လွိုင်ကော်မှာ ပြုလုပ်တဲ့ ကယားပြည်နယ်နေ့အခမ်းအနား ဒရုန်းနဲ့ တိုက်ခိုက်ခံရ၊ တစ်ဦးသေ ရှစ်ဦး ဒဏ်ရာရ

လွိုင်ကော်မှာ ပြုလုပ်တဲ့ ကယားပြည်နယ်နေ့အခမ်းအနား ဒရုန်းနဲ့ တိုက်ခိုက်ခံရ၊ တစ်ဦးသေ ရှစ်ဦး ဒဏ်ရာရ

လွိုင်ကော်မြို့ ပြည်နယ်ခန်းမမှာ စစ်ကောင်စီဦးစီးကျင်းပတဲ့ (၇၁) နှစ်မြောက် ကယားပြည်နယ်နေ့အခမ်းအနား ကျင်းပနေစဉ် ဒရုန်းနဲ့ တိုက်ခိုက်ခံရပြီးနောက် တစ်ဦးသေဆုံးပြီး ရှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ (နကစ) က သတင်းထုတ်ပြန်ထားပါတယ်။

အရပ်သားတစ်ဦးသေဆုံးပြီး လုံခြုံရေးတပ်ဖွဲ့ဝင် တချို့ အပါအဝင် ကျောင်းသား/သူ ၆ ဦး၊ အရပ်သား ( ၂ ) ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ (နကစ)ရဲ့ သတင်းစာမျက်နှာမှာ ထုတ်ပြန်ထားပါတယ်။

ဇန်နဝါရီလ ၁၅ ရက်မှာ ကျရောက်တဲ့ (၇၁) နှစ်မြောက် ကယားပြည်နယ်နေ့ကို စစ်ကောင်စီက လုံခြုံရေး တင်းကြပ်ထားပြီး ကျင်းပနေစဉ် အတွင်းမှာပဲ ဒရုန်းနဲ့ တိုက်ခိုက်ခံရတာဖြစ်တယ်လို့ သိရပါတယ်။

အဲဒီလိုဒရုန်းနဲ့ တိုက်ခိုက်ခံရပြီးနောက် လွိုင်ကော်မြို့ရဲ့ နေရာတိုင်းမှာ စစ်ကောင်စီက အစစ်အဆေး တင်းကြပ်ထားတယ်လို့ လွိုင်ကော်မြို့ ဒေသခံတွေက ပြောပါတယ်။

“ တအားစစ်တယ်။ ရိုက်တာတွေလည်း ရှိတယ်။ အခုလည်း အသံကြားရပြန်ပြီ အဲဒီမြို့နယ်ခန်းမ ဖက်မှာပဲ။ “ လို့ လွိုင်ကော်မြို့ ဒေသခံတစ်ဦး ကပြောပါတယ်။

KNPPနဲ့ PDFအကြမ်းဖက်သမားများက တိုက်ခိုက်ခြင်းဖြစ်တယ်လို့ (နကစ) က သတင်းထုတ်ပြန်ထားပါတယ်။

ကယားပြည်နယ်နေ့ တိုက်ခိုက်ခံရမှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ဘက်က မသိရှိရသေးဘူးလို့ ( KNPP ) အထွေထွေအတွင်းရေးမှူး ခူပလူးရယ်က ပြောပါတယ်။

“ ကျနော်တို့ဘက်ကတော့ သိထားတာတွေတော့ မရှိဘူး။ ” လို့ သူက ပြောပါတယ်။

စစ်ကောင်စီဟာ ကယားပြည်နယ်နေ့ အထိမ်းအမှတ်အနေနဲ့ လွိုင်ကော်မြို့တွင်းလမ်းဖွင့်ပွဲကိုပြုလုပ်ခဲ့ပြီး ပြခန်းတွေနဲ့လည်း ကျင်းပဖို့စီစဉ်ထားတာဖြစ်ပါတယ်။ ဒီကနေ့မနက်ပိုင်းမှာ ကရင်နီပြည်ကို လေယာဉ်တစ်စင်းထောက်လှမ်းပျံသန်းနေသလို လက်နက်ကြီးပစ်ခတ်သံတွေလည်း အဆက်မပြတ် ကြားနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ တစ်ညလုံး တစ်မနက်လုံး လက်နက်ကြီးတွေ ထုနေတာ အဆက်မပြတ်ပဲ။ ဘယ်ကို ထုလို့ ထုနေမှန်းလည်း မသိဘူး။ အခုချိန်ထိပဲ။ “ လို့ ဒီးမော့ဆိုမြို့နယ်မှာ နေထိုင်တဲ့ ဒေသခံ တစ်ဦးက ပြောပါတယ်။

ထိခိုက်ဒဏ်ရာရရှိသူများကို ပြည်သူ့ဆေးရုံမှာ ပို့ဆောင် ကုသပေးနေတယ်လို့ (နကစ)ရဲ့ သတင်းထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ကယားပြည်နယ်နေ့အခမ်းအနား ဒရုန်းနဲ့တိုက်ခိုက်ခံရမှုဖြစ်စဉ်နဲ့ပတ်သက်ပြီး မည်သည့်အဖွဲ့က လုပ်ဆောင်နေတယ်ဆိုတာကိုတော့ ကန္တာရဝတီတိုင်း(မ်) အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။

လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ပျက်စီးသွားတဲ့ ဘန်ကောက်စစ်ရှောင်စခန်းမြင်ကွင်း။ (ဓါတ်ပုံ - Khun Yaw Han )
November 18, 2024
ရှမ်း-ကရင်နီနယ်စပ် ဖယ်ခုံမြို့နယ်အနောက်ဘက်ခြမ်းက ဘန်ကောက်စစ်ရှောင်စခန်းကို ဒီကနေ့ နိုဝင်ဘာလ ၁၈...
November 18, 2024
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အနောက်ခြမ်းမှာ ဒေသခံတွေ စိုက်ပျိုးထားတဲ့ ရွှေ့ပြောင်းတောင်ယာစပါးခင်းက...
November 13, 2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ ကုန်းဆုံကျေးရွာအုပ်စု၊ ပူချယ်ကျေးရွာက စပါးရိတ်...
November 13, 2024
ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်း ဒေါတမကြီးအုပ်စုအတွင်းမှာရှိတဲ့ ကျေးရွာတစ်ရွာက...