မောင်မေယု(ဘူးသီးတောင်) ဤအချိန်ဤရာသီသည် ဘူးသီးတောင်မြို့နယ်၌ရှိသော စိုင်းတင်ရေတံခွန်ကြီးသို့ အလည်အပတ်သွားရောက်ကြချိန် ဖြစ်ပါသည်။ သို့ဖြစ်၍ ဘူးသီးတောင်မြို့နယ် ဒုံးသိမ်ကျေးရွာအရှေ့ဘက်ရှိစိုင်းတင်ကူးတို့ ဆိပ်ကမ်းသည် အလွန်စည်ကားလျက် ရှိသည်။ ခရီးသွားတို့သည် ထိုဆိပ်ကမ်းတွင်ဆိုင်ကယ်များ ၊ ကားများကို စနစ်တကျ ထိုးရပ်ကြပြီး လောင်းလှေများကို အလုအယက် ငှါးရမ်းနေကြသည်။
ထိုဆိပ်ကမ်းရှိ တာဝန်ရှိသူများမှ ပေးသော နီရဲနေသည့် အသက်ကယ် အင်းကျီများကိုလည်း ဝတ်ဆင်နေကြသည်။ တစ်ချို့သည် စက်တပ်လောင်း ငယ်ကလေးများသို့ သောင်းသောင်းဖြဖြ တက်နေကြလေသည်။ ထမင်းအိုးကို ခေါင်းမှာရွက်သူရွက် ၊ ဟင်းများထည့် ထားသည့် အနွေးဘူးများကို သယ်သူသယ် ၊ ရေဘူးထမ်းသူထမ်း ၊ ဆောင်းဘောက်ငယ်များကို ဆွဲသူဆွဲနှင့် စိုင်းတင်ကူတို့ဆိပ်ကမ်းသည် ကြက်ပျံမကျ စည်ကားနေလေသည်။
စိုင်းတင်ရေတံခွန် ဖြစ်ပေါ်လာပုံ
စိုင်းတင်ရေတံခွန်သည် ရခိုင်ပြည်နယ်၏ ထင်ရှားသောရေတံခွန်ကြီးတစ်ခုဖြစ်ပြီး ဘူးသီးတောင်မြို့နယ်၏ အထင်ကရ နေရာတစ်ခုဖြစ်ပါသည်။ ထိုဒေသသည် အတိတ်တစ်ချိန်ကစစ်တန်းတင်ဟု ခေါ်ခဲ့ကြသည့် မြို့ပြ အရပ်ထွန်းကားခဲ့သော သမိုင်းဝင်နေရာဌာနလည်း ဖြစ်သည်။ရခိုင်ရာဇဝင်တွင် ကစ္ဆပနဒီမြစ်၏ လက်ဝဲလက်ယာ၌ မြို့(၉၉)မြို့စီ ရှိခဲ့သည်ဟု ဖော်ပြသည်။
ဤစစ်တန်းတင်မြို့သည် ထိုလက်ဝဲ(၉၉)မြို့တွင် ပါဝင်ခဲ့သည်။ မြန်မာ စကား၌ ‘ရေတံခွန်’ ဟုခေါ်သောဝေါဟာရကို ရခိုင်တို့က ‘တန်းတင်’ ဟူ၍လည်းကောင်း ‘တန်ရှင်’ ဟူ၍ လည်းကောင်း ခေါ်ကြသည်။ သို့ဖြစ်၍ စစ်တန်းတင်၏ အဓိပ္ပါယ်မှာ စစ်ချောင်းမှ ဖြစ်ပေါ်လာသော ရေတံခွန်ဟု အဓိပ္ပါယ်ဖွင့်ဆိုနိုင်ပါသည်။
ခေတ်ကာလ ကြာမြင့်လာသောအခါ စစ်တန်းတင်မှ စိုင်းတင်သို့ ပြောင်းရွေ့လာခဲ့ခြင်း ဖြစ်သည်ဟုသိရှိရပါသည်။
စိုင်းတင်ရေတံခွန်ကြီးသည် ဘင်္ဂလားဒေ့ရှ်ဘက်မှ မြစ်ဖျားခံ၍ စီးဆင်းလာသော စစ်ချောင်းနှင့်ကျောက်တော်မြို့နယ်ဘက်မှ မြစ်ဖျားခံ၍ စီးဆင်းလာသော ရီးချောင်း တို့ဆုံရာမှ ဖြစ်ပေါ်လာခဲ့သည်။
ထိုချောင်းနှစ်ချောင်းဆုံရာမှ စိုင်းတင်ချောင်းကို ဖြစ်ပေါ်စေခဲ့သည်။ စိုင်းတင်ချောင်းသည် တောင်ပေါ်၌မြင့်ရာမှ နိမ့်ရာသို့ အဆင့်ဆင့်ခွဲ၍ နှစ်မိုင်ခန့် အရှိန်ယူပြေးဆင်းလာပြီးနောက် ဧရာမရေလုံးကြီးကို ပေ(၂၀) ကျော်ခန့်အမြင့်မှ ဒလဟော သွန်ချလိုက်သောအခါ “စိုင်းတင်ရေတံခွန်ကြီး” ကိုဖြစ်ပေါ်စေခဲ့ပါသည်။
စိုင်းတင် ဒဏ္ဍာရီ
ရာဇဝင်သုံးမျိုးရှိသည်ဟု မှတ်သားဖူးပါသည်။ ရုပ်ထု ရုပ်ကြွင်းများက ရရှိသော အထောက်အထား ရာဇဝင် ၊ ရှေးကအကြောင်းအရာများကို စာနှင့်မှတ်တမ်းတင်ခဲ့သော စာပေရာဇဝင် နှင့် အသက်ဂုဏ်ဝါ ကြီးမြတ်သူတို့က လက်ဆင့်ကမ်းပြောပြခဲ့သော ပါးစပ်ရာဇဝင် တို့ဖြစ်သည်။
အဆင့်ဆင့်လက်ဆင့်ကမ်းလာသော ပါးစပ်ရာ ဇဝင်သည် တိကျခိုင်မာမှု မရှိသောကြောင့် ဒဏ္ဍာရီဆန်သည်ဟု ဆိုကြပါသည်။ ဤစိုင်းတင်နှင့် ပတ်သတ်၍လည်း ဘိုးဘောင်စဉ်ဆက် လက်ဆင့်ကမ်းလာသော ဒဏ္ဍာရီ တစ်ခုရှိလေသည်။
ထိုဒဏ္ဍာရီမှာ ဤသို့ဖြစ်ပါသည်။ ရှေးအခါက မြစ်ကမ်းစပ်တစ်ခုအနီးတွင် ဘုရင်ငယ်တစ်ပါးမင်းပြု၍ နေသည်။ တစ်နေ့သောအခါ ပညာရှိအမတ်များက မင်းနှင့်မိဖုရားတို့၏ ဇာတာကိုစစ်ကြည့်ကြလေသည်။ ထိုအခါ များမကြာသောနှစ်များတွင် မိဖုရားသည် မိကျောင်းကိုက်၍ သေကိန်းရှိသည်ဟု မြင်ကြလေသည်။ သို့ဖြစ်၍ မင်းကြီးသည် မိဖုရားအား လွန်စွာချစ်မြတ်နိုးသောကြောင့် မည်သို့ပြုလုပ်ရမည်ကို စဉ်းစားရလေသည်။
မင်းကြီးစဉ်းစားသည်မှာ ဤမြစ်ကမ်းတွင် မိကျောင်းများ ရှိနိုင်သည်။ မိကျောင်းရန်နှင့် ကင်းဝေးရန်နေရာသစ်တစ်ခုသို့ ပြောင်းရွှေ့နေထိုင်ပါက မိဖုရားအတွက် စိုးရိမ်စရာ ရှိတော့မည်မဟုတ်ဟုစဉ်းစားမိသည်။ သို့ဖြစ်၍ မြစ်နှင့်ဝေးပြီး မိကျောင်းများမရှိနိုင်သော စိုင်းတင်ချောင်းသို့ ပြောင်းရွေ့ကာ ထီးနန်းစိုးစံကြလေသည်။
တစ်နေ့သောအခါ မိဖုရားက မည်သည့်အတွက်ကြောင့် ဤနေရာသို့ ပြောင်းရွေ့လာရပါသနည်းဟုဘုရင်ကြီးအား မေးမြန်းသည်။ ဘုရင်ကြီးက အကြောင်းစုံကို ပြောပြလိုက်လေသည်။ ထိုအခါမိဖုရား၏စိတ်၌ မိကျောင်းကို မြင်ဖူးချင်လာ၍ ဘုရင်ကြီးအား မိကျောင်းရုပ်ထုတစ်ခုလုပ်ပြရန် တောင်းဆိုလေသည်။ မင်းကြီး လည်း မိဖုရားကို အသက်လောက် ချစ်သောကြောင့်မိကျောင်းရုပ်ထုပြုလုပ်ရန် မူးမတ်များအား မိန့်ကြားသည်။ မိကျောင်းရုပ်ထု ပြုလုပ်ပြီးစီးသောအခါမင်း၊မိဖုရားနှင့် မူးမတ်အရံတို့သည် မိကျောင်းရုပ်ထုကို သွားကြည့်ကြ လေသည်။
မိဖုရားသည်ကျောက်တုံးများနှင့်ပြုလုပ်ထားသော ကျောက်မဏ္ဍပ်ထဲမှ ကြည့်ရှု၍ အားမရသော ကြောင့် မိကျောင်းကိုကိုင်ကြည့်ရန် အနီးသို့ ကပ်သွားလေသည်။
ထိုအခါ မိကျောင်းရုပ်ထုသည် ချက်ချင်းအသက်ဝင်လာပြီး မိဖုရားကို ကိုက်ချီကာ ရေထဲသို့ ဆင်းပြေးလေသည်။ ဘုရင်ကြီးသည် ကိုင်ထားသော သန်လျက်ဓါးဖြင့် မိကျောင်းကိုလိုက်ခုတ်လေသည်။ မင်းကြီး၏ သန်လျက်ဓါးချက်သည် အလွန်ပြင်းထန်သောကြောင့် မိကျောင်းမှာ အပိုင်းပိုင်းပြတ်ပြီး သေပွဲဝင်ရလေသည်။ သို့သော်လည်း မိဖုရား၏ အသက်ကိုကား မရလိုက်တော့ချေ။
မင်းကြီး၏ဓါးချက်များကြောင့် မိကျောင်းတစ် ကောင်တည်း သေဆုံးခြင်းမဟုတ်ဘဲရေအောက်ထဲတွင်ရှိသည့် ခရုငယ်များမှာလည်း ဖင်အဖျားများ ပြတ်ထွက် ခဲ့ရလေသည်။ ထိုအချိန်မှစ၍ မိဖုရားသည် စိုင်းတင်ကိုပိုင်စိုးသော စိုင်းတင်ရှင်မနတ် ဖြစ်ရလေသည်။
ဤကားစိုင်းတင်ဒေသ၌ ကြားရသော စိုင်းတင်၏ ဒဏ္ဍာရီဝတ္ထုတစ်ပုဒ်ပင် ဖြစ်ပါသည်။ ဤဒဏ္ဍာရီ၌မူကွဲများလည်း ရှိသည်။ ပါးစပ်နှင့် လက်ဆင့်ကမ်းလာခြင်းဖြစ်သည့်အတွက် မူကွဲများရှိခြင်း ဖြစ်သည်။သို့သော် ဤဒဏ္ဍာရီနှင့် ဆက်စပ်သော ရုပ်ဝတ္ထုများကို စိုင်းတင်ရေတံခွန်၏ အထက်ဘက်တွင်တွေ့ရှိရလေသည်။ စိုင်းတင်၌ ဖင်ပြတ်နေသော ခရုငယ်များကိုလည်း တွေ့နိုင်သည်။ ဒဏ္ဍာရီလာကျောက်မဏ္ဍပ်အပြိုနှင့် ကျောက်ရုပ်ထုတစ်ခုလည်း ရှိခဲ့သည်။ ယခုအခါ ထိုရုပ်ကြွင်းများမှာ ပျက်စီး ပျောက်ကွယ်သွားပြီဟု သိရှိရပါ သည်။
ပြောင်းလဲလာသော စိုင်းတင်ရေတံခွန်
လွန်ခဲ့သည့် ဆယ်စုနှစ်ကျော်လောက်တွင် စိုင်းတင်ရေတံခွန်ကြီးမှ ရေအားလျှပ်စစ် ထုတ်လုပ်မည်ဆိုပြီး စီမံကိန်းတစ်ခု ပြုလုပ်ခဲ့ကြပါသည်။ ထိုစီမံကိန်းကြောင့် ကျောက်ဆောင်ကျောက်သားများ ဖြိုခွဲခံခဲ့ရသည်။ သဘာဝသစ်ပင် ၊ ဝါးပင်များကို ခုတ်ထွင်ရှင်းလင်းပြီး စမ်းသပ်မှုများ ပြုလုပ်ခဲ့ကြသည်။ သို့သော် ထိုစီမံကိန်း မအောင်မြင်ခဲ့ချေ။
စိုင်းတင်၏ သဘာဝအနေအထားများ ပျက်စီးကျန်ခဲ့ပြီး အဆောက်အဦ အဟောင်းများသာ စိတ်ပျက်ဖွယ် ကြွင်းကျန်ခဲ့လေသည်။ ထိုစီမံကိန်းကြောင့် သဘာဝအလှတရားများ ပျက်စီးခဲ့ရသည်။
ယခုနောက်ပိုင်းတွင် တာဝန်သိတတ်သည့် ဒေသခံပြည်သူတို့၏ တန်ဖိုးထား ထိန်းသိမ်းလာခြင်းကြောင့် စိုင်းတင်ရေတံခွန်ကြီးသည် တစ်ဖန်ပြန်၍ နိုးထလာခဲ့လေသည်။
နှစ်စဉ် အလည်အပတ်လာရောက်သူ များသထက်များလာခဲ့သည်။ ၂၀၂၁ ခုနှစ်တွင် ညအိပ်အနားယူနိုင်သည့် တည်းခိုခန်းများပင် စီစဉ်နိုင်ခဲ့ကြ ပါသည်။ တောဆန်သည့် စားသောက်ဆိုင်ငယ်များ တိုးပွါးလာခဲ့သည်။ အယင်အချိန်အခါက မရရှိခဲ့ကြသော စိုင်းတင်ငါးကင် ၊ ကြက်ကင်များနှင့် ခေါင်ရည်များပင် ရရှိလာခဲ့သည်။
အကြိုအပို့ ကူတို့စက်လှေငယ်များ ကိုလည်း စနစ်တကျ စီစဉ်နိုင်ခဲ့ကြသည်။သို့ဖြစ်၍စိုင်းတင်ရေတံခွန်ကြီးကို ခရီးသွားပြည်သူတို့ ပို၍စိတ်ဝင် စားလာ ခဲ့ကြပါသည်။
ပြုပြင်ထိန်းသိမ်းစရာများ
ဤရေတံခွန်ကြီး၏ အလှတရားများသည် ရောက်ရှိလာသူတို့အား မပြန်ချင်လောက်အောင်ထိဆွဲဆောင်နိုင်လေသည်။ စိမ်းမြကြည်လင်နေသည့် ရေအိုင်များ ၊ ရေဖြူဆောင်းဆောင်းကျနေသည့်ရေတံခွန်ကြီးငယ်များ ၊ ညိုမြမြ ကျောက်ဆောင်ကျောက်သားကျောက်ဖျာများနှင့် သဘာဝ ဝါးတောများသည် စိုင်းတင်၏ အလှတရားကို ပို၍လှပစေပါသည်။ သို့ဖြစ်၍
ဤအလှတရားများအား မပျက်စီးစေရန် အားလုံး၌ တာဝန်ရှိလေသည်။ ဤသို့အလှတရားများအား အဓိက ဖျက်ဆီးခြင်းမှာ အမှိုက်သရိုက်များပင် ဖြစ်သည်။ အမှိုက်များကို ဖြစ်သလို စွန့်ပစ်ခြင်းသည် ပတ်ဝန်းကျင်၏ ဂေဟစနစ်များကိုလည်း ပျက်စီးစေပါသည်။ သို့ဖြစ်၍ ခရီးသွားပြည်သူတို့အနေဖြင့် အမှိုက်ကို စနစ်တကျစွန့်ပစ်ခြင်းဖြင့် စိုင်းတင်၏ အလှတရားကို ထိန်းသိမ်းရန် လိုအပ်ပါသည်။
နောက်ပြီး အိမ်သာများ စနစ်တကျ မရှိခြင်းသည်လည်း စိုင်းတင်၏ အလှတရားများကိုပျက်စီးစေလေသည်။ သို့ဖြစ်၍ ခရီးသွားရာသီချိန်ရောက်လျှင် ရေတံခွန်အောက်ဘက် နှင့် အထက်ဘက်ရှိ လူများစည်ကားတတ်သည့် နေရာများတွင် အများသုံးအိမ်သာများ ဆောက်လုပ်ထားရှိနိုင်လျှင် ပို၍ကောင်းပေမည်။
စိုင်းတင်ဒေသသည် ဘူးသီးတောင်မြို့နယ်အတွင်း ဖွံ့ဖြိုးတိုးတက်မှု နောက်ကျနေသည့် ဒေသတစ်ခုလည်းဖြစ်သည်။ သို့ဖြစ်၍ စိုင်တင်ရေတံခွန် ဝန်းကျင်၌ ဖုန်းလိုင်းမရရှိချေ။ ဖုန်းလိုင်း ၊ အင်တာနတ်လိုင်းသာ ရရှိမည် ဆိုလျှင် စိုင်းတင်ရေတံခွန်ကြီးသည် ပို၍ထင်ရှားပြီး ပို၍ ကမ္ဘာသိ ကျော်ကြားလာနိုင်သည်။
ရေတံခွန်ကြီးသို့ တိုက် ရိုက်ပို့ပေးနိုင်သော ခရီးသွားဝန်ဆောင်မှု ကုမ္ပဏီများ ရှိလာလျှင်လည်းပြည်တွင်းပြည်ပ ခရီးသွားများကို ပို၍ ဆွဲဆောင်နိုင်ပေမည်။ သို့ဖြစ်၍ ဒေသခံပြည်သူများဝင်ငွေတိုးပွားလာစေရန်အတွက် စိုင်းတင်ရေတံခွန်ကြီး နှင့် စိုင်းတင်ဒေသကို ခေတ်နှင့်အညီ ပြုပြင်ပြောင်းလဲရန် လိုအပ်ပါအုံးမည်။
စိုင်းတင်ရေတံခွန်သို့ သွားမည်ဆိုလျှင်
စိုင်းတင်ရေတံခွန်သို့ သွားမည်ဆိုလျှင် ပထမဦးစွာ ဘူးသီးတောင်မြို့သို့ လာရမည်။ ဘူးသီးတောင်မြို့သို့ မြို့တော်စစ်တွေမှ မယူမြစ်ကြောင်းအတိုင်း ရွှေပြည်တန်အမြန်ရေယာဉ်နှင့် လာရောက်နိုင်သည်။ အမြန်ရေယာဉ်ခ တစ်ဦးကို (၂၀၀၀၀ ကျပ်)ပေးရသည်။ စစ်တွေရေချမ်းပြင်ကမ်းမှ အငူမော်ဆိပ်ကမ်းသို့ ကူတို့ကူး၍ အငူမော်-ဘူးသီးတောင်ကားလမ်းအတိုင်းလည်း လာရောက်နိုင်ပါသည်။ ကားခမှာ တစ်ဦးလျှင် (၂၅၀၀၀ ကျပ်) ရှိပါသည်။
ဘူးသီးတောင်မြို့သို့ရောက်ရှိလျှင် ဘူးသီးတောင် - ရသေ့တောင်ကားလမ်းဘေးရှိ ဒုံးသိမ်ကျေးရွာအနီးတွင် တည်ရှိသည့် စိုင်းတင်ကူတို့ဆိပ်သို့ ကားများ ၊ သုံးဘီးဆိုင်ကယ်များဖြင့် သွားရမည်။ သုံးဘီခတစ်ဦးလျှင် အသွားအပြန် (၄၀၀၀ ကျပ်) ခန့်ရှိသည်။ ထိုနေရာသည် ဘူးသီးတောင်မြို့နှင့် (၇) မိုင်ခန့်ဝေးသည်။ ဒုံးသိမ်ကျေးရွာသည် ရှေးဟောင်းသမိုင်းဝင် ဒုံးသိမ်ပုထိုးတော်ကြီး တည်ရှိသည့်နေရာလည်းဖြစ်သည်။ ဒုံးသိမ်ပုထိုးတော်ကြီးသည် ရခိုင်ပြည်နယ်၏ ထင်ရှားသည့် ပုထိုးတော်ကြီး တစ်ဆူ ဖြစ်သည်။
စိုင်းတင်ကူတို့ဆိပ်မှနေ၍ ကူတို့လောင်းစက်လှေငယ်ဖြင့် စိုင်းတင်ရေတံခွန်ကြီးဆီသို့ တစ်နာရီခန့် သွားရလေသည်။ ကူတို့ခအဖြစ် တစ်ဦးလျှင် အသွားအပြန်အတွက် (၄၀၀၀ ကျပ်) ပေးရသည်။ ထိုသို့သွား သောအခါ စိုင်းတင်တောင်တန်း၏ အလှတရားများကိုလည်း တဝကြီးခံစားနိုင်မည်။ စိုင်းတင်ရေတံခွန်သို့ ရောက်ရှိသောအခါ ရေတံခွန်၏ အထက်ဘက်ရှိ ချောင်းငယ်ကိုဖြတ်ပြီး ကျောက်ဆောင် ၊ ကျောက်ဖျာများနှင့် လှပနေသည့် စစ်ချောင်း နှင့် ရီးချောင်း ဆုံရာသို့ သွားနိုင်သည်။ ထိုနေရာသည် ခရီးသွားပြည်သူများ အများဆုံးရောက်ရှိသည့် နေရာလည်းဖြစ်သည်။ ထိုနေရာသို့ ရောက်ရှိရန် ကူတို့ခ အသွားအပြန် (၂၀၀၀ ကျပ်) ပေးရသည်။ ထိုနေရာတွင် ကြက်ကင် ၊ ငါးကင် ၊ ခေါင်ရည် နှင့် အဖျော်ယာမကာရည်တို့ကို ရရှိနိုင်သည့် ဆိုင်ငယ်များလည်း ရှိလေသည်။
စိုင်းတင်သည် သဘာဝအလှတရားများနှင့် ပြည့်နှက်နေသည့် ရခိုင်ပြည်၏ အဖိုးတန်ဒေသ တစ်ခုဖြစ်သည်။ စိုင်းတင် ရေတံခွန်ကြီး၏ အထက်ဘက် တောတန်းတွင် စိုင်းတင်ရေတံခွန်ကြီးထက် လှပသည့် ရေတံခွန်များလည်း များစွာ ရှိသေးသည်။ စိုင်းတင်သည် ဒေသခံပြည်သူတို့အတွက် သစ်ပင် ၊ ဝါးပင်များနှင့် သဘာဝဆေးဖက်ဝင် အပင်များကို ပေးစွမ်းနေသည့်အပြင် ယခုအခါ ခရီးသွားပြည်သူများစွာကိုလည်း ပျော်ရွှင်မှုများ ပေးလျှက်ရှိနေ လေသည်။
ခေတ်မီပြုပြင်ပြောင်းလဲမှုများ ရှိလာလျှင် ပြည်တွင်းပြည်ပ ခရီးသွားပြည်သူများနှင့် အလွန့်အလွန်စည်ကားသည့် နေရာတစ်ခုလည်း ဖြစ်လာနိုင်ပါသည်။
မောင်မေယု(ဘူးသီးတောင်)