ပဏာမ
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်၊ စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံရေး မတည်ငြိမ်မှုများ ဖြစ်ပွားကာ တည်ဆောက်နေဆဲ ငြိမ်းချမ်းရေး အဆောက်အဦးလည်း ပြိုလဲပျက်စီးခဲ့ရသည်။ အထူးသဖြင့်
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ(EAOs) ကြားတွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်(NCA)အပေါ် ရှုမြင်သည့် သဘောထားအမြင်များ ကွဲလွဲသည်။ တဖက်တွင်လည်း တော်လှန်ရေး အင်အားစုသစ်များ ပေါ်ပေါက်လာသည့် အခြေအနေတွင် စစ်ကောင်စီက ၎င်းတို့အား အကြမ်းဖက်အဖွဲ့ဟု သတ်မှတ်၍ အမြစ်ပြတ်ချေမှုန်းရန် လုံးပမ်းနေရသည်။ ဤအချိန်တွင် ရှိရင်းစွဲ (EAOs)များကို အချိုသတ်သည့် နည်းလမ်းဖြင့် ထိန်းထားရန် လိုအပ်လာသည်။ ထို့ကြောင့် ငြိမ်းချမ်းရေး အကြောင်းပြကာ နေပြည်တော်တွင် (EAOs) အချို့အား မက်လုံးပေး၍ ဆွေးနွေးပွဲပြုလုပ်တော့သည်။ ၇၅ နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားတွင် စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထာဝရငြိမ်းချမ်းရေးရရှိရေးဟု ဆိုကာ တဖက်သတ် အပစ်အခတ် ရပ်စဲထားကြောင်းနှင့် ကြိုတင်ကန့်သတ်ချက် မထားသည့် ဆွေးနွေးပွဲကို ဖိတ်ကြားခဲ့ရာမှ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအသီးသီး၏ ရပ်တည်ချက်ပုံစံအမျိုးမျိုးနှင့် အကွဲအပြဲဇာတ်လမ်းများ တဖန်ပြန်လည်ဖြစ်ပွားခဲ့ရသည်။
ငြိမ်းချမ်းရေးဆွေးနွေးပွဲမှ နိုင်ငံရေးချောက်နက်သို့
စစ်ကောင်စီ၏ ၂၀၂၂ ခုနှစ်အတွင်း ငြိမ်းချမ်းရေးဖိတ်ခေါ်ပွဲကို တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) ရေးထိုးထားသော (EAOs) အဖွဲ့ (၇)ဖွဲ့ နှင့် (NCA) မထိုးရသေးသော မြောက်ပိုင်း (EAOs) အဖွဲ့ (၃) ဖွဲ့ စုစုပေါင်း (၁၀) ဖွဲ့တို့က တက်ရောက်ဆွေးနွေးခဲ့သည်။
မပြီးပြတ်သေးသော ကိစ္စရပ်များအတွက် ဆက်လက်ဆွေးနွေးနေဆဲ ဖြစ်သည်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲသည် နှစ်ဦးနှစ်ဖက် စားပွဲဝိုင်းပေါ်တွင် ပဋိပက္ခဖြေရှင်းသည့် ဆုံမှတ်ဖြစ်သည်။ ထို့ကြောင့် ပဋိပက္ခဖြစ်ပွားသည့်အဖွဲ့တို့ နှစ်ဦးနှစ်ဖက် မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးမည်ဆိုပါက ကောင်းသည့်အဖြေ မထွက်သည့်တိုင် ယုတ္တိရှိသည်ဟု ဆိုနိုင်သေးသည်။ သို့သော်လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဖိတ်ခေါ်သည့် ဆွေးနွေးပွဲကို တက်ရောက်သည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ(EAOs)ကို ကြည့်လိုက်သည့်အခါ လက်ရှိအချိန်တွင် စစ်ကောင်စီတပ်နှင့် စစ်ရေးပဋိပက္ခဖြစ်ပွားမှု မရှိသည်ကို တွေ့ရသည်။ ပဋိပက္ခဖြေရှင်းပွဲကိုပဋိပက္ခဖြစ်ပွားသည့် နှစ်ဖက်အဖွဲ့များက မတက်ရောက်ကြဘဲ စစ်ရေးပဋိပက္ခဖြစ်ပွားမှု မရှိသည့် အဖွဲ့တို့အချင်းချင်း မြိုင်မြိုင်ဆိုင်ဆိုင် တက်ရောက်နေကြသည်ကို ကြည့်ခြင်းအားဖြင့် စစ်ကောင်စီ ပြုလုပ်ခဲ့သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ မြန်မာနိုင်ငံ၏ လက်ရှိမြေပြင်တွင် ဖြစ်ပွားနေသည့် ပြဿနာကို မည်သို့မျှ ဖြေရှင်းနိုင်မည်မဟုတ်ကြောင်း ပြောဆိုနိုင်သည်။
စစ်ကောင်စီနှင့် အဆိုပါ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တို့ကြားတွင် မည်ကဲ့သို့သောသဘောတူညီမှုများ ရရှိခဲ့ပါသနည်း။ သတင်းထုတ်ပြန်ချက်များကို ကြည့်လိုက်သည့်အခါ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရန် ယေဘုယျသဘောဆန်သည့် အခြေခံမူသာ ဖြစ်နေသည်။
ဤသဘောတူညီမှုမှာ ၂၁ ရာစု ပင်လုံညီလာခံတွင် ချမှတ်ခဲ့ပြီး ဖြစ်သည်။ ယခုဆွေးနွေးပွဲတွင် အပိုဆောင်းအနေဖြင့် တိုင်းရင်းသားအဖွဲ့တို့ကို နှစ်သိမ့်၍ မုန့်ဖိုးအနည်းငယ်ပိုပေးမည့် သဘောထက် မပိုနိုင်ပါ။ ထူးခြား၍ တိကျသေချာသည့် ရလဒ်များ ထွက်ပေါ်ခဲ့ခြင်းမရှိပေ။ တိုင်းရင်းသားများ၏ ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် မည်သည့် အာမခံချက်မျှ မပါရှိပါ။
သတိပြုမိသည်မှာ စစ်ကောင်စီဘက်မှ လာမည့် ၂၀၂၃ တွင် ရွေးကောက်ပွဲ ကျင်းပ၍ တရားဝင်မှု ပြန်လည်ရရှိအောင် တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်တို့ကို စည်းရုံး သိမ်းသွင်းနေသည်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် ၎င်းတို့ ပြုလုပ်မည့် ရွေးကောက်ပွဲ အကြောင်းကို တွင်တွင်ကျယ်ကျယ် ပြောဆိုခဲ့သည်ကို ကြည့်၍ သိရှိနိုင်သည်။ ရွေးကောက်ပွဲသာ ပြုလုပ်နိုင်ခဲ့ပါက ယခု နစက စစ်ကောင်စီသည် ကောင်းမွန်သည့် နိုင်ငံရေးထွက်ပေါက်တခုကို ရရှိသွားပေလိမ့်မည်။ ထိုအခါ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်တွင် အလိုလို ပြန်လည်ရောက်ရှိသွားနိုင်သည်။
မိမိတို့အခွင့်အရေးလိုချင်၍ တက်ရောက်သည့် ဆွေးနွေးပွဲများသည် ဖက်စစ်စစ်တပ် စစ်ကောင်စီအား တရားဝင်မှုအဖြစ် ဆက်လက်ရပ်တည်ရန် အထောက်အပံ့ကောင်း ဖြစ်နေကြောင်း၊ စစ်ကောင်စီ၏ နိုင်ငံရေး ချောက်နက်ထဲသို့ မခုန်ဆင်းသင့်ကြောင်းကို တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်အချို့ အတွက် သတိပေးခေါင်းလောင်း ထိုးပေးလိုက်သည်။
ငြိမ်းချမ်းရေးမအောင်မြင်ရသည့် အကြောင်းရင်း မြန်မာပြည် အစိုးရအဆက်ဆက်က ငြိမ်ချမ်းရေးဆွေးနွေးပွဲ ပြုလုပ်လာခဲ့သည်မှာ အကြိမ်ပေါင်းမနည်းတော့ပါ။ သို့သော်လည်း ယခုအချိန်ထိ အောင်မြင်မှု မရရှိသေးပေ။ အဘယ့်ကြောင့်နည်း။
ယခုနှစ်အတွင်း စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ကြည့်လိုက်သည့်အခါ ပထမ အချက်အနေဖြင့် ပါဝင်သင့်ပါဝင်ထိုက်သည့် (Stake Holders)အဖွဲ့စုံ မပါဝင်ခဲ့ပါ။ အင်အားနှင့် အစဉ်အလာကြီးမားသော ကချင် လွတ်မြောက်ရေးအဖွဲ့ (KIO) နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) တို့ကို ကိုယ်စားပြုသည့် ကိုယ်စားလှယ်များ ပါဝင်မတက်ရောက်ခဲ့ပါ။ ယင်းအပြင် ပိုဆိုးသည်မှာ လက်တွေ့မြေပြင်တွင် အဓိကပဋိပက္ခ ဖြစ်ပွားနေသော ပြည်သူ့/ဒေသကာကွယ်ရေးတပ် (PDFs/LDFs) များကို အကြမ်းဖက်အဖွဲ့ဟု သတ်မှတ်၍ ဆွေးနွေးပွဲတွင် ချန်လှပ်ထားခဲ့သည်။ ယင်းကဲ့သို့ ပြုလုပ်ခြင်းသည် တချိန်က ရက္ခိုင့်တပ်တော်(AA)ကို တဆင့်နှိမ့်၍ ဆက်ဆံခဲ့သည်ကို ပြန်၍ သတိရသင့်သည်။ ယခုအချိန်တွင် ပေါ်ပေါက်လာသော အင်အားစုအသစ်(New Players)များကို ထည့်သွင်းစဥ်းစားမှုမပြုဘဲ အမြစ်ပြတ်ချေမှုန်းရေး ကိုသာ အာရုံစိုက်နေပါက ယခုအင်အားစုအသစ်များသည်လည်း အင်အားကြီးထွားလာနိုင်ခြင်းကြောင့် နောင်တချိန်တွင် ပြဿနာ ဖြေရှင်းရန် ပိုမိုခက်ခဲသွားနိုင်သည်။
ဒုတိယအချက်မှာ ငြိမ်းချမ်းရေးပြုလုပ်သည့် ဆွေးနွေးပွဲတိုင်းတွင် တိုင်းရင်းသားများ၏ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို ပယ်ချပြီး တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များ၏ တည်ရှိမှုကိုပါ ငြင်းပယ်ခဲ့၍ ဖြစ်၏။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ လက်နက်ဆက်လက် ကိုင်ဆောင်လိုပါက တပ်မတော်နှင့် နယ်ခြားစောင့်တပ်တွင် ဝင်ရောက်တာဝန် ထမ်းဆောင်ခွင့် ပေးသွားမည်ဟု ဩဂုတ် ၂၂ ရက်က နေပြည်တော်တွင် ကျင်းပသည့် စစ်ကောင်စီခန့်ဝန်ကြီးများ အစည်းအဝေးတွင် အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောဆိုခဲ့သည်။ ယင်းပြောဆိုမှုသည် ငြိမ်းချမ်းရေးကို အကြောင်းပြ၍ ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် တည်ထောင်ထားသော တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များကို အပြီးတိုင် ဖျက်ဆီးလိုခြင်း ဖြစ်သည်။
၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၆ ရက်နေ့က စစ်ကောင်စီ ဖိတ်ခေါ်သည့် ဒုတိယအကြိမ် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင်လည်း ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) က အမျိုးသားတန်းတူရေးအတွက် ဗမာပြည်နယ်ဖွဲ့စည်းရေးကိစ္စရပ်ကို တင်ပြခဲ့ရာတွင်လည်း စစ်ခေါင်းဆောင်က ဗမာပြည်နယ် ဖွဲ့စည်းရေးတင်ပြချက်အပေါ် ငြင်းဆန်လိုက်သည်။
ဖက်ဒရယ်ပေးအပ်ရာတွင် ဖြစ်သင့်ဖြစ်ထိုက်သည့် ဖက်ဒရယ် အခွင့်အရေးများကိုသာ ပေးအပ်မည်ဟု ဆိုကာ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA)နှင့် (၂၀၀၈ခုနှစ်) ဖွဲ့စည်းပုံ အခြေခံ ဥပဒေဘောင်အတွင်းသာ ထပ်မံချုပ်ကိုင်လိုက်သည်။
စစ်ကောင်စီ၏ နိုင်ငံရေးထွက်ပေါက် ယခုအချိန်သည် ပြည်မတွင် အကြီးမားဆုံး အကြပ်အတည်း ဆိုက်နေသည့် အချိန်ကာလ ဖြစ်သည်။ ပြည်တွင်းပုန်ကန် ထကြွမှုအပြင် ပြည်ပ၏ ဝိုင်းကျဉ်မှုကိုပါ ခံနေရသော စစ်ကောင်စီက ရှေ့ဆက်ရပ်တည်နိုင်ရေးအတွက် ထွက်ပေါက်ပိတ်နေသည်။ သို့သော်လည်း ထိုအခက်အခဲကို ကျော်လွှားရန် ၎င်းတို့တွင် နည်းလမ်းများ ရှိနေနိုင်သည်။
နည်းလမ်းတစ်ခုကို ၂၀၂၂ ခုနှစ်အတွင်း ထုတ်သုံးခဲ့သည်။ ယင်းမှာ စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်တိုင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အားလုံး၏ ခေါင်းဆောင်နှင့် ကိုယ်တိုင်တွေ့ဆုံ၍ သူ့လက်ထက်တွင် ငြိမ်းချမ်းရေးရရှိအောင် ပြုလုပ်မည်ဟု ကြွေးကြော်သည်။ တရားဝင်အစိုးရအဖြစ် ယခုထိတိုင် အသိအမှတ်ပြု မခံရသေးသော စစ်ကောင်စီသည် နိုင်ငံရေးအရ ဘေးကျပ်နံကျပ် ဖြစ်နေသည်။ ထို့ကြောင့် အာဆီယံနှင့် နိုင်ငံတကာကို ပြသရန် တိုင်းရင်းသား လက်နက်ကိုင်အချို့နှင့် အားကြိုးမာန်တက် တွေ့ဆုံဆွေးနွေးပွဲများ ပြုလုပ်ကာ ကြိုးပမ်းခဲ့လေသည်။
စစ်ကောင်စီမှ ၎င်းတို့ ရွေးကောက်ပွဲပြုလုပ်ရန် နီးလာသည်နှင့်အမျှ အာဆီယံဘုံသဘောတူညီချက် (၅)ရပ်ကို အကောင်အထည်ဖော်ဟန် ပြုလုပ်ခြင်းလည်း ဖြစ်သည်။
နိုဝင်ဘာလ ၁၇ ရက်တွင် ကျရောက်သည့် ၁၀၂နှစ်မြောက် အမျိုးသားနေ့ကို ဂုဏ်ပြုသည်ဟုဆိုကာ လူသိများ ထင်ရှားသည့် နိုင်ငံရေး အကျဉ်းသားအချို့၊ သတင်းမီဒီယာသမားများနှင့် နိုင်ငံခြားသားအချို့ အပါအဝင် အကျဉ်းသား၊ အကျဉ်းသူ ၅၇၇၄ ဦးကို ဖမ်းဆီးထောင်ချထားရာမှ ပြန်လွှတ်ပေးလိုက်သည်။
ထိုကဲ့သို့ သဘောထားပျော့ပြောင်းလာသယောင် ဟန်ဆောင်ပြီးနောက် ၎င်းတို့ပြုလုပ်သည့် ရွေးကောက်ပွဲကို နိုင်ငံတကာက ထောက်ခံအောင် ပြုလုပ်ပေလိမ့်မည်။ ထိုမှတဆင့် နိုင်ငံရေးထွက်ပေါက်ရရှိမည်ဟု ၎င်းတို့ တွက်ဆထားသည်။ အထက်ပါနည်းလမ်း မအောင်မြင်ပါက စစ်ကောင်စီတွင် နောက်ဆုံးနည်းလမ်းတစ်ခု ရှိနေသေးသည်။ ယင်းမှာ ၎င်းတို့ ဖမ်းဆီး ထိန်းသိမ်းထားသည့် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေး၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီနှင့် ဆွေးနွေး၍ အဖြေရှာခြင်းမျိုး ဖြစ်နိုင်သည်။
ယခုအချိန်တွင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရုံမျှဖြင့် တော်လှန်ရေးအင်အားစုများက ဒီမိုကရေစီတိုက်ပွဲအတွက် ပေးဆပ်ထားသော အသက်သွေးချွေးအတွက် အလဲအလှယ်ပြုလုပ်မည် မဟုတ်ပေ။ ဆက်လက်ဆန့်ကျင်နေပေအုံးမည်။ တော်လှန်ရေးအင်အားစုများက မည်သို့ပင် လက်မခံသည်ဖြစ်စေ မြန်မာနိုင်ငံတွင်သာမက နိုင်ငံတကာ၌ပါ သြဇာညောင်းသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအရ အဆင်ပြေအောင် ညှိနှိုင်းနိုင်ခဲ့ပါက မြန်မာပြည်တွင် ကြီးမားသော အပြောင်းအလဲအချို့ ဖြစ်ပေါ်လာမည်မှာ အမှန်ပင် ဖြစ်သည်။
တိုင်းရင်းသားများအတွက် သင်ခန်းစာ အထက်တွင် ဖော်ပြခဲ့သော စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဖိတ်ခေါ်မှုသည် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအား မျက်စိလည်လမ်းမှားစေရန် ဝင်္ကပါထဲသို့ ဆွဲသွင်း၍ ၎င်းတို့ နိုင်ငံရေးထွက်ပေါက် ရရှိအောင် လုပ်ဆောင်ခြင်း ဖြစ်သည်။ စစ်ကောင်စီ၏ ကြိုးပမ်းမှု အောင်မြင်သည်ဖြစ်စေ၊ မအောင်မြင်သည်ဖြစ်စေ အနာဂတ်တွင် တိုင်းရင်းသားများအတွက် နိုင်ငံရေးရိုက်ခတ်မှုများ ကြုံတွေ့ရနိုင်သည်။
ခေတ်အဆက်ဆက် ပြည်မ/ဗမာအစိုးရ၏ အပစ်ရပ် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် ပါဝင်ရာမှ အင်အားချိနဲ့သွားကာ ပြိုကွဲသွားသည့် အဖွဲ့များ ရှိသလို နယ်ခြားစောင့်တပ်/လက်အောက်ခံတပ်အဖြစ် အသွင်ပြောင်း သွားရသော အဖွဲ့များလည်း ရှိသည်။ တချို့က မိမိတို့ အခွင့်အလမ်းကို အမိအရ ဆုပ်ကိုင်နိုင်သည့် ဝ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA)ကဲ့သို့ အဖွဲ့တို့လည်း ရှိ၏။
သို့သော်လည်း တိုင်းရင်းသားပြဿနာနှင့် ပတ်သက်၍ စစ်တပ်သည် အခြေခံအားဖြင့် မှန်ကန်စွာ မဖြေရှင်းနိုင်ဟု ယူဆသဖြင့် ရှေ့က အဖွဲ့အစည်းများ ပြိုကွဲသွားရာမှ အသစ်ပြန်လည် တည်ဆောက်၍ အားကောင်းလာသော ရက္ခိုင့်တပ်တော် (AA) နှင့် တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) ကဲ့သို့ အဖွဲ့သစ်များ ပေါ်ထွက်လာသည်လည်း ရှိသည်။
သို့ဖြင့် နှစ်ပေါင်း ရှည်ကြာစွာ အပစ်ရပ်ကာ ငြိမ်းချမ်းရေးဆွေးနွေးပွဲတလှည့် စစ်တိုက်ကာတဖန်ဝင်္ကပါထဲ ပတ်နေသလို ဖြတ်သန်းပြီးနောက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအနေနှင့် မိမိတို့ အင်အားကို ကောင်းစွာ တည်ဆောက်ရန် လိုသည်။ အင်အားမရှိပါက အဖွဲ့အစည်း ပျက်သွားနိုင်သည်ကို လည်းကောင်း၊ မိမိတို့အား နည်းမျိုးစုံနှင့် စစ်တပ်က ဖြိုခွဲရန် ကြိုးစားသည်ကိုလည်းကောင်း၊ ပြည်မတွင် အကြပ်အတည်းရှိချိန်၌ တိုင်းရင်းသားအဖွဲ့များအား အလျှော့ပေး ဆက်ဆံသော်လည်း ပြည်မတွင် အခြေအနေ ကောင်းပါက မိမိတို့ တိုင်းရင်းသားအဖွဲ့များကို ပြန်လည်ချုပ်ကိုင်၍ နှိပ်ကွပ်ရန် ကြံစည်လုပ်ဆောင်သည်ကို တိုင်းရင်းသားအဖွဲ့များက ယခုအချိန်တွင် ကောင်းစွာသဘောပေါက်ရန် လိုအပ်သည်။
တစ်ဖွဲ့ချင်းစီနှင့် ဆွေးနွေးပြီးနောက် သဘောတူညီချက်လက်မှတ်များ ရေးထိုးခဲ့ကြသော်လည်း မည်သည့်အချက်များ ပါရှိသည်ကို အသေးစိတ် မသိရှိရပါ။ ပွင့်လင်းမြင်သာမှုမရှိပါ။ အင်အားကြီးသည့် အဖွဲ့အား ဆက်ဆံသည့် ပုံစံနှင့် အင်အားမရှိသော အဖွဲ့တို့ကိုဆက်ဆံဆွေးနွေးပုံချင်းလည်း မတူညီနေပါ။ Gentleman Agreement ပုံစံမျိုး ဖြစ်နေခြင်းကြောင့် အတိတ်က သင်ခန်းစာများ မမေ့ရန် လိုအပ်သည်။ စစ်ကောင်စီ၏ ပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက လက်ရှိသဘောတူ ထားသည့် (၂) ဖက် သဘောတူညီချက်များသည် ရွေးကောက်ပွဲကျင်းပပြီးနောက်တွင် အကောင်အထည် ပေါ်လာနိုင်ကြောင်း ဆိုသည်။ ခိုင်မာသည့် အာမခံချက် မရှိပါ။ လူ့အခွင့်အရေးရှေ့နေ ဦးအောင်ထူးကမူ စစ်ကောင်စီ အာဏာယူထားသည့်ကာလတွင် ရရှိသည့် မည်သည့် သဘောတူညီမှုမဆို နိုင်ငံတကာဥပဒေအရ တရားမဝင်ကြောင်းပြောသည်။
မည်သို့ပင်ဆိုစေကာမူ စစ်ကောင်စီဘက်မှ ခြေလှမ်းများသည် ၂၀၀၈ အခြေခံဥပဒေအောက်ကိုသာ ပြန်လည်သွတ်သွင်းနေခြင်းကြောင့် ဖက်ဒရယ်ပြည်ထောင်စုစစ်စစ် တည်ဆောက်ရန် မည်သို့မျှ မဖြစ်နိုင်ပေ။
အက်ကွဲကြောင်းပေါ်လာသော အပစ်ရပ်အဖွဲ့များ သို့မဟုတ် PPST မြန်မာနိုင်ငံတွင် စစ်ဘောင်ကျယ်လာသည်နှင့်အတူ တဖက်တွင်လည်း နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့်သာ အဖြေရှာရမည်ဟုဆိုသော တွေ့ဆုံဆွေးနွေးရေးအသံကလည်း ဆူညံနေသည်။
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် (NCA) လက်မှတ်ထိုးထားသည့် EAOs ၅ ဖွဲ့နှင့် ဒုဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်သော အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC) တို့ နေပြည်တော်တွင် ထပ်ခါတလဲလဲ တွေ့ဆုံဆွေးနွေးခဲ့သည်။ မည်သည့်အဖွဲ့ကို မည်ကဲ့သို့သော အခွင့်အရေးပေးအပ်၍ သဘော တူညီချက်များ ရရှိခဲ့သည်ကို မသိရှိသော်လည်း အပစ်ရပ်အဖွဲ့များ (၁၀)ဖွဲ့ ရှိသည့်အထဲတွင် ယင်းဆွေးနွေးပွဲ တက်ရောက်သည့် အဖွဲ့(၅)ဖွဲ့သည် စစ်ကောင်စီအား ထောက်ခံကြောင်း ပြသနေခြင်း ဖြစ်သည်။ ကျန်အဖွဲ့(၅)ဖွဲ့က စစ်ကောင်စီကို အယုံအကြည် မရှိတော့၍ မတက်ရောက်ခဲ့ကြောင်း အကြမ်းအားဖြင့် ယူဆနိုင်သည်။
NCAလက်မှတ်ရေးထိုးထားသည့် အဖွဲ့ဝင်များအတွင်းတွင် သဘောထားကွဲလွဲနေသည်ဟု ပြောဆိုရပေမည်။ အထက်ပါ တင်ပြချက်အပြင် နောက်အချက်ကား PPST၏ ဦးဆောင်မှုအခန်းကဏ္ဍ အပြောင်းအလဲနှင့် အဖွဲ့ဝင်များ၏ ပါဝင်ပတ်သက်မှုပင် ဖြစ်သည်။ မတ်လ ၂၉ ရက်မှ ဧပြီလ ၃ ရက်နေ့အတွင်း (NCA-S EAO) တို့၏ စတုတ္ထအကြိမ် ထိပ်သီးခေါင်းဆောင်များ ညီလာခံကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ကျင်းပခဲ့ပြီး (PPST) ဟု ခေါ်သော ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ကို အသစ်ပြန်ဖွဲ့လိုက်သလို ဦးဆောင်မှုကော်မတီသစ်ကိုလည်း ပြန်လည်ဖွဲ့စည်းလိုက်သည်။ လက်ရှိနိုင်ငံရေး အကျပ်အတည်းပြေလည်ရေး PPST အနေဖြင့် NCA နိုင်ငံရေးရည်မှန်းချက် ၇ ရပ်ကို အခြေခံပြီး သက်ဆိုင်သူအားလုံးပါဝင်သည့် နိုင်ငံရေးဆွေးနွေးမှု ဖြစ်အောင် ဦးတည် ဆောင်ရွက်သွားမည်ဟု ဧပြီလ ၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ထူးခြားသည်မှာ PPSTအဖွဲ့ဝင်များဖြစ်သော KNU၊ CNF နှင့် RCSS တို့သည် PPST၏ ရပ်တည်ချက်နှင့် သွေဖည်သည့် လုပ်ဆောင်ချက်များ ရှိနေခြင်းကြောင့် PPSTမှ တရားဝင်နှုတ်ထွက်မှု မရှိသေးသည့်တိုင် PPSTနှင့် ရှေ့ဆက်ပူးပေါင်းဆောင်ရွက်ရန် အလားအလာ နည်းပါးလွန်းသည်။
ဤ(၃)ဖွဲ့ထဲတွင် KNUနှင့် RCSSတို့သည် တပ်အင်အားကြီးမားသလို နယ်မြေစိုးမိုးမှုလည်း ကျယ်ပြန့်သည်။ CNFသည်လည်း လက်ရှိအချိန်တွင် စစ်ကောင်စီတပ်နှင့် စစ်ရေးအရှိန် မြင့်တက်နေသည်။ ယင်းအဖွဲ့ဝင်များ နုတ်ထွက်သွားပါက PPSTတွင် ၇ ဖွဲ့သာ ကျန်တော့မည် ဖြစ်၍ စုဖွဲ့ထားသည့် အင်အားလည်း ချည့်နဲ့သွားမည်မှာ အမှန်ပင် ဖြစ်သည်။
နိုင်ငံရေးအခြေအနေများ ပြောင်းလဲမှုနှင့် စစ်ကောင်စီ၏ သွေးခွဲသပ်လျှိုမှုကြောင့် တိုင်းရင်းသား အစုအဖွဲ့တို့ ကွဲအက် ပျက်စီးရသည်မှာ တခါမျှမဟုတ်တော့ပေ။ စစ်ကောင်စီ၏ ကမ်းလှမ်းမှုကို တိုင်းရင်းသားခေါင်းဆောင်တို့က လေးနက်စွာ စဥ်းစားဆင်ခြင်သင့်သည်။ ထို့ကြောင့် PPSTသည်လည်း တချိန်က ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC) ကဲ့သို့ တဖြည်းဖြည်း မှေးမှိန်ပပျောက်သွားမည်ကို စိုးရိမ်စရာ ဖြစ်သည်။
တိုင်းရင်းသားခေါင်းဆောင်အချို့လည်း ဖက်ဆစ်စစ်တပ်နှင့်အတူ ကြံရာပါဖြစ် မြန်မာစစ်တပ်ခေါင်းဆောင်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EAOs) များကို နိဂုံးချုပ် အဆုံးသတ်လိုသည့် ဆန္ဒရှိသည်။ ပေါ်ပေါ်ထင်ထင်ပင် ထုတ်ဖော်ပြောဆို လာသည်။
EAOsများကလည်း အခြေခံအားဖြင့် ၎င်းတို့ လူမျိုးစုများအတွက် အမျိုးသားလွတ်မြောက်ရေး၊ တန်းတူရေးနှင့် ကိုယ်ပိုင် ပြဌာန်းခွင့် ရရှိအောင် လက်နက်ကိုင်၍ တော်လှန်တိုက်ပွဲ ဆင်နွှဲခဲ့ကြသည်။ သို့သော်လည်း ယခုအချိန်တွင် လက်နက်ကိုင်ထားခြင်းနှင့် ပတ်သက်၍ ပြောင်းလဲလာသည့် ရပ်တည်မှုများနှင့် EAOs ခေါင်းဆောင်အချို့အား မေးခွန်းထုတ်စရာများ ပေါ်ထွက်လာပြီ ဖြစ်သည်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ လက်နက် ဆက်လက်ကိုင်ဆောင်လိုပါက တပ်မတော်နှင့် နယ်ခြားစောင့်တပ်တွင် ဝင်ရောက်တာဝန် ထမ်းဆောင်ခွင့် ပေးသွားမည်ဟု ဩဂုတ် ၂၂ ရက်က နေပြည်တော်မှာ ကျင်းပသည့် စစ်ကောင်စီခန့် ဝန်ကြီးများနှင့် ပြည်နယ် နှင့် တိုင်း ဝန်ကြီးချုပ်များ တက်ရောက်သည့် အစည်းအဝေးမှာ အာဏာသိမ်း ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောဆိုခဲ့သည်။
ထိုကဲ့သို့ မင်းအောင်လှိုင်က ငြိမ်းချမ်းရေးအကြောင်းပြ၍ တိုင်းရင်းသားလူမျိုးစုများ၏ ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် တည်ထောင်ထားသော လက်နက်ကိုင်တပ်ဖွဲ့များအား အပြီးတိုင်ဖျက်ဆီးတော့မည့် အကြောင်းကို ပေါ်တင်ပြောဆိုနေသည့်တိုင် EAOs(၁၀)ဖွဲ့မှ ခေါင်းဆောင်များက မင်းအောင်လှိုင် ဖိတ်ခေါ်သည့် စစ်ကောင်စီနှင့် တွေ့ဆုံဆွေးနွေးပွဲများ ဆက်လက်ပြုလုပ်နေသေးသည်။
အထက်ပါတင်ပြချက်အတိုင်း EAOsများသည် မိမိတို့လူမျိုးစုများ အတွက် တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရန် လက်နက်ကိုင်တိုက်ပွဲဝင် ခဲ့ကြသော်လည်း ယခုအချိန်တွင် ၎င်းတို့ ရန်သူဖြစ်သည့် မြန်မာစစ်တပ်နှင့် နီးကပ်၍ ဆက်ဆံရေး ကောင်းမွန်နေသည့် အချက်ကားထူးခြားနေသည်။ စစ်စစ် မြန်မာစစ်တပ်ကို စုစုစည်းစည်းနှင့် ဖိတိုက်ရမည့် အချိန်အခါ ဖြစ်သည်။ စစ်ကောင်စီကို တရားဝင်မှုပေးအပ်သည့် သဘောဖြစ်စေသော ငြိမ်းချမ်းရေး ဆွေးနွေးပွဲ တက်ရောက်သည့် လုပ်ရပ်မျိုးကို ရှောင်ရှားသင့်ပေသည်။
ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် တိုက်ပွဲဝင်ရန် ရည်မှန်းထားသည့် မိမိတို့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များကို Disarmament, Demobilization and Reintegration (DDR) နည်းလမ်းဖြင့် နိဂုံးချုပ် အဆုံးသတ်ချင်နေသော စစ်ခေါင်းဆောင်ကို EAOsခေါင်းဆောင်များက အဘယ့်ကြောင့် စစ်ကောင်စီကို လက်ခံ၍ နေပြည်တော်တွင် ခဏခဏ သွားရောက် တွေ့ဆုံနေပါသနည်း။
“အတုအယောင် တော်လှန်ရေးလုပ်ခဲ့ခြင်းလား” သံသယဖြစ်ဖွယ်ပင်။ “စစ်ကောင်စီနှင့် လက်ခံ တွေ့ဆုံနေသည့် EAOs (၁၀)ဖွဲ့သည် မြန်မာစစ်တပ် နှင့် အမှန်တကယ် ပူးပေါင်းတော့မှာလား သို့မဟုတ် နယ်ခြားစောင့်တပ် လုပ်တော့မှာလား၊ တနည်းအားဖြင့် ဗမာစစ်တပ်၏ နောက်လိုက်သာ ပြုလုပ်တော့မည်လား” မေးခွန်းထုတ်လိုက်ရပါသည်။
စစ်ကောင်စီ၏ နိုင်ငံရေးသက်ဆိုးရှည်အောင် ထောက်တိုင်အဖြစ် တောင့်ခံပေးနေသည့် ခြေတံလက်တံများထဲတွင် တိုင်းရင်းသားအဖွဲ့အစည်းအချို့လည်း ပါဝင်ပတ်သက်နေသည်။
ဖက်ဆစ်စစ်တပ်နှင့်အတူ ၎င်းတို့သည်လည်း မြန်မာ့နိုင်ငံရေးသမိုင်းတရားခံ ကြံရာပါအဖြစ် ရှုမြင်လိုက်ပါက တင်းပြည့်ကျပ်ပြည့် မမှန်သည့်တိုင် မှားမည်မဟုတ်ကြောင်း တင်ပြလိုက်ရပါသည်။
နိဂုံး
မြန်မာနိုင်ငံ၏ နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းရန်အတွက် အချိန်မည်မျှကြာမည်ကို ခန့်မှန်းရန် ခက်ခဲသည်။ ဒီမိုကရေစီပျက်ပြား၍ ငြိမ်းချမ်းမှုမရှိတော့သည့် တိုင်းပြည်၏ အခြေအနေသည်
အဖက်ဖက်တွင် ယိုယွင်းပျက်စီးနေသည်။ ယခုအချိန်တွင် မြန်မာပြည်သူများသည် တချိန်ကရရှိခံစားခဲ့ဖူးသော လွတ်လပ်ခွင့်များ ဆုံးရှုံး၍ ငြိမ်းချမ်းမှုမရှိသော နိုင်ငံထဲတွင် ကြိတ်မှိတ်၍ နေထိုင်နေရသည်။
စစ်တပ်မှ နိုင်ငံတော်အာဏာကို ရယူလိုက်သည့် တစ်နှစ်ခွဲအချိန်တွင် တခါမျှ မကြုံဖူးခဲ့သော အခြေအနေမျိုးနှင့် ရင်ဆိုင်နေရ၍ တိုင်းပြည်လည်း တစ်စတစ်စ ချွတ်ခြုံကျနေသည်မှာ အားလုံးအသိပင် ဖြစ်သည်။ အင်အားစုနှစ်ဖက် အားပြိုင်မှုလွန်ကဲခြင်းကြောင့် တိုင်းပြည်ငြိမ်းချမ်းခြင်း မရှိဘဲ ပြည်သူများက စီးပွားရေးအလုပ်အကိုင်များ ကျဆင်းလာခြင်းနှင့်အတူ လုံခြုံမှုလည်း ကင်းမဲ့နေသည်။ နိုင်ငံတည်ငြိမ်မှုမရှိခြင်းကြောင့် စီးပွားရေး ပြန်လည်ဦးမော့ရန်လည်း လွယ်ကူမည် မဟုတ်တော့ပေ။ လက်ရှိဖြစ်ပွားနေသော စစ်ရေးပဋိပက္ခများ ရပ်တန့်ရန် အလားအလာ မရှိသေးသည့်အပြင် ပိုမိုပြင်းထန်လာနိုင်ကြောင်း သုံးသပ်နိုင်သည်။ ထို့ကြောင့် မြန်မာပြည်သူတို့က စစ်ဘေးနှင့် ဆင်းရဲမွဲတေမှုဒဏ်ကို ဆက်လက်ခံစား ရပေဦးမည်။ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး ပြန်လည်ရရှိရန် မြန်မာပြည်သူတို့ တော်လှန်ရေးဆင်နွှဲနေသည်နှင့်အလျောက် နိုင်ငံတကာ
အသိုင်းအဝိုင်းတို့ဘက်မှလည်း ထိရောက်သည့် အားဖြည့်ကူညီမှုများ ပိုမိုပေးအပ်ရန် တိုက်တွန်းလိုက်ပါသည်။ စင်စစ် ယခုနိုင်ငံရေးအခြေအနေမှာ ယခင်နှင့် လုံးဝကွဲပြားသွားပြီဖြစ်ရာ ပုံစံအသစ်ဖြင့် ချဥ်းကပ်၍ အားလုံးပါဝင်သော၊ တန်းတူညီမျှမှုရှိသော အခင်းအကျင်းတစ်ခု တည်ဆောက်နိုင်မှသာ ပြဿနာများ ပြေလည်နိုင်မည် ဖြစ်ပါသည်။
ထို့ကြောင့် မည်မျှပင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲပြုလုပ်သော်လည်း ပါဝင်သင့်ပါဝင်ထိုက်သူများ ပါဝင်ခဲ့ခြင်းမရှိပါက အဖြေမထွက်နိုင်ပါ။ အတွေ့အကြုံပေါင်း မြောက်မြားစွာ ကြုံတွေ့ခဲ့ရပြီး ဖြစ်သည်။
တိုင်းရင်းသားအဖွဲ့များကို အချိုသပ်ပြီး PDF များအား အပြုတ်တိုက်မည်ဟု ကြံရွယ်သည့် ငြိမ်းချမ်းရေး ကမ်းလှမ်းမှုသည် နိုင်ငံရေးထွက်ပေါက် ရရှိရန် ကြိုးပမ်းမှုတခုသာ ဖြစ်သည်။ မြန်မာပြည်တွင်း ပဋိပက္ခများအား ဖြေရှင်းရန်အတွက် ပါဝင်သင့် ပါဝင်ထိုက်သူများ အားလုံး ပါဝင်ဆွေးနွေးရန် အာဆီယံနှင့် နိုင်ငံတကာ၏ တောင်းဆိုမှုကို မပြုလုပ်ပါက စစ်ကောင်စီက ပြည်ပအသိုင်းအဝိုင်း၏ ဝိုင်းကျဉ်မှုကို ဆက်လက်ခံရမည်ဖြစ်ကာ ပြည်တွင်းရှိ ပြည်သူများ၏ လူမှုစီးပွားဘဝလည်း တနေ့တခြား ခြွတ်ခြုံကျ၍ တိုင်းပြည်လည်း ဆင်းရဲတွင်းနက်သွားမည့် အလားအလာ ရှိပေသည်။
မာံသဟာဲ (မင်းစဟိုင်း) ရေးသားသည်
ကိုးကား - RICE, လစဉ်ငြိမ်းချမ်းရေးသုံးသပ်ချက်