ရခိုင်ပြည်အတွင်းတွင် အလုပ်အကိုင်ရှားပါးမှုများနှင့် ဒေသမတည်ငြိမ်မှုတို့ကြောင့် ဒေသခံများမှာ ပြည်ပထွက်ခွာပြီး အလုပ်အကိုင်အခွင့်အလမ်း ရှာဖွေနေကြသည်မှာ ယခုနှစ်တွင်လည်း ဆက်လက်မြင့်တက်လျက်ရှိကြောင်း သိရသည်။
နဂိုကတည်းက အလုပ်အကိုင်ရှားပါးနေသည့် ရခိုင်ဒေသတွင် စစ်ရေးပဋိပက္ခများကြောင့် ပြည်သူများ ပိုမိုကျပ်တည်းလာကြပြီး ထွက်ပေါက်တစ်ခုအနေဖြင့် ပြည်ပထွက်ခွာမှု ပိုမိုများပြားလာနေရသည်ဟု အလုပ်သမားအရေးဆောင်ရွက်နေသည့် ရန်ကုန်အခြေစိုက် ရခိုင်အမျိုးသားကွန်ရက် ဥက္ကဌ ဦးတင်ထူးအောင်ကပြောသည်။
“အဓိက ပြည်ပကိုထွက်ခွာရတဲ့အကြောင်းရင်းကတော့ ဒီနိုင်ငံမှာ လုံခြုံစိတ်ချရတဲ့ သက်မွေးဝမ်းကျောင်း အလုပ်အကိုင်နဲ့ ဖူလုံတဲ့ စားဝတ်နေရေးကို အာမခံချက်ပေးနိုင်တဲ့ လစာ၊ အခွင့်အလမ်း၊ အကျိုးစီးပွား မရှိလို့ပဲပေါ့”ဟု ၎င်းကဆိုသည်။
မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ နှစ်ဖက်စစ်ရေးတင်းမာနေချိန်တွင် မြန်မာစစ်တပ်မှ ဒေသခံများကို သံသယနှင့် ဖမ်းဆီးခြင်း၊ လက်နက်ကြီးကျရောက်မှုများကြောင့် အသက်အန္တရာယ် မလုံခြုံမှုကိုခံစားလာရခြင်းအပါအဝင် စားဝတ်နေရေး ကျပ်တည်းမှုနှင့် အလုပ်အကိုင်ရှားပါးမှု ပြဿနာများကြောင့် ရခိုင်ဒေသခံများမှာ ပြည်ပထွက်ခွာရန် ပိုမိုရွေးချယ် လာကြကြောင်းလည်း သုံးသပ်မှုများရှိသည်။
မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ကုန်ဈေးနှုန်းများ အဆမတန်မြင့်တက်လာသောကြောင့်လည်း ရခိုင်ဒေသခံများမှာ ဘဝရပ်တည်ရေးအတွက် အလုပ်အကိုင်များရှာဖွေရန် ပြည်ပနိုင်ငံများသို့ ထွက်ခွာနေကြရသည်ဟု မလေးရှားနိုင်ငံသို့သွားရောက် အလုပ်လုပ်ကိုင်ရန်စီစဉ်နေသည့် ရသေ့တောင်မြို့နယ်မှ ဒေသခံအမျိုးသမီးတစ်ဦးကပြောသည်။
“ဒီမှာအလုပ်အကိုင်က အဆင်မပြေဘူး။ လုပ်မယ့်အလုပ်ကို မရှိတာ။ အလုပ်မရှိတော့ ကိုယ့်မိသားစုအတွက် ဘယ်လိုမှ အဆင်မပြေနိုင်ဘူး။ အဲဒီကိုရောက်ရင်တော့ အဆင်ပြေ၊ မပြေကို သိရမှာပေါ့”ဟု ရသေ့တောင်မြို့နယ်၊ ပေါက်တောပြင်ကျေးရွာမှ အမျိုးသမီးတစ်ဦးကဆိုသည်။
ယခင်က ရခိုင်ပြည်သူများမှာ ရန်ကုန်မြို့ရှိ စက်ရုံ၊ အလုပ်ရုံများတွင် သွားရောက်လုပ်ကိုင်ခဲ့ကြသော်လည်း အာဏာသိမ်းမှု ဖြစ်ပြီးနောက် နိုင်ငံရေးမတည်ငြိမ်မှုများကြောင့် စက်ရုံများမှ အလုပ်သမားဦးရေလျော့ချခြင်း၊ စက်ရုံအချို့ ပိတ်သိမ်းသွားခြင်းတို့ကြောင့် အလုပ်အကိုင်များ ပိုမိုရှားပါးခဲ့ရသည်။
လက်ရှိ ပြည်ပနိုင်ငံများသို့ ထွက်ခွာနေသူများမှာ အိမ်ခြံမြေနှင့် လယ်ယာမြေများကို ပေါင်နှံရောင်းချကာ သွားရောက်နေကြကာ အချို့မှာလည်း ပြည်ပထွက်ခွာမည့်ငွေကို အတိုးနှင့်ချေးကာ သွားရောက်နေကြကြောင်း သိရသည်။
“အိမ်တွေလည်း ပေါင်ရတယ်။ လယ်တွေလည်းပေါင်ရတယ်။ အဲလိုအခက်ခဲတွေအများကြီးပဲ။ passport ဒီမှာလုပ်တယ်။ ပိုက်ဆံက ခြောက်သိန်း/ခုနှစ်သိန်းလောက် သွင်းရတယ်။ နောက်ပြီး မလေးကိုရောက်ရင် အဲဒီမှာလစာက သုံးလစာဖြတ်မယ်”ဟု အစိုးရအသိအမှတ်ပြု ပြည်ပအလုပ်အကိုင်ရှာဖွေရေးကုမ္ပဏီတစ်ခုတွင် လုပ်ကိုင်နေသည့် ဦးအောင်ခိုင်(အမည်လွဲ)က ပြောသည်။
ရခိုင်ပြည်အတွင်းမှ ပြည်ပနိုင်ငံများသို့ တရားဝင်လမ်းကြောင်းမှ ထွက်ခွာသူဦးရေမှာ ယခု ၂၀၂၂ ခုနှစ်အတွင်း လူဦးရေစုစုပေါင်း သုံးသောင်းကျော်ရှိခဲ့ကြောင်း အလုပ်သမားအရေးနှင့်ပတ်သက်ပြီး ကူညီဆောင်ရွက်ပေးနေသည့် အဖွဲ့အစည်းများ၏ စာရင်းအရ သိရသည်။
ရခိုင်ဒေသခံများ နေစဉ်နှင့်အမျှ ပြည်ပထွက်ခွာနေခြင်းမှာ လူ့စွမ်းအားအရင်းအမြစ်များ နေ့စဉ်ဆုံးရှုံးနေရခြင်းဖြစ်ပြီး ပြည်တွင်းတွင် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ပေါ်ထွန်းလာနိုင်ပါက ပြည်ပထွက်ခွာမှုများကို လျော့ချလာနိုင်မည်ဖြစ်သည်ဟု ရခိုင်ဝါရင့်စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သည့် ဦးခင်မောင်ကြီးကသုံးသပ်သည်။
“ရခိုင်ပြည်ထဲမှာ အလုပ်အကိုင်ဖန်တီးမှုတွေ အားနည်းတဲ့အတွက် အပြင်ထွက်ပြီးတော့ အလုပ်လုပ်ရတဲ့ အခြေအနေတွေဖြစ်နေတော့ မလေးရှားတို့၊ ထိုင်းတို့ကို ထွက်ပြီးအလုပ်လုပ်နေရတာတွေရှိတယ်။ ဒါတွေက တစ်ဖက်မှာ ကောင်းသလိုလိုရှိပေမယ့် တိုင်းပြည်အတွက်၊ ရခိုင်ပြည်အတွက် ဒါကဆုံးရှုံးမှုတစ်ခုလို့ပြောရမယ်” ၎င်းကဆိုသည်။
ရခိုင်ပြည်အတွင်းမှ ပြည်ပထွက်ခွာသူများမှာ မလေးရှား၊ ထိုင်းနှင့် တရုတ်နိုင်ငံများသို့ အဓိကသွားရောက် အလုပ်လုပ်ကိုင် နေရခြင်းဖြစ်ပြီး ထိုသို့ပြည်ပထွက်ခွာရာတွင် တရားဝင်လမ်းကြောင်းထက် တရားမဝင်လမ်းကြောင်းမှ သွားရောက်မှု ပိုများသည်။
ယင်းသို့ တရားမဝင်လမ်းကြောင်းမှ သွားရောက်ရာတွင် ဖမ်းဆီးခံရပြီး နေရပ်ပြန်ပို့ခံရသူများရှိသော်လည်း အခက်အခဲ အမျိုးမျိုးကြားမှ သွားရောက်နေကြကာ အချို့မှာ လမ်းခရီးတွင် အသက်ဆုံးရှုံးရမှုများလည်း ရှိနေသည်။