BPI ဆေးဝါး ထုတ်လုပ်ရေးနှင့် မြင်းမွေးမြူရေးတပ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ဝင်ရောက် စီးနင်း တိုက် ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ၅ ဦး သေဆုံးခဲ့ပြီး စစ်တပ်က လေကြောင်းမှ ပြန်လည်တိုက်ခဲ့သည်။
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့အခြေစိုက် BPI ဆေးဝါး ထုတ်လုပ်ရေးနှင့် မြင်းမွေးမြူရေးတပ်ကို ဖေဖော်ဝါရီလ ၁၁ ရက်နေ့၊ နံနက် ၆ နာရီအချိန်က ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ ဝင်ရောက်စီးနင်းခဲ့ခြင်း ဖြစ်သည်ဟု မြိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်။
မြိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက “သူတို့ဘက်က ပြန်ပစ်တာလည်း ရှိတယ်။ အနီးကပ် ဝင်ပစ် တော့ သူတို့ဘက်က ဗိုလ်ကြီး တစ်ယောက်၊ ဗိုလ်လေးတစ်ယောက်နဲ့ တပ်သား ၅ ယောက်ကို အသေပစ်ခဲ့တယ်” ဟု ပြောသည်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက နံနက် ၆ နာရီမှ နံနက် ၈ နာရီ ၄၅ မိနစ်အချိန်ထိ BPI ဆေးဝါး ထုတ်လုပ် ရေး နှင့် မြင်းမွေးမြူရေးတပ်ကို အနီးကပ်ဝင်ရောက်စီးနင်းခဲ့ရာ စစ်တပ်ဘက်က လေကြောင်းအသုံးပြုပြီး ပြန်လည် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု မြိုင်-ပကဖ တာဝန်ရှိသူ က ဆိုသည်။
အဆိုပါ စီးနင်းတိုက်ခိုက်ခံရမှုအတွင်း စစ်ကောက်စီတပ်ဘက်က တပ်ကြပ်ကြီးတစ်ဦး၊ တပ်သားနှစ်ဦးကိုပါ အရှင်ဖမ်းမိရခဲ့ပြီး မြိုင်မြို့နယ်-ပကဖ က တရားစီရင်ရေးကိစ္စရပ်များကို ဆက်လက်လုပ်ဆောင်သွားမည်ဟု ဆိုသည်။
ထိုတိုက်ခိုက်မှုထဲ BPI ဆေးဝါးထုတ်လုပ်ရေးနှင့် မြင်းမွေးမြူရေးတပ်အတွင်း အဆောင်များကို မီးရှို့နိုင်ခဲ့ပြီး မြင်းများကို လွှတ်ပေးခဲ့ဟု ဆိုသည်။
BPI ဆေးဝါးထုတ်လုပ်ရေးနှင့် မြင်းမွေးမြူရေးတပ်ထဲတွင် စစ်ကောင်စီတပ်က အင်အား ၅၀ ဝန်းကျင်ခန့် ရှိပြီး တပ်ထဲတွင် နေထိုင်သည့် မိသားစုဝင် ၁၀၀ ကျော်ခန့်ရှိသည်ဟု တပ်နှင့်နီးစပ်သူများ၏ ပြောပြချက်အရ သိရ သည်။
သို့သော် ယခုတိုက်ခိုက်ခံမှုထဲ တပ်မိသားစုဝင်များ ထိခိုက်မှုမရှိဟု ဆိုသည်။ စီးနင်းတိုက်ခိုက်မှုအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက MA 1 သုံးလက်၊ ကျည်ဘောက် ၆ ခု၊ အူစီကျည် ဘောက် ၁၅ ခုကိုလည်း သိမ်းဆည်းရမိခဲ့သည်ဟု မြိုင်-ပကဖ တာဝန်ရှိသူက အတည်ပြုပြောသည်။
စစ်ကောင်စီတပ်ဘက်က လေယာဥ်မှ Mi 35 နှင့် အချက်ရေ ၁၀၀ နီးပါးခန့် လာရောက် ပစ်ခတ်ခဲ့ခြင်းကြောင့် အနီးအနားကျေးရွာ နှစ်ရွာက ဒေသခံရွာသား ၁၀၀၀ ကျော်ခန့်က ဘေးလွတ်မည့် နေရာများတွင် ထွက်ပြေး တိမ်းရှောင်နေရသည်။