ရခိုင်ပြည်တွင် လျှပ်စစ်မီး အချိန်ကြာမြင့်စွာ မကြာခဏပြတ်တောက်နေသောကြောင့် ဒေသခံပြည်သူများသည် မိမိတို့၏ လုပ်ငန်းဆောင်တာများ ပုံမှန်လည်ပတ်နိုင်ရန် နေရောင်ခြည်စွမ်းအားဖြည့် ဆိုလာလျှပ်စစ်စနစ်ကို အသုံးပြုမှု များပြားလာနေကြကြောင်း သိရသည်။
“အခုခေတ်က လူတိုင်းနီးပါး လျှပ်စစ်မီးနဲ့ အလုပ်လုပ်နေရတာလေ။ အနည်းဆုံးတော့ ညနေမီးထွန်းဖို့ပဲဖြစ်ဖြစ်၊ ဖုန်းအားသွင်းဖို့ပဲဖြစ်ဖြစ် လျှပ်စစ်မီးက လိုအပ်တာပေါ့။ ဒါကြောင့်မို့ အခုလို လျှပ်စစ်မီးပုံမှန်ပျက်နေပုံနဲ့သာဆိုရင် ဘယ်သူမဆို ဆိုလာပြားဝယ်ယူသုံးစွဲရမယ့် အခြေအနေလို့ ထင်ပါတယ်”ဟု ကျောက်ဖြူဒေသခံ ကိုဇင်မွန်စိုးကပြောသည်။
စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်း လျှပ်စစ်မီးရရှိမှု၊ ဖြန့်ဖြူးမှုသည် ပုံမှန်မရှိဘဲ လျှပ်စပ်မီးပြတ်တောက်နေကာ တစ်ကြိမ်လျှင် အနည်းဆုံး ၂ နာရီမှ ၄ နာရီအထိ ပြတ်တောက်နေခြင်းဖြစ်သည်။
လက်ရှိ အီလက်ထရောနစ်စျေးကွက်တွင် ဆိုလာပြားနှင့် ဆက်စပ်ပစ္စည်းများဖြစ်သည့် ဘက္ထရီအိုး၊ အင်ဗာတာ၊ မီးသီး စသော လျှပ်စစ်သုံးပစ္စည်းများကို ဝယ်ယူသူများလာသည့်အတွက် ယခင်ကထက် နှစ်ဆနီးပါးအထိ ရောင်းအားကောင်းနေကြောင်း သိရသည်။
“ရောင်းအားတက်တာကတော့ ဒီ မီးပျက်လာတဲ့နောက်ပိုင်း ပိုတက်တာပေါ့။ အခုက မီးက အချိန်မမှန်သလို မီးရတဲ့အချိန်ကလည်း နည်းလာတော့ ဆိုလာမီးကို ပြောင်းသုံးကြတဲ့ သဘောပါ''ဟု ကျောက်ဖြူမြို့ရှိ လပ်ကီးလျှပ်စစ်ပစ္စည်းအရောင်းဆိုင်ပိုင်ရှင်တစ်ဦးဖြစ်သူ ကိုထက်ဇော်ထွန်းက ပြောသည်။
ယခင်က ဆိုလာနှင့် ဆက်စပ်ပစ္စည်းများကို ကျေးလက်နေပြည်သူများကသာ အများဆုံးဝယ်ယူအသုံးပြုခဲ့ကြသော်လည်း လျှပ်စစ်မီးပြတ်တောက်မှု များလာသည့်နောက်ပိုင်း မြို့ပေါ်နေထိုင်သူများက အများဆုံးဝယ်ယူအသုံးပြုလာနေကြောင်း ဆိုင်ပိုင်ရှင်များကပြောသည်။
ယင်းအပြင် ယခင်က ဝပ်အား ၁၅၀ အောက်ရှိသည့် ဆိုလာပြားများသာ ရောင်းချမှုရှိခဲ့သော်လည်း လက်ရှိတွင် ဝပ်အား ၃၀၀ နှင့် ဝပ်အား ၅၀၀ ကြားရှိသော ဆိုလာပြားများကို ဝယ်ယူသုံးစွဲမှုများ ရှိလာနေကြောင်း သိရသည်။
စစ်တွေမြို့ အာရှတံခွန် လျှပ်စစ်ပစ္စည်း အရောင်းဆိုင်ပိုင်ရှင် ဦးကျော်ဝင်းက ” ဒီဘက်ကျတော့ အခု အများဆုံးရောင်းဖြစ်တဲ့ ပစ္စည်းတွေက ဘက်ထရီအိုးတွေ၊ အင်ဗာတာတွေနဲ့ အားသွင်းထားလို့ရတဲ့ မီးသီးလေးတွေကို လာဝယ်ကြတာရှိပါတယ်"ဟု ပြောသည်။
စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာတစ်နိုင်ငံလုံးတွင် မကြာခဏ လျှပ်စစ်မီးပြတ်တောက်မှုများ ဖြစ်ပေါ်လာကာ လက်ရှိ ရခိုင်ပြည်တွင်လည်း လျှပ်စစ်ဓာတ်အားပြတ်တောက်မှုမှာ တစ်နေ့လျှင် နှစ်ကြိမ်ခန့် အချိန်ကြာမြင့်စွာပြတ်တောက်မှု ဖြစ်ပေါ်လျက်ရှိသည်။
ယခင်နှစ်ကာလအတွင်း ဆိုလာနှင့် ဆက်စပ်ပစ္စည်းများရောင်းအားသည် ဝယ်ယူသူနည်းပါးခဲ့သော်လည်း ယခုနှစ်အတွင်းတွင် ဆိုလာနှင့် ဆက်စပ်ပစ္စည်းရောင်းအားသည် ပို၍မြင့်တက်လာနေကြောင်း သိရသည်။
စစ်တပ်က အာဏာသိမ်းယူပြီးနောက် လျှပ်စစ်မီးပြတ်တောက်မှုသာမကဘဲ လူသုံးကုန်ပစ္စည်းများ စျေးနှုန်းအဆမတန်မြင့်တက်မှုကို ပြည်သူများကြုံတွေ့နေကြရသည်။