အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ ကိုယ်စားလှယ် နှစ်ဦးနှင့် ဒေသခံ လေးဦး၏ ဖမ်းဝရမ်းကြော်ငြာပါ ဗီနိုင်းများကို ဟင်္သာတခရိုင်အတွင်း လမ်းဆုံလမ်းခွများတွင် စစ်ကောင်စီက လိုက်ကပ်နေသည်ဟု ဒေသခံများက ပြောသည်။
NLD ပါတီက ဟင်္သာတမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအေးမင်း နှင့် လေးမျက်နှာမြို့နယ် က ပြည့်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဇော်မင်းသိန်းတို့ အပါအဝင် ဟင်္သာတ မြို့ခံ ၄ ဦး၏ ဓါတ်ပုံများ ပါသည့် ဖမ်းဝရမ်းဗီနိုင်းများကို ဟင်္သာတမြို့နှင့် လေးမျက်နှာမြို့တို့တွင် လိုက်ကပ်နေခြင်းဖြစ်သည်။
“ဒီဇင်ဘာ လဆန်းပိုင်း ၁ ရက်နေ့ နဲ့ ၂ရက်နေ့က လိုက်ကပ်နေတာပါ။ လာကပ်တဲ့ သူတွေထဲမှာ စစ်တပ်ကရော ရဲတပ်ဖွဲ့ကရော ပါတယ်။ အုပ်ချုပ်ရေးအဖွဲ့နဲ့ မီးသတ်တွေလည်း ပါတယ်” ဟု လေးမျက်နှာ မြို့ခံတစ်ဦး က ပြောသည်။
လွှတ်တော်ကိုယ်စားလှယ်များအပြင် မသင်းရွှေစင်လှိုင် ဆိုသည့် လူငယ်အမျိုးသမီး တစ်ဦးအပြင် ကိုမျိုးသူရကိုကို၊ ကိုရဲရင့်မောင်နှင့် ဦးမောင် မောင်စန်း ဆိုသူတို့၏ ဓါတ်ပုံများ ပါသည့် ဖမ်းဝရမ်း ဗီနိုင်းများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက လိုက်ကပ်နေခြင်း ဖြစ်သည်ဟု ဟင်္သာတမြို့ခံများက ပြောသည်။
စစ်ကောင်စီ၏ စစ်သားများ၊ ရဲများနှင့် ထွေ/အုပ် ဝန်ထမ်းများ ပါဝင်သော အဖွဲ့က ဦးဆောင်ကာ အဆိုပါ ဗွီနိုင်း စိုက်ထူရန် မြေကျင်းကို မီးတပ်ဖွဲ့ဝင်များနှင့် ပျူစောထီးများက မြေကြီးတူးကာ စိုက်ထူပေးနေကြခြင်း ဖြစ်သည်ဟု မျက်မြင်တွေ့ရှိသည့် ဟင်္သာတမြို့ခံ အချို့က ပြောသည်။
ဟင်္သာတမြို့နယ် စိုက်ပျိုးရေး ဘဏ်ရှေ့၊ တရားရုံးရှေ့၊ မြို့အဝင်ဂိတ်နှင့် လူစည်ကားသည့် နေရများတွင် ဖမ်း ဝရမ်း ဗွီနိုင်းကို ကပ်ခြင်းဖြစ်ပြီး ဗွီနိုင်း၏ အပေါ်ဆုံးနေရာတွင် “အကြမ်းဖက် လုပ်ငန်းများ
လုပ်ဆောင် နေသော အကြမ်းဖက် တရားခံပြေးများ၏ အမည်စာရင်း” ဟု ရေးသားထားသည်ဟု ဟင်္သာတမြို့ခံ များက ပြောသည်။
နိုင်ငံရေး တက်ကြွလှုပ်ရှားသူ တစ်ဦးက “အကြမ်းဖက် အာဏာသိမ်းတဲ့ စစ်တပ်က အကြမ်းဖက်ခံရတဲ့ ပြည်သူ ကို အကြမ်းဖက် လုပ်ရပ်တွေ လုပ်တယ်ဆိုပြီး ဖမ်းဝရမ်းထုတ်စာ ကပ်တာက ဗြောင်လိမ်တာဗျ” ဟု ပြော သည်။
ဖမ်းဝရမ်းထုတ်ခံရသည့် ဦးမောင်မောင်းဆန်း၊ ဦးဇော်မင်းသိန်း နှင့် ဦးအေးမင်း တို့မှာ အသက် ၄၅ နှစ်မှ ၄၉ နှစ် ကြားရှိသူများ ဖြစ်ပြီး ကိုမျိုးသူရကိုကို၊ ကိုရဲရင့်မောင် နှင့် မသင်းရွှေစင်လှိုင်တို့မှာ အသက် ၂၇ နှစ် မှ ၃၂ နှစ် အကြားရှိ လူငယ်များဖြစ်သည်ဟု ဒေသခံများက ပြောသည်။
စစ်ကောင်စီက တရားခံပြေးဟု ဆိုကာ ဖမ်းဝရမ်း ဗွီနိုင်း အကပ်ခံရထားသည့် ၎င်းတို့ ၆ ဦးမှာ စစ်သားများ၊ ရဲ တပ်ဖွဲ့ဝင်များက လိုက်လံဖမ်းဆီးနေသောကြောင့် မြို့မှ တိမ်းရှောင်သွားသည်မှာပင် ၂ နှစ်နီးပါးရှိနေပြီဟု ဆို သည်။
ထို့အပြင် ၎င်းတို့ နေထိုင်ခဲ့သည့် မိသားစုပိုင်အိမ်နှင့် ခြံမြေများမှာလည်း စစ်ကောင်စီက ချိပ်ပိတ် သိမ်းဆည်းထားသည်ဟု ဒေသခံများက ပြောသည်။