ပြိုပျက်သည်မှာ ၁ နှစ်ကျော်ရှိလာပြီဖြစ်သော်လည်း ရသေ့တောင်မြို့၊ ချောင်းဝရပ်ကွက်၊ ကမ်းနားလမ်းကို စစ်ကောင်စီက ဘတ်မရှိဟု အကြောင်းပြကာ မပြုပြင်ဘဲပစ်ထားသည်ဟု သတင်းရရှိသည်။
ဒေသခံတစ်ဦးက “ ဒီကမ်းနားလမ်း ကမ်းပါပြိုကျမှုကို ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်က ကျပ်သိန်း (၇၀၀၀)အကုန်ကျခံပြီး ပြန်လည်ပြုပြင်မယ်လို့ ဒီလမ်းပြိုပျက်တာကို လာကြည်ခဲ့တဲ့ ရခိုင်ပြည်နယ် စစ်ကောင်စီ တာဝန်ရှိသူတွေ ပြောခဲ့တယ်။ အခုတော့ ဘတ်ဂျက်ငွေ မလုံလောက်ဘူးဆိုပြီး အခုအချိန်ထိ မပြုပြင်ဘဲ ဒီအတိုင်းပစ်ထားတယ်” ဟု ပြောသည်။
၎င်းကမ်းနားလမ်းမှာ ၂၀၂၁ ခုနှစ်အစောပိုင်းက လမ်းအလယ်တည့်တည့်မှ အက်ကွဲကြောင်းကြီး ဖြစ်ပေါ်လာပြီး ချောင်းကမ်းနားဘက်သို့ တစ်ဖြည်းဖြည်းပြိုကျလာခဲ့သဖြင့် သွားလာသူများနှင့် အနီးအနားရှိ အိမ်များအတွက် အန္တရာယ်ရှိနေသည်ဟု သိရသည်။
“ ဒီလို လမ်းပေါ်မှာ အက်ကွဲကြောင်းကြီးဖြစ်နေပြီး လမ်းတစ်ခြမ်းက ချောင်းဖက်ကို တအိအိနဲ့ နိမ့်ဆင်းလာတာ အန္တရာယ်ရှိနေတယ်။ ဒါ့ပြင် တစ်ခြားတစ်ဖက်မှာလည်း မြို့အင်္ဂါရပ်နဲ့ မညီ ဖြစ်နေတယ်။ မြင်မကောင်း၊ ရှုမကောင်းဘူးပေါ့။ ဒီလမ်းကို ပြုပြင်ဖို့ အကြိမ်ကြိမ် အထက်ကို တင်ပြတယ်။ သူတို့ကိုယ်တိုင်လည်း လာကြည့်တယ်။ နာမည်တွေတပ်ပြီးတော့ မပြောတော့ပါဘူး။ ဒါပေမဲ့ သူတို့က ပြုပြင်ပေးမယ်။ ပြုပြင်ပေးမယ်သာပြောတယ်။ တစ်ခါမှ ပြင်တာမရှိဘူး။ စစ်ကောင်စီလက်ထက်မှာ မြို့ရွာ တိုးတက်ဖွံ့ဖြိုးရေး လုပ်ငန်းတွေက အရင်နဲ့စာရင် ပိုပြီး အခက်အခဲဖြစ်လာတာကို တွေ့နေရတယ်” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။
အဆိုပါ ကမ်းနားလမ်းမှာ အရှည်ပေ ၂၀၀၀၊ အကျယ် ၁၈ ပေရှိကာ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ်က ကျပ်သိန်း ၂ ထောင်အကုန်ကျခံ၍ ကွန်ကရစ်လမ်းအဖြစ် တည်ဆောက်ခဲ့ပြီး လက်ရှိတွင် ပေ ၂၀၀ ခန့်အထိ ချောင်းထဲသို့ ပြိုဆင်းနေကြောင်း သိရသည်။
ပြိုပျက်နေသည့် ကမ်းနားလမ်းကို ယခုနှစ် အောက်တိုဘာလအတွင်း ပြုပြင်ရန် မြစ်ချောင်းထိမ်းသိမ်းရေးဌာနက နေပြည်တော်သို့ တင်ပြထားသည်ဟုသိရသော်လည်း ဒီဇင်ဘာလသို့ ရောက်သည်အထိ မပြုပြင်နိုင်သေးကြောင်း ရသေ့တာင်မြို့၊ ချောင်းဝရပ်ကွက်မှ မြို့ခံတစ်ဦးက ပြောဆိုသည်။
"လောလောဆယ်မှာတော့ ကျွန်တော်သိရသလောက်က ပြီးခဲ့တဲ့ ဇွန်လလောက်ကနေ မြစ်ချောင်းထိမ်းသိမ်းရေးဌာနက ပြုပြင်ဖို့ဒီဇိုင်းကို နေပြည်တော်ရုံးချုပ်ကိုတင်ပြထားတယ်လို့ သိရတယ်။ ရုံးချုပ်က စစ်ဆေးအတည်ပြုမှု ခံယူနေတယ်လို့ သိရတာပေါ့။ အဲ့ဒါတွေ ပြန်ကျ လာရင်တော့ ကျွန်တော်တို့က တင်ဒါခေါ်ပြီးတော့ အစောဆုံး ဒီနှစ် ၁၀ လပိုင်းလောက် ပြန်ပြုပြင်မယ်ပေါ့။ ဒါပေမဲ့ ရုံးချုပ်ကစစ်ဆေးအတည်ပြုမှုခံယူနေတာ ကျမလာသေးတာလား။ နိုင်ငံရေးအခြေအနေမကောင်းလို့ အတည်ပြုချက်မရသေးတာလားတော့ မပြောတတ်ဘူး။ အောက်တိုဘာ လအတွင်းပြန်ပြုပြင်မယ်ဆိုတာ အခုချိန်ထိ နှစ်ကုန်တော့မယ် ပြန်မပြင်ရသေးပါဘူး" ဟု ပြောသည်။
ကမ်းနားလမ်းမှာ ရသေ့တောင်မြို့၏ မြို့မျက်နှာစာလမ်းတစ်ခုဖြစ်ပြီး ကမ်းပါပြိုကျနေ၍ အနီးအနားရှိ အိမ်များ၊ လမ်းသွားလမ်းလာများအတွက် အချိန်မရွေးအန္တရာယ်ကျရောက်လာနိုင်သည့်အတွက် အမြန်ဆုံးပြုပြင်ပေးသင့်သည်ဟု တစ်ခြားရသေ့တောင် မြို့ခံတစ်ဦးကလည်း ပြောဆိုသည်။
"လမ်းကတော့ ကားတွေသွားလာလို့မရတော့ဘူး။ လူတွေကတော့ သွားလာနေကြတယ်။ လူတစ်ယောက်လောက်တော့ သွားလာလို့ရတာတော့ရှိတယ်။ ဒါပေမဲ့ အနီးအနားက အိမ်ခြံစည်းရိုးကို ကိုင်ပြီးမှ သွားလာလို့ရတယ်။ လမ်းနဲ့သက်ဆိုင်တဲ့လူတွေကတော့ အောက်တိုဘာလမှာ ပြန်ပြုပြင်မယ်ဆိုပြီး ဇွန်လလောက်ကနေ လမ်းကိုလာတိုင်းတာကြတယ်။ ပြန်သွားကြတယ်။ အဲ့ဒီလို မကြာမကြာလာတိုင်းကြတာတွေတော့ရှိတယ်။ ဘယ်အချိန်ပြန်ပြုပြင်ပေးမလဲ ကျွန်တော်လည်း မသိရဘူး။ အခုချိန်ထိတော့ မပြုပြင်ရသေးဘူး" ဟုပြောသည်။
လက်ရှိတွင် အဆိုပါကမ်းနားလမ်းတွင် လမ်းသွားလမ်းလာများအတွက် သွားလာရ လုံးဝ အဆင်မပြေတော့သလို ဘေးအန္တရာယ်လည်း ကျရောက်လာနိုင်သည့် အတွက် လမ်းသွားလမ်းလာများနှင့် အနီးအနားရှိ နေအိမ်များကို သတိထား သွားလာနေထိုင်ကြရန် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က မကြာခဏ သတိပေးဆော်သြမှုများ ပြုလုပ်နေရသည်ဟု သိရသည်။