မ ၅၀-ည၊ ပုဒ်မ ၅၂-က တို့ဖြင့် တရားစွဲဆိုထားပြီး အခြားကျောင်းသူ/သားများကိုမူ လွှတ်ပေးလိုက်သည်ဟု တရားရေးအသိုင်းအဝိုင်းထံမှ သိရသည်။

Most read this week

January 11, 2025
မွန်ပြည်နယ်အတွင်း စစ်ကောင်စီသည် ၂၀၂၄ ခုနှစ်၌ လေကြောင်းအသုံးပြုတိုက်ခိုက်မှု အကြိမ်ရေ ၄၂ ကြိမ်...
January 9, 2025
ဧရာဝတီတိုင်း၏ မြို့တော် ပုသိမ်မြို့တွင် တစ်နေ့ကို လျှပ်စစ်မီး ၃ နာရီသာ ရရှိတော့သည်ဟု...
January 8, 2025
ကချင်ပြည်၊ မြစ်ကြီးနားတွင် လူငယ်၊ လူလတ်ပိုင်း အမျိုးသားများ သတင်းအစအနမရဘဲ ဆက်တိုက်...
January 7, 2025
ဧရာဝတီတိုင်း၊ ပုသိမ်မြို့တွင် စစ်ကောင်စီက ကုန်တင်ကားပိုင်ရှင်များကို အစည်းအဝေး‌ခေါ်ကာ...