KNU တပ်မဟာ(၄)နှင့် ကော်သူးလေအာမီ-KTLA တို့ နှစ်ဖက်တိုက်ပွဲဖြစ်ပွားပြီး ကျဆုံးမှုရှိခဲ့

KNU တပ်မဟာ(၄)နှင့် ကော်သူးလေအာမီ-KTLA တို့ နှစ်ဖက်တိုက်ပွဲဖြစ်ပွားပြီး ကျဆုံးမှုရှိခဲ့

ဗိုလ်စောအယ်ခွီး ဦးဆောင်သည့် ကော်သူးလေအာမီ(KTLA) လက်အောက်မှ ခွဲထွက်ကြရန် တော်လှန် ရေး ရဲဘော်များ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)များကို ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ (၄)မှ စာထုတ်ပြန်ပြီးနောက် ယမန်နေ့ (ဖေဖော်ဝါရီလ ၁ရက်) နှစ်ဖက်အပြန်အလှန်တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု သိရသည်။

KNU တပ်မဟာ(၄)၏ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)စစ်ရေးရုံးမှ ဇန်နဝါရီလ ၃၁ရက်နေ့ ရက်စွဲဖြင့် ဗိုလ်စောအယ်ခွီး လက်အောက်ရှိ တော်လှန်ရေး ရဲဘော်များကို ခွဲထွက်ကြရန် မေတ္တာရပ်ခံစာ ထုတ်ပြန်ပြီးနောက် ထီးမုပွာအထူးဒေသရှိ KTLA ၏ လုံခြုံရေး ဂိတ်စခန်းငယ်တစ်ခုကို KNLA ဘက်မှ လာရောက်ပစ်ခတ်ခဲ့ကြောင်း KTLA တပ်ရင်း (၃) တပ်ခွဲ (၈) ဗိုလ်ကြီး စောဆာ့ ကညောက ယခုလိုပြောသည်။

၎င်းက “ကျနော်တို့ ရဲဘော် အဲ့ဂိတ်မှာ ၆ ယောက်သွားစောင့်နေတာ။ တပ်မဟာ (၄) ဘက်က ကားနှစ်စီး နဲ့လာတယ်။ အဲ့လိုလာရင်းနဲ့ပဲ ကျနော်တို့လူကို စပစ်တော့တာပဲ။ အဲ့ဒါက မှားပစ်ကြတာမဟုတ်ဘူး။ သူတို့ဘက်က ပြောသလိုပဲ ကျနော်တို့ကိုရှင်းထုတ်ဖို့အတွက်ပဲ ဖြစ်တယ်။ ဘာဖြစ်လဲဆိုတော့ အဲ့နေရာ မှာ ကျနော်တို့ လူတွေစောင့်နေတာ သူတို့လည်း သိနေတာပဲ။ သူတို့လည်း စစ်ကောင်စီကိုပဲ တိုက်မယ် လို့ ပြောနေကြတော့ ကျနော်တို့ လူတွေလည်း သတိမထားလိုက်တာဖြစ်မယ်” ဟု ကေအိုင်စီ သို့ပြောသည်။

အဆိုပါ ပစ်ခတ်မှုတွင် KTLA ဘက်မှ ရဲဘော်တစ်ဦး ကျဆုံးသွားပြီး ၎င်းနှင့်အတူ M16 သေနတ်တစ်လက် အပြင် ဆက်စပ်ပစ္စည်းများ အသိမ်းခံလိုက်ရကြောင်းနှင့် လက်ရှိတွင်လည်း နှစ်ဖက်စစ်ရေးတင်းမာမှု ဖြစ်နေကာ KNU ဘက်မှ မြင်သမျှ KTLA တပ်ဖွဲ့ဝင်များကို ရှင်းလင်းသွားရန် စီစဉ်နေကြောင်းလည်း ဗိုလ်ကြီး စောဆာ့ကညောက ဆက်ပြောသည်။

ယမန်နေ့ ပစ်ခတ်မှုဖြစ်စဉ်နှင့်ပတ်သက်ပြီး သက်ဆိုင်ရာ KNU တပ်မဟာ (၄) ဘက်သို့ ဆက်သွယ် မေးမြန်းရာ သက်ဆိုင်ရာ တာဝန်ရှိသူမှ ခရီးလွန်နေသောကြောင့် အကြောင်းအရင်းကို ဖြေဆိုပေးမည့်သူ မရှိသေးကြောင်း ကေအိုင်စီသို့ ပြောသည်။

ဗိုလ်စောအယ်ခွီး ဦးဆောင်သည့် KTLA နှင့် KNU တပ်မဟာ (၄)အကြား မကြာခဏ ဆိုသလို ပဋိပက္ခဖြစ်ပွား လျက်ရှိပြီး အရပ်သားသတ်ဖြတ်ခံရမှုနှင့်ပတ်သက်၍လည်း အပြန်အလှန် စွပ်စွဲပြောဆိုမှုများ၊ တပ်ဖွဲ့ဝင်အချင်းချင်းကြား တိုက်ခိုက်ပစ်ခတ် ဖမ်းဆီးမှုများ ပြုလုပ်ကြလေ့ရှိကြသည်။

ဇန်နဝါရီလ ၃၁ ရက်နေ့က ထုတ်ပြန်သည့် တပ်မဟာ (၄) ၏ PDF များ ဗိုလ်စောအယ်ခွီး ဦးဆောင်သည့် KTLA ထံမှ ခွဲထွက်ရန် မေတ္တာရပ်ခံစာနှင့်ပတ်သက်ပြီး KNLA ဗဟို ဌာနချုပ်မှ ထောက်ခံကြောင်း ယမန်နေ့က သဘောထားထုတ်ပြန်ခဲ့သည်။

KNU တပ်မဟာ (၄)၏ ထုတ်ပြန်ချက်သည် လက်ရှိ ပကတိအခြေအနေနှင့်ကိုက်ညီကြောင်းနှင့် KNLA စစ်ဌာနချုပ်မှအပြည့်အဝ ထောက်ခံကြောင်းဖော်ညွှန်းထားပြီး ဘုံရန်သူ စစ်အာဏာရှင်ကို တိုက်ထုတ် ရာတွင် ပြန့်ကျဲနေသော PDF အများအနေဖြင့် သက်ဆိုင်ရာ ခရိုင်၊ တပ်မဟာများ၏ Command Control စနစ် တစ်ရပ်တည်ဆောက်သွားရန်နှင့် စစ်ရေးအမြင်သက်သက်မဟုတ်ဘဲ နိုင်ငံရေးအမြင်ပါ ထည့်သွင်း စဉ်းစားသွားကြရန်လည်း KNLA စစ်ဌာနချုပ်က တိုက်တွန်းခဲ့သည်။

November 29, 2024
ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ချောင်းဝရွာကို နိုဝင်ဘာလ(၂၃)ရက်နေ့ နံနက်ပိုင်းက KNU,...
November 28, 2024
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ ထိန်းချုပ်သည့် ကော်သူးလေနယ်မြေများရှိ စစ်ဘေးရှောင်...
photo-SHRF
November 28, 2024
ထိုင်း-မြန်မာနှစ်နိုင်ငံနယ်စပ် တာချီလိတ်နှင့် မယ်ဆိုင်မြို့တို့တွင် ယခုနှစ်မိုးရာသီတွင်...
November 27, 2024
ယခုလို တရုတ်ငွေလိမ်လုပ်ငန်းမှ ပြန်လွတ်လာသူ နိုင်ငံခြားသားများမှာ သီရိလင်္ကာနိုင်ငံသား ၃၂ ဦး၊...