အင်းတော်တွင် အမျိုးသမီး ဖမ်းဆီးခံရမှု ပိုများလာ

အင်းတော်တွင် အမျိုးသမီး ဖမ်းဆီးခံရမှု ပိုများလာ

ကချင်– စစ်ကိုင်းနယ်စပ် အင်းတော်မြို့နယ်တွင် ယခုနှစ်ဆန်းပိုင်းပိုင်းမှ စတင်ကာ အမျိုးသမီး ဖမ်းဆီးခံရမှု ပိုမို များပြားလာကြောင်း ဒေသခံများထံမှ သိရသည်။

မတ်လ ၃ ရက်နေ့ အင်းတော်မြို့ မီးပွိုင့်လမ်းဆုံးအနီး ဒေသခံ အမျိုးသား ၂ ဦး ဖမ်းဆီးခံလိုက်ရပြီးနောက် တစ်ပတ်ခန့်အကြာတွင် ဒေသခံ အမျိုးသမီး ၂၀ ဦးကို စစ်ကောင်စီတပ်က ထပ်မံဖမ်းဆီးထားသည်ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက KNG ကို ပြောသည်။

“အခုရက်ပိုင်းက ဖမ်းဆီးခံရတဲ့အမျိုးသမီးက ၂၀ ယောက်ရှိတယ်။ အဲ့ဒီထဲမှာ တော်တော်များများက စျေးသည်တွေ ဖမ်းခံရတယ်။ ပြီးတော့ CDM ဝင်ထားတဲ့သူတွေလည်းပါတယ်။ တစ်ချို့ဆို အိမ်ထဲကနေဝင်ဖမ်းသွားတာ။ စျေးသည်တွေကတော့ စျေးရောင်းနေရင်း တန်းလျားဖမ်းခံရတာရှိတယ်”ဟု ပြောသည်။

အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် မှ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလအထိ အင်းတော်တွင် ဖမ်းဆီးခံရသူ ၁၀ ဦး ကျော်သာရှိခဲ့သော်လည်း ယခု မတ်လအတွင်းပင် အမျိုးသမီး ၂၀ ဦးကို စစ်တပ်က ဆက်တိုက် ဖမ်းဆီးလိုက်ခြင်း ဖြစ်သည်။

ဖမ်းဆီးခံထားရသော အမျိုးသမီး ၃၀ ကျော်ကို စစ်ကောင်စီတပ်က PDF ထောက်ပံ့သူ နှင့် CDM ဝန်ထမ်းများဟု စွပ်စွဲကာ ၎င်းတို့ကို ပုဒ်မ ၅၀၅(က)၊ ပုဒ်မ ၅၀၅(ခ)နှင့် အကြမ်းဖက်မှု ပုဒ်မများဖြင့် တရားစွဲဆိုထားသည်ဟုလည်း သိရသည်။

“အခု ဖမ်းဆီးခံရတဲ့ အများစုက ပြစ်ဒဏ်မချသေးဘူး။ အင်းတော်မှာပဲရှိသေးတယ် တစ်ယောက်ကိုပဲပြစ်ဒဏ်ချသေးတယ်။ အဲ့တစ်ယောက်က မယဥ်ယဥ်သိန်းပေါ့။ သူ့ကိုတော့ ၅၀၅ (က)တရားစွဲပြီးအမိန့်ချလိုက်တာ” ဟု အင်းတော် PDF မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဖေဖော်ဝါရီလမှ စတင်ကာ အင်းတော်မြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့က စစ်အုပ်ချုပ်ရေးကြေညာခဲ့သည့် နောက်ပိုင်း လုံခြုံရေးအကြောင်းပြုပြီး စစ်ကြောင်းထိုးဝင်ရောက်နေသည့်အတွက် တစ်ဖက်တွင် အမျိုးသမီးများသွားလာရေးတွင် လုံခြုံရေးအားနည်းနေရသည်ဟု အင်းတော်ဒေသခံ အမျိုးသမီးတစ်ဦးက ယခုလိုပြောသည်။

“အခုဆိုရင်ကျွန်မတို့ အင်းတော်နယ်မှာက စစ်ကြောင်းတစ်ကြောင်းထိုးလာရင် အမျိုးသမီးတွေအတွက်လုံခြုံမှုက  အရမ်းကိုလျော့နည်းသွားပါတယ်။ ဘာလို့လဲဆိုရင် သူတို့ဘက်ကရောက်လာရင် မဒိမ်းကျင့်တဲ့အဆင့်ထိကို ရှိလာပါတယ်။ အဲကြောင့် သွားလာရေးမှာတောင် အရမ်းခက်ခဲလာတယ်” ဟု ပြောသည်။

မြန်မာနိုင်ငံတွင် စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၂ ခုနှစ် ဒီဇင်ဘာလအထိ ဖမ်းဆီးခံရသော အမျိုးသမီးစုစုပေါင်း ၂၃၆၃ ဦး ထိရှိလာကြောင်း မြန်မာနိုင်ငံအမျိုးသမီးအဖွဲ့ချုပ်မှ ထုတ်ပြန်ထားသည်။

ကံပိုင်တည်- ဆဒုံးကားလမ်းပိုင်းမြင်ကွင်း
November 14, 2024
ကချင်ပြည်နယ် မြစ်ကြီးနား- ကံပိုင်တည်ကားလမ်းပိုင်း နိုဝင်ဘာလ ၆ ရက်နေ့စပြီး စစ်ကောင်စီတပ်က...
ပုံ- ကြွက်ဘေးသင့်သွားတဲ့ အင်ပါဘာဒေသ တောင်ယာစပါးခင်းများ
November 14, 2024
ဗန်းမော်ခရိုင်၊ မံစီမြို့နယ်၊ အင်ဘာပါဒေသထဲက ရွာပေါင်း ၁၀ ဝန်းကျင်က...
November 12, 2024
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ မှော်စီဆာကျေးရွာ မြေစာပုံပြိုကျမှုမှာ...
ဖမ်းဆီးခံထားရတဲ့ လွတ်တော်ကိုယ်စားလှယ် ဦးဝင်းလှိုင်
November 11, 2024
ရှမ်းမြောက်၊ နမ္မတူမြို့နယ် တအာင်းတပ်မတော် TNLA ဖမ်းဆီးထားတဲ့ NLD ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်...