မီဇိုရမ်ပြည်နယ်တွင် ထွက်ပြေးခိုလုံလာကြသော မြန်မာနိုင်ငံကစစ်ဘေးရှောင်ပြည်သူများသည် အကူညီရရှိမှု နည်းသထက်နည်းပါးလာနေသောကြောင့် စားဝတ်နေရေးအတွက် ပိုမိုအခက်ကြုံလာနေကြရသည်ဟု မီဇိုရမ်ပြည်နယ်အခြေစိုက် ZORO အဖွဲ့က ပြောဆိုသည်။
မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် စစ်ရေးပဋိပက္ခအခြေအနေကြောင့် မြန်မာနိုင်ငံက အထူးသဖြင့် ချင်းမျိုးနွယ်စုများသည် မီဇိုရမ်ပြည်နယ်တွင် လာရောက်ထွက်ပြေးခိုလုံကြသည်မှာ ၂ နှစ်နီးပါးခန့်ရှိလာပြီဖြစ်ကာ အချိန်ကြာမြင့်လာသည်နှင့်အမျှ အကူညီထောက်ပံ့ရရှိမှုသည်လည်း နည်းသထက်နည်းပါးလာသည့်အတွက် နေ့စဉ်စားဝတ်နေ ရေးမှာ ပိုမိုခက်ခဲလာနေသည်ဟု မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့ Aizawl Press Club တွင် ယနေ့ကျင်းပပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် Zo Reunification Organization (ZORO) က ပြေဆိုလိုက်ခြင်းဖြစ်သည်။
“သူတို့ (စစ်ဘေးရှောင်) ရဲ့အခြေအနေက တော်တော်ဆိုးပါတယ်၊ အလုပ်အကိုင်လည်းမရှိကြဘူး၊ အရင်တုန်းကလို ကူညီထောက်ပံ့မှုတွေက သူတို့မရရှိကြတော့ဘူး၊ ပြည်သူလူထု၊ YMA နဲ့ အစိုးရတွေထံကနေ ထောက်ပံ့မှုတွေကလည်း မရှိသလောက်ဖြစ်သွားတယ်၊ တချိန်တည်းမှာပဲ သူတို့ရဲ့နေ့စဉ်လိုအပ်ချက်တွေက ပြောင်းလဲမသွားဘူး ပိုလို့တောင်တိုးလာနေတယ်" ဟု ZORO Refugee Committee အဖွဲ့မှ အတွင်းရေးမှူး Dr. Lalrinawmi Ralte က ပြောသည်။
ယခုလက်ရှိအနေအထားတွင် စစ်ဘေးရှောင်စခန်း၌ နေထိုင်ကြသော စစ်ဘေးရှောင်များသည် နေ့စဉ်စားဝတ်နေရေး ကူညီထောက်ပံ့ရန် အထူးလိုအပ်နေကြသည်ဟု ZORO က ဆိုသည်။
ပြီးခဲ့သည့်မတ်လ ၁၄ ရက်နေ့ကလည်း Nghalchawm စစ်ဘေးရှောင်စခန်းတွင် နေထိုင်ကြသော မြန်မာစစ်ဘေးရှောင်များသည် စားနပ်ရိက္ခာပြတ်လပ်လုနီးပါးဖြစ်နေပြီဟု ကြားသိရသည့်အတွက် ZORO အဖွဲ့က ဆန်အိတ် ၂၀ ၊ ပဲ ၂ အိတ်၊ အသားတု ၃ အိတ်၊ ဆီနှင့် အဝတ်အထည်များကို အရေးပေါ် သွားရောက်ကူညီခဲ့ကြသည်ဟု ဆိုသည်။
စစ်ဘေးရှောင်စခန်းများသည် ဝါး၊ မိုးကာများဖြင့်သာဆောက်လုပ်ထားကြသည့်အတွက် မိုးတွင်းကာလတွင် လုံခြုံမှုရှိမည်မဟုတ်သည့်အတွက် နည်းလမ်းများရှာဖွေပေးရန်လည်းအထူးလိုအပ်သည်ဟုဆိုပါသည်။
ထို့အပြင် ဆေးဝါး၊ ကျောင်းနေရွယ်ကလေးငယ်များအတွက် ကျောင်းဝတ်စုံ၊ စာရေးကိရိယာများအပြင် စစ်ဘေးရှောင်စခန်းများတွင် နေထိုင်သူများအတွက် အလုပ်ကိုင်အခွင့်အလမ်းများ ရှာဖွေဖန်တီးပေးရန်လည်း လိုအပ်သည်ဟု ZORO အဖွဲ့ကပြောသည်။
ယခုကဲ့သို့ စစ်ဘေးရှောင်ပြည်သူများအား ကူညီထောက်ပံ့မှုနည်းပါးလာနေသောကြောင့် ZORO အဖွဲ့အနေဖြင့် စစ်ဘေးရှောင်ကူညီရေးလုပ်ငန်းများကို တတ်နိုင်ငံသည့်ဘက်မှ ဆက်လက်ဆောင်ရွက်သွားမည်ဟုလည်း ဆိုပါသည်။
ZORO အဖွဲ့အစည်းသည် အိန္ဒိယ-မြန်မာ-ဘင်္ဂလားဒေရှ့် စသည့် ၃ နိုင်ငံတွင်နေထိုင်ကြသော ဇိုး (ချင်း) မျိုးနွယ်စုများ အုပ်ချုပ်မှုတစ်ခုအောက်တွင် တစည်းတလုံးတည်း ပြန်လည်ပေါင်းစည်းနေထိုင်နိုင်ရန်အတွက် လှုပ်ရှားနေသော အဖွဲ့အစည်းတစ်ခုဖြစ်ပြီး မီဇိုရမ်ပြည်နယ်အတွင်းရှိ သြဇာရှိသော အရပ်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်သည်။
ယခုလက်ရှိ မီဇိုရမ်ပြည်နယ်တွင် မြန်မာနိုင်ငံက စစ်ဘေးရှောင်ပြည်သူ ၃ သောင်းကျော်ရှိသည်ဟု မီဇိုရမ်ပြည်နယ်အစိုးရက ထုတ်ပြန်ထားသော်လည်း ချင်းအရပ်ဖက်အဖွဲ့အစည်းများကမူ ၅ သောင်းခန့်ရှိကြသည်ဟု ခန့်မှန်းထားကြသည်။